Fixed Mindset ကို မုဒိတာဖြင့်ကျော်လွှားနိုင်ရေး

အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ
8/12/2026
Fixed Mindset ကို မုဒိတာဖြင့်ကျော်လွှားနိုင်ရေး

★ အဓိကကတော့ မုဒိတာအလေ့အကျင့်ဖြစ်အောင် မုဒိတာအကြောင်းပြောပြီးတော့ မုဒိတာလေ့ကျင့်ဖို့ပါပဲ။ psychology မှာရော၊ တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံရေးမှာရော ခန္ဓာကိုယ်ရဲ့ကျန်းမာရေးက မုဒိတာက အင်မတန်မှ အကျိုးများတယ် ဆိုတဲ့ဟာကို သိစေချင်လို့ မုဒိတာအကြောင်းတွေပဲ ဘုန်းဘုန်း နေ့တိုင်း နေ့တိုင်း ဟောပါတယ်။ 

★ ဒီနေ့ မန္တလာတက္ကသိုလ်မှာ မုဒိတာ အတူတူလာရောက်လေ့ကျင့်ခွင့်ရတာ ဘုန်းဘုန်းအနေနဲ့ သိပ်ပြီးတော့ ဂုဏ်ယူပါတယ်။ မုဒိတာရှိရင် နံပါတ်တစ် stress management ကောင်းတယ်ပေါ့။ နောက်ပြီးတော့ ကိုယ့်လုပ်ငန်းမှာ ကိုယ်ပျော်တယ်ပေါ့။ 

★ အရင်တုန်းက ကျောင်းမှာပျော်၍ စာတော်ရမည် ဆိုတာလေ ဘုန်းဘုန်းက ရိုးရိုးပဲ နားလည်တယ်။ ဒါပေမဲ့ မုဒိတာနဲ့ psychology နဲ့ neurology နဲ့ အဲဒါတွေအားလုံးကို လေ့လာကြည့်တဲ့အခါမှာ ဗုဒ္ဓမြတ်စွာဘုရားဟောထားတဲ့ မုဒိတာ ဘုန်းဘုန်းတို့က သတိမမူလို့ ဂူမမြင်ဘဲနဲ့ သူ့ရဲ့တန်ဖိုးကို မသိတာပါလား။ 

★ နောက်တစ်ခုကတော့ မုဒိတာဆိုရင် ကိုယ်ကိုယ်ကိုယ် automatic ခံစားနိုင်ရမယ်လို့ အဲဒီလို ယူဆထားတာ။ အလိုအလျောက် ဝမ်းသာမှုက ကိုယ့်ရဲ့ စိတ်ထဲမှာ အလိုအလျောက်ရောက်လာမှာပဲ၊ ဘာဖြစ်လို့တုန်းဆို ကိုယ့်ရဲ့အလုပ်တွေကို ကိုယ် ကြိုးစားပြီတော့လုပ်တယ်။ 

★ ကျောင်းသားကျောင်းသူတွေ ဆိုရင်လည်း သူတို့ရဲ့အလုပ်၊ ဆရာဆရာမတွေ admin တွေဆိုရင်လည်း ကိုယ့်ရဲ့အလုပ်၊ အဲဒီလိုလုပ်တဲ့အခါကျတော့ we feel we deserve happiness. ပျော်ရွှင်မှု ကိုယ်က ထိုက်တန်တယ်၊ ဘာမှ နောက်ထပ်လုံ့လစိုက်ဖို့ မလိုတော့ဘူး။ Happiness အကြောင်း လေ့လာဖို့ မလိုတော့ဘူး၊ ဒီလိုပဲ မှတ်ထားခဲ့တာပေါ့။ 

★ မုဒိတာကို မြတ်စွာဘုရားက သီးသန့် psychological exercise အနေနဲ့ ပါဠိလိုအနေနဲ့ပြောရင်တော့ ဘာဝနာတစ်ခုအနေနဲ့ ထားခဲ့တယ်ဆိုတာ ကိုယ်က မေ့နေတာ။ အရေးမကြီးဘူးဆိုရင် ဘယ်လိုလုပ်ပြီးတော့ သီးသန့်ထားခဲ့မှာတုံး။ အခု သီးသန့်ထားတဲ့တာ မေတ္တာနဲ့တန်းတူထားခဲ့တာ။ ကရုဏာနဲ့တန်းတူ ထားခဲ့တာ။ အဲဒီလိုထားတဲ့အခါကျတော့ ဘုန်းဘုန်းလည်း explore လုပ်တာပေါ့နော်။ 

★ 1998 တုန်းက အင်္ဂလန်နိုင်ငံ ဘာမင်ဂန်မြို့မှာ မြန်မာဆရာဝန်တွေနဲ့ ၇ရက် ၈ရက် တရားထိုင်ရင်းနဲ့ စတင်ပြီးတော့ အနည်းအကျဥ်းလေ့ကျင့်မိတာ။ လုပ်ဖြစ်တဲ့အခါဆိုရင် စိတ်ထဲမှာ ပေါ့ပါးတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်ပေါ့၊ confidence ရှိတယ်ပေါ့။ 

★ အဲဒါနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်အောင် ကလေးတွေကို ဘယ်လိုသင်တုံးဆို ဒါ အနောက်နိုင်ငံမှာ အထူးသဖြင့်တော့ အင်္ဂလန်မှာပေါ့၊ ဘုန်းဘုန်းနေခဲ့တဲ့ နှစ်အစိတ်လောက်အတွင်းမှာ လေ့လာကြည့်တဲ့အခါကျတော့ အနောက်တိုင်း psychology မှာ ကလေးတွေ သူတို့ကိုယ် သူတို့ self-confidence ရှိအောင်ဆိုရင် self-esteem ဆိုတဲ့ဟာလေး သင်ပေးတယ်။ 

★ Self-esteem က program တစ်ခုပါ။ အဲဒါ ကျောင်းမှာရော အိမ်မှာရော ဒီဟာနဲ့ပတ်သက်ပြီးတော့ နိုင်ငံရေးအတွေးအခေါ်မှာ သူတို့က ဆိုရှယ်ဒီမိုခရက်ဆိုတာ ပေါ်လာတယ်။ဆိုရှယ်ဒီမိုခရက်က individual (တဦးချင်း) ကို ဦးစားပေးတယ်။ individual ရဲ့အလိုကို ဦးစားပေးတယ်။ community (အဖွဲ့အစည်း) ရဲ့ အလိုနဲ့ individual ရဲ့ အလိုဆိုရင် individual ကို ဦးစားပေးတာပေါ့။ 

★ ကွန်မြူနစ်ဝါဒမှာဆိုရင် ဘုံရဲ့လိုအပ်ချက်က အဓိက။ အဲဒီဟာနဲ့ ဆန့်ကျင့်ဖက်ပေါ့။ ဒါကြောင့် self-esteem ဆိုတာက ကိုယ့်ကိုယ်ကိုယ်ဆိုတာ၊ ဥပမာ အမျိုးသမီးလေးတွေ ကိုယ်စိတ်ကြိုက် ဝတ်ဆင်တယ်၊ အလှပြင်သွားတယ်ဆို ကိုယ့်မှာ self-esteem ရှိတယ်ပေါ့။ လူကြားသူကြားထဲမှာ ရဲရဲရင့်ရင့် သွားလာရဲတယ်၊ စကားပြောရဲတယ်၊ လူတွေနဲ့ ဆက်ဆံရဲတယ်၊ လုပ်ဆောင်ရဲတယ် အဲဒီလို။

★ အဲဒီတော့ self-esteem ကို တည်ဆောက်တဲ့နေရာမှာ ကလေးတွေကို ကိုယ့်ရဲ့အကြောင်း၊ သူတို့ရဲ့လိုအပ်ချက်၊ အဲဒါ အဓိကပဲ။ အဲဒီလိုလုပ်ရင်းနဲ့ ကလေးတွေကတော့ ကိုယ့်ကိုယ်ကိုယ်တော့ ယုံကြည်မှုတော့ ရှိလာပါရဲ့ ဒါပေမဲ့ side effect က ဘာဖြစ်တုန်းဆိုတော့ ကလေးတွေက self-centered ဖြစ်လာတယ်။ 

★ Self-centered ဆိုတာ ကိုယ်ကျိုးဆန်တာ။ ကိုယ်တစ်ယောက်တည်းကိုပဲ ကြည့်တော့တယ်။ မောင်နှမအချင်းချင်းတောင်မှ self-centered ဖြစ်တဲ့လူများလာရင် စကားပြောတာ အဆင်မပြေတော့ဘူး။ နောက်ပိုင်းကျတော့ မိဘတွေနဲ့လည်း အဆင်မပြေတော့ဘူး။ ကိုယ်ဖြစ်ချင်တဲ့ဟာပဲ ကိုယ်ကြည့်တဲ့အခါကျတော့ မိဘက အသက်ကြီးသွားတာ၊ အဆင်မပြေတာ၊ အထီးကျန်တာ၊ အဲဒါတွေ ဂရုမစိုက်တော့ဘူး။

★ အဲဒါကြောင့်မို့လို့ မိသားစုဝင်တွေလည်းပဲ ဝေးသွားကြတာ။ စိတ်ခံစားမှု emotion အနေနဲ့ ဝေးသွားကြတာပေါ့ အနောက်နိုင်ငံမှာ။ အဲဒါကြောင့် self-esteem ကို အစားထိုးဖို့ဆိုပြီးတော့ သူတို့က အခုဘာလုပ်တုန်းဆိုတော့ ၁၀နှစ်ကျော် နှစ် ၂၀ နီးပါးပဲ ရှိသေးတယ်။

★ Prof.Kristin Neff ဆိုတာ Texas တက္ကသိုလ်က ဆရာမကြီး သူကနေပြီးတော့ ဒီ self-esteem ကို အစားထိုးတဲ့အရာတစ်ခု၊ research လည်းလုပ်တယ်၊ ကိုယ်တွေ့အနေနဲ့လည်း သူလေ့ကျင့်တယ်။ သူ နာမည်ကြီးတဲ့ သူ့ရဲ့ project အပြင်မှာလည်း သူက လူတွေကို သင်ပေးပါတယ်၊ တက္ကသိုလ်မှာတင်မကဘူး။ 

★ အဲဒါတော့ ဘာတုန်းဆိုတော့ self-compassion ကိုယ့်ကိုယ်ကိုယ် ကရုဏာထားတာ။ အမှန်ဆို သနားတယ် ကရုဏာ ထားတယ်ဆိုတာ သူများကိုပဲ ဘုန်းဘုန်းတို့က သတိရလေ့ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် မေ့နေတတ်တယ်။

★ ဒီဆရာမကြီးကတော့ သူ့ရဲ့ကိုယ်တွေ့အရ University of California, Berkeley မှာ Phd ပြီးခါစမှာ သူ့ကိုယ်ရေးကိုယ်တာ အခက်အခဲတွေနဲ့ ကြုံရတာပေါ့။ အဲဒီအချိန်မှာ အိမ်ထောင်ပျက်တယ်၊ နောက်ပြီးတော့ စကောလားရှစ် ကုန်သွားတဲ့အခါကျတော့ အလုပ်ရှာရမယ်။ အဲဒီလို ပြဿနာတွေနဲ့ ကြုံရတဲ့အခါမှာ ဆောက်တည်ရာမရဖြစ်သွားတာပေါ့။ 

★ သူကိုယ်တိုင်ကကိုက Phd နဲ့ clinical psychologist နဲ့ သူသင်ထားတဲ့ဟာတွေ ထုတ်သုံးတာ တရားမထိုင်ဘူး‌သေးတဲ့ ကိုရင်တွေ ဦးဇင်းလေးတွေလို၊ ပရိယတ်စာတွေတော့ အများကြီးဖတ်ထားတယ်၊ စိတ်ညစ်တဲ့အခါမှာ အဲဒီစာနဲ့ အသုံးပြုကြည့်တာလေ သူက အတိုင်းအတာ တစ်ခုထိပဲရတယ်။ transform မလုပ်နိုင်ဘူး။ 

★ ဒီဆရာမကြီးလည်း ဒီတိုင်းပဲ၊ သူ Phd အထိ ထိပ်တန်းတက္ကသိုလ်ကနေ ရထားတဲ့ အသိဉာဏ်က သူ့ကို အကူအညီမပေးဘူး။ အဲဒါနဲ့ သူတို့ရဲ့ကျောင်းနားမှာ စျာန်ဗုဒ္ဓဘာသာ စင်တာတစ်ခုရှိတယ်။ အဲဒီမှာ ဒီနားမှာ လူတွေသွားကြတယ်‌။ တွေ့တော့ တွေ့ဖူးတယ်။ သူကတော့ တခါမှ စိတ်မဝင်စားဘူး။ 

★ အဲဒီအချိန်ကျတော့ ထွက်ပေါက်ရှာနေတဲ့အချိန်ဆိုတော့ အဲဒီရောက်သွားတာ။ သူများတွေလို တရားသွားထိုင်တယ်။ ၁၀မိနစ်လောက် သွားထိုင်တဲ့အခါကျတော့ တရားပြတာ ဆရာမကြီးတစ်ယောက်ကပြတာ။ သူပြောတာ သူနားထဲကနေ လက်မခံနိုင်ဘူး။ 

★ Self-compassion လည်းဖြစ်ရမယ်၊ ကိုယ့်ကိုယ်ကိုယ် ကရုဏာထားရမယ်ဆိုတော့ ကရုဏာ ထားတယ်ဆိုတာ သူများကိုထားရမှာ။ ကိုယ့်ကိုယ်ကိုယ် ကရုဏာထားတယ်ဆိုရင်တော့ ဒါ self-indulgent ကိုယ့်ကိုယ်ကိုယ် ညှာတာတာ၊ ကိုယ့်ကိုယ်ကိုယ် ညှာတာရုံမကဘူး၊ ဇိမ်ခံရာ ရောက်တယ်ပေါ့။ သူ့စိတ်ထဲမှာ အဲဒီလိုဖြစ်နေတာ။

★ ၁၀မိနစ်၊ ၁၅မိနစ်လောက်ကြာတော့ သူ အရင်တုန်းက နားလည်ထားတဲ့၊ ယူဆထားတဲ့ သီအိုရီနဲ့ concept နဲ့က အရမ်းကို ဆန့်ကျင့်တဲ့ဟာ ခဏခဏကြားခဏခဏကြားရတယ်။ ဘာဖြစ်လို့ self-compassion ဖြစ်ရမှာတုံး။ သူများကို ပေးဖို့ဆိုတာ ကိုယ့်မှာ ပေးစရာရှိမှ၊ ပေးစရာမရှိဘူးဆိုရင် ဘာနဲ့ပေးမှာတုံး။ 

★ သူများကို compassion ဖြစ်တယ်၊ ကရုဏာထားတယ် မေတ္တာထားတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် မေတ္တာ မထားနိုင်သေးဘူးဆိုရင် ကိုယ့်မှာ မေတ္တာမရှိသေးဘူး။ ဘယ်သူ့ကို ဘာသွားပေးမှာတုံး။ ပေးစရာမရှိဘူး။ လက်ဗလာပဲပေါ့။ 

★ အဲဒီ logic အမျိုးမျိုးနဲ့ ပြောတဲ့အခါကျတော့ နောက်ပိုင်းကျတော့ သူက လက်ခံသွားတယ်။ အဲဒီတစ်ထိုင်းအတွင်းမှာပဲ လက်ခံသွားတယ်။ဒါပေမဲ့ scientific သိပ္ပံပညာရှင်ဆိုတော့ ဒီဟာကြီးကို စမ်းကြည့်ရမယ်။ self-compassion ဆိုတာ ဘယ်လိုတုံး။ 

★ အဲဒီမှာ Thich Nhat Hanh ဆိုတဲ့ ဗီယက်နမ်ဆရာတော်ကြီးက ထေရဝါဒပိဋကတ်ကျမ်းစာ အရမ်းကျွမ်းကျင်ပါတယ်။ Princeton university မှာ ထေရဝါဒကျမ်းစာတွေကို သင်ခဲ့တယ် အဲဒီဆရာတော်ကြီးက။ ပါဠိလည်းကျွမ်းတယ်၊ သက္ကတလည်းကျွမ်းတယ်။ အခုတော့ မရှိတော့ဘူး၊ သုံးလေးနှစ်ရှိပြီ ပျံလွန်တော်မူသွားတာ၊ သက်တော် ၉၆ခုနှစ်မှာ။ 

★ အဲဒီတော့ self-compassion မလုပ်နိုင်တဲ့လူတွေက ကိုယ့်ကိုယ်ကိုယ် judge လုပ်တယ်တဲ့။ သူများနဲ့နှိုင်းပြီးတော့ judge လုပ်တယ်။ ငါက ဒါမလုပ်နိုင်ဘူး။ သူက ဒါ လုပ်နိုင်တယ်။ သူက တော်တယ်။ အဲဒီလို။ အဲဒီလိုပြောပြီးတော့ ကိုယ့်ကိုယ်ကိုယ် judgemental ဖြစ်သွားပြီးတော့ ဘာဖြစ်သွားတုန်းဆိုတော့ inferiority complex ဝင်သွားတယ်။ 

★ ကိုယ့်ကိုယ်ကိုယ် အားငယ်သွားတယ်၊ သိမ်ငယ်စိတ်ဝင်သွားတယ်။ ဒါကြောင့်မို့ ဒီနေ့ အဲဒီလို သိမ်ငယ်တဲ့စိတ် ဝင်တယ်ဆိုရင် fixed mindset ဝင်သွားတယ်လို့ ဘုန်းဘုန်းက ပြောချင်တယ်။ 

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်

ပါမောက္ခ ‌ဒေါက်တာအရှင်ဓမ္မသာမိ

🙏🙏🙏

(၁၂.၁၁.၂၀၂၅) မန္တလာတက္ကသိုလ်တွင် ဟောကြားတော်မူခဲ့သော “Fixed Mindset ကို မုဒိတာဖြင့်ကျော်လွှားနိုင်ရေး” ပထမပိုင်း တရားတော် မှ စာစီပူဇော်ပါသည်။