❖ မနာရင် ဝေဒနာမရှိတော့ဘူးလား။ ရှုမှတ်နေရင်းနဲ့ တခါတလေကျရင် အမှတ်တမဲ့နဲ့ သေရင်သေတော့ကွာဆိုပြီး မာန်လျော့တော့ကား အေးသွားတာ။ အေးသွားတော့ နာတာလျော့သွားတာပေါ့နော်။ အအေးဓါတ်ပြန့်သွားတော့ စျာန်ဖြစ်တော့ ပေါ့ပြီးအေးသွားတော့ နိဗ္ဗာန်ထင်ပြန်ရော။ ဝေဒနာဆုံးတယ် ထင်တာ။ မဟုတ်ဘူး။
❖ ခန္ဓာမီးလောင်တုန်းပဲ၊ စျာန်ဘက်လှည့်လောင်နေတာ။ ဗြဟ္မာလိုဖြစ်ပြီး လောင်နေတာပဲ။ အဲဒါ မသိတော့ နိဗ္ဗာန်ထင်ပြီးတော့ ငါ ဝေဒနာ ကျော်နိုင်ပြီ။ ရပြီပေါ့။ ကလေးတွေလာပြောကြတယ်၊ ဘုန်းဘုန်း ဘုရား နောက်တခါထိုင်တော့ ပြန်နာတယ် ဘုရားတဲ့။
❖ အစတည်းက ဟုတ်မှ မဟုတ်တာချည်းကို။ ပြန်နာမှာပေါ့။ အစတည်းက လမ်းကလွဲနေတာချည်းကိုး။ စျာန်က ခဏပဲလေ၊ စျာန်ကကျသွားရင် ပြန်မလာရင် ပြန်နာမှာပဲပေါ့။ စျာန်ပီတိကျတော့ အေးတာကိုး၊ အေးတော့ နာတာ မသိဘူးပေါ့။
❖ တေမိရဇာတ်ကို ဖတ်တော့မှ အဖြေပိုပေါ်တယ်။ တေမိမင်းသားဟာ ဇာတိဿယဉာဏ်ရထားတာ။ ဘုရင်လုပ်ခဲ့လို့၊ နှစ်ပေါင်း ၂၀ လုပ်ခဲ့တော့ အကုသိုလ်များလွန်းလို့ ငရဲမှာ အနှစ် ၈သောင်း ခံခဲ့ရတာကို မှတ်မိနေတာ။ အဲဒီကလွတ်တော့မှ နတ်ဖြစ်။ ဘုရင့်တိုင်းပြည်မှာ ခမည်းတော်ကြီးက ရှင်ဘုရင်၊ ကာသိကရာဇ်မင်းကြီး ရဲ့ သားလာဖြစ်တယ်။
❖ ရင်ခွင်ပိုက်အရွယ်မှာ သူက သိနေတာ။ သူ့ ရင်ခွင်ပိုက်ပြီး အဖေက ဘယ်သူ့ဖြစ်ဖြစ်ပေါ့ ငါ့အာဏာကိုထိလာရင် သတ်စေပဲပေါ့။ အမိန့်ချပြီး သတ်ဖို့ ပုံတွေဖော်နေတာလေ။ ဘယ်လိုသတ် ဘယ်လိုသတ်ဆိုတော့ မျိုးစေ့ကျတာပေါ့။ ကြည့်ပြီးတော့ ကြက်သီးထတယ်။ လူသတ်သမားအိမ်ရောက်နေပြီတဲ့။
❖ သူ့ကိုယ်သူလည်း မှတ်မိတယ်။ အဲဒီလိုလုပ်ခဲ့လို့ ငါ ငရဲကျတာ။ ခံခဲ့ရပြီးပြီနော်။ ကြောက်လွန်းတော့ကား ဘုရင် မလုပ်ချင်တော့ကား၊ ထီးချက်စောင့်နတ်သမီးက ထီးရိပ်အောက်မှာ ပက်လက်လေးထားတုန်း တွေးတာပေါ့။ ဘဝတစ်ခုက အမေတော်ခဲ့တော့ နည်းပေးမယ်သားတဲ့။ အလွယ်လေးပဲလေတဲ့၊ အ အ ယောင်ဆောင်လေ။ အ ရင် ဘုရင်မလုပ်ရဘူး။ လွယ်လွယ်လေးနည်းပေးလိုက်တာ။
❖ အဓိဋ္ဌာနပါရမီခေါ်တယ်။ မိမိစိတ်ကို အခိုင်အမာ တည်ဆောက်တာ။ ဟိုဖက် အန္တရာယ်မြင်ထားတော့ကား စကားပြောလိုက်ရင် ဘုရင်ဖြစ်ရင် ငရဲပြန်ကျမှာ။ နှစ်ဆင့်မြင်ထားတာ။ အဲဒီတော့ အသံမထွက်တော့ဘူး။ မငိုတော့ဘူး။ နို့ဆာလည်း အသံထွက်ရင် ဘုရင်ဖြစ်ရင် ငရဲကျမှာ ကြောက်လို့ နှစ်ဆင့်မြင်ထားတာနော်။ မငိုဘူးဗျာ၊ သေရင်သေတော့ပေါ့နော်။
❖ ဘုရင်ကလည်း အကဲခတ်ပြီးတော့ မတိုက်ပဲထားစမ်း အ အလားဆိုတာ သိရအောင်။ သိတယ် သူ ဆာတာ မငိုဘူး။ သေတာမှ မြတ်အုန်းမယ်တဲ့။ ငရဲတော့ အကျမခံတော့ဘူး၊ အသေခံမယ်ဆိုပြီး သည်းခံတယ်၊ မငိုဘူးဗျာ။ အမေကသိတော့ ခိုးတိုက်ရတာပေါ့နော်။
❖ ၁၆ နှစ်လုံးလုံး နည်းမျိုးစုံစမ်းတာ၊ တော်တော် ပင်ပန်းရှာပါတယ်။ နောက်ဆုံးပိတ် ဘယ်လိုမှ မရတော့မှ သတ်စေပေါ့။ အဲဒီတော့ မိဖုရားကြီးက မင်းကြီးတဲ့ လိုရာဆုတောင်း ပြောထားတယ်လေတဲ့ သားလေးမွေးခါစက။ အေး ဟုတ်တယ်။ တောင်းစေတဲ့။
❖ သားကို ရှင်ဘုရင်အဖြစ် ပေးပါ။ မပေးနိုင်ဘူးတဲ့။ ၇နှစ်ပေးဆိုတာ မပေးနိုင်ဘူး။ ၇ရက်တော့ပေးမယ်တဲ့ ဆိုပြီးတော့ သူ့သားကို ပြောတယ် မ အ မှန်း သိပါတယ် သားရယ်၊ ပြောပါ။ အမေ့ကိုတော့ သနားတယ်၊ ဒါပေမဲ့ မပြောဘူး။ ၁၆နှစ်လုံးလုံးက အဓိဋ္ဌာန်တင်ထားတာကိုး။
❖ နောက်ဆုံးတော့ ပျော့စိစိကြီးလုပ်နေတာ၊ မင်းဝတ်တန်ဆာငါးပါးဆင် ဆင်ပေါ်တင် ပတ်ပြ။ မလှုပ်ဘူး။ ပြီးတော့ ၇ ရက်ပြည့်လည်းပြည့်ရော ရထားထိန်းက တွင်းတူးမြှုပ်သတ်ရမှာဆိုတော့ သူ့ခေါ်သွားတော့ အမေက ပက်လက်လန်ပြီးတော့ မေ့ကျန်ရစ်ခဲ့တာ။
❖ နတ်တွေက မင်္ဂလာတံခါးကနေ မျက်စိလှည့် ခေါ်သွားတယ်တဲ့။ ရသေ့တောဖြစ်မယ့်နေရာ ယူဇနာ ၃၀ တဲ့၊ တစ်ယူဇနာကို ၁၂မိုင် သတ်မှတ်လိုက်ပါ။ အဲဒီတော့ မိုင် ၃၆၀ ဝေးတာပေါ့။ ရောက်သွားတယ်။ အဲဒီရောက်တော့ တွင်းတူမြှုပ်ဖို့ တွင်းတူးနေတဲ့အချိန်မှာ အလောင်းတော်က လက်ကို ဆန့်တန်းလိုက်တယ်ပေါ့။ အားရှိတယ်တဲ့။
❖ သိကြားမင်းကိုယ်တိုင်က အဝတ်အစားတွေ လဲပေးတယ်။ ပြီးတော့မှ ရထားကိုလည်း အားနဲ့ရွှေ့ကြည့်တာ ရတော့ ရထားထိန်းကို သွားပြီး ပုခုံးပုတ်တယ်။ ဘယ်သူ့အတွက် တွင်းတူးတာလဲဆိုတော့ ဘုရင့်သား အ အ ကြီးမြှုပ်မလို့လေ ဆိုပြီး ဇက်ကနဲမော့ကြည့်တော့ အမှတ်တမဲ့ဆိုတော့ လန့်သွားတာ။
❖ ရထားလည်းပြေးကြည့်ရော ဘုရားသားမှန်း သိလည်းသိရော၊ ထိုင်ကန်တော့တာတဲ့၊ တောင်းပန်တာတဲ့။ အဲဒီမှာ ခင်ပွန်းကြီး ၁၀ ပါး ပြစ်မှားရင်တဲ့ ဒဏ်သင့်ပုံကို ဟောတာတဲ့ဗျ။ အဲဒီမှာပါတယ်နော်။ နန်းတော်ပြန်ရအောင် ဘုရင်လုပ်ရအောင်ဆိုတော့ မလုပ်တော့ဘူး။ ငါ က ရသေ့ဝတ်တော့မယ်တဲ့။ သူလည်း ဝတ်ပြရစေပေါ့။ သတင်းပို့လိုက်ပါအုန်းကွယ်လို့ ခိုင်းလိုက်တာနော်။
❖ သိကြားမင်းအကူအညီနဲ့ ကျောင်းလည်းဖြစ်တယ်၊ ရသေ့လည်း ဝတ်တယ်ပေါ့နော်။ မိုင်က ရာကျော်တော့ ရက်ပေါင်းတော်တော်ကြာသွားပုံပေါ်ပါတယ်၊ ရှင်ဘုရင်က အရင်ရောက်လာတယ်။ ဒီမှာအထိုင်ကျနေပြီ၊ ကျောင်းသင်္ခန်းဖြစ်နေပြီ။ အစားကျတော့ကားတဲ့ အံ့သြစရာ ကမ္ဗည်းရွက် ပြုတ်စားတာတဲ့။ ဆားမပါဘူးတဲ့။
❖ ခန္ဓာကိုယ်ကြီးကို မလိုချင်တော့ဘူးလေ။ ဘာမှမလိုချင်တော့ အစားလည်း မမက်မောတော့ဘူး။ သေတောင်သေရမယ့်ဟာကြီးကို အေးချမ်းစွာနေတော့တာ။ စျာအဘိညာဥ်ရနေပြီ၊ ကောင်းကင်ပျံနိုင်နေပြီတဲ့နော်။
❖ ဘုရင်ကြီးရောက်လာတော့ စားစရာချပေးတော့ ကမ္ဗည်းရွက်ပြုတ်လေးတွေ့တော့ နောက်ကပါလာတဲ့ မောင်းမတွေရော ငိုကြတယ်တဲ့။ ဆင်းရဲခံရမလားပေါ့။ ဟိုမှာက ရွှေခွက်နဲ့ စားတာလေ။ ဆီဦးထောပတ်နဲ့စားတာ၊ ဒီမှာပြောင်းပြန်ဖြစ်တော့ ငိုကြတာ။
❖ နောက်မယ်တော်လည်း ရောက်လာတယ်တဲ့။ စကားစစ်ထိုးတာက နန်းတော်ကို ပြန်လက်ခံဖို့၊ ကာမဂုဏ်အာရုံနဲ့ပျော်ဖို့။ တခြားနိုင်ငံက မိဖုရားတွေပါ ခေါ်ပေးမယ်ပြော။ အဲဒီမှာတင် ခမည်းတော်ကြီးတဲ့ သေမယ့်ခန္ဓာကိုယ်ကို သေမယ့်ခန္ဓာကိုယ်နဲ့ ယှဥ်တွဲလို့ သေလမ်းဘယ်လွတ်မလဲတဲ့။ သေလည်းသေ ကိုယ်လည်းသေမှာကြီးကို ထွက်လမ်းဘယ်ရမှာလဲတဲ့။
❖ သူက အသေလွတ်တဲ့တရား လိုချင်တာလေ။ အဲဒီတော့ အဓိပ္ပါယ်မရှိဘူး။ စိတ်ဓါတ်ကျ ဟုတ်သားပဲ။ သေခြင်းတရား ဟောတာက နိုင်သွားတော့ ဘုရင်က ငါလည်း ရသေ့ဝတ်တော့မယ်ကွာတဲ့။ မောင်းကြေးနင်းခတ်ခိုင်းတယ်၊ ဝတ်ချင်တဲ့သူဝတ်ကြတော့တဲ့။
❖ အရက်သားသမား ဆေးသမား စွဲတဲ့ပုဂ္ဂိုလ်သာ ကျန်ခဲ့တာ၊ အကုန်ဝတ်ကြတာ။ တိုင်းပြည်မှာ လူမရှိတော့ဘူး။ ဒီသတင်းကြားတော့ကား တခြား နီးစပ်တဲ့တိုင်းပြည်က ဘဏ္ဍာတွေရှိတယ်တဲ့၊ သွားသိမ်းမယ်ဆိုပြီးတော့လာကြတာ။ လာတော့ မယူရဲဘူးတဲ့။
❖ စျေးဆိုင်တွေကလည်း ဖွင့်ရက်တန်းလန်း ထားပစ်ခဲ့ကြတာ၊ မသိမ်းဘူးတဲ့။ နန်းတော်ကြီးကလည်း တံခါးဖွင့်ထားတယ်။ ဘဏ္ဍာတိုက်ကလည်း ဖွင့်ထားတယ်။ ရတနာအပြည့် လိပ်စာကလည်း ရေးထားသေးတယ်၊ ဘယ်မှာတူးယူဆိုပြီး။ အဲဒီတော့ လွယ်တော့လည်းပဲ မယူရဲဘူး။ ခိုက်မလားပေါ့။
❖ ကျန်တဲ့ အမူးသမားကို ခေါ်မေး။ ဟုတ်တယ်တဲ့ ဒီလမ်းက ထွက်သွားတာဆိုတော့ အကြောင်းရှိလိမ့်ဆိုပြီးတော့ လိုက်ကြတာပေါ့နော်။ လိုက်တော့ အလောင်းတော်က ကောင်းကင်က စီးပြီး တရားဟောတာ။ အားကျတာပေါ့။ သံဝေဂရတော့ တပြည်လုံး ရသေ့ဝတ်ကြတာပေါ့။
❖ ခုနစ်ပြည်ထောင်မင်းတွေတဲ့၊ ရသေ့တောကြီး ဖြစ်သွားတာ။ သိကြားအလိုကျ အကုန်အဆင်ပြေကြတယ်။ မိုးတွင်းဆိုလည်းပဲ ရွှေဒင်္ဂါးတွေကို သဲလို ခင်းပစ်တာတဲ့။ သဲ မရှိလို့နော်။ အဲဒီမှာ ရသေ့များစွာမှာ တစ်ပါးသောရသေ့သည် တရားမှတ်ရင်းနဲ့ စိတ်ကူးလေးတစ်ချက်လွှဲတာ၊ ပုံပေါ်တာပြောတာနော်။
❖ ကိုယ်စိတ်ကူးတဲ့ပုံတွေကို နတ်တွေက ဆေးလိပ်မီးခိုးမြင်သလိုမြင်တာတဲ့။ သူက ဗြဟ္မာကြီးလိုဖြစ်နေတော့ကား စိတ်ကူးပုံတွေ သူမြင်တာနဲ့ အဲဒါ ကောင်းကင်က တပလ္လင်ခွေပြီး တရားဟောလိုက်တယ်။ အဲဒီလောက်တော်တာ။ မသေခင်က ဗြဟ္မာကြီးလို ဖြစ်နေတာနော်။ ကြည်လင်တာ လင်းတာ။
❖ ကဲ စဥ်းစားကြ၊ မြေကြီး မထိဘူးဆိုတော့ နာတာကျင်တာ ရှိပါ့မလား။ မရှိဘူးဗျ။ လေးဆင့်မြောက်စျာန်ဆိုတာ အင်မတန်အေးချမ်းလို့ အအေးဓါတ်ကြီးကပြည့်လို့ စိတ်နဲ့ကိုယ် တသားတည်းဖြစ်မှ ကောင်းကင်ပျံနိုင်တာလေ။
❖ တို့ပြောတဲ့ ဝေဒနာရှိလားဆိုတော့ မရှိဘူးပြောရမှာပေါ့။ ခန္ဓာငါးပါးမှ မသိတာ။ အိပ်ပျော်နေရင် အေးတာပူတာသိပါ့မလား။ သိတာက ခန္ဓာငါးပါးပဲပေါ့။ အဲဒီမှာ ဝေဒနာပါနေတာ သတ္တိမထားမိကြလို့။ နာတာ ဝေဒနာကောက်တဲ့ပုဂ္ဂိုလ်က ဒုက္ခရောက်ပြီ။
❖ အဲဒီတော့ မှတ်ထား ဝေဒနာ မဆုံးပါဘူးတဲ့။ ခန္ဓာမီးလောင်တုန်းပဲ။ စျာန်ပီတိနဲ့ ဗြဟ္မာအသွင်ပြောင်းနေတာ။ ဘဝဆက်တုန်းပါပဲတဲ့။ တဏှာအစပ်မပြတ်ပါဘူး။ ခန္ဓာငါးပါး ပိုင်းခြားသိတဲ့ဉာဏ် မပေါ်သောကြောင့်တဲ့၊ ခန္ဓာမီးလောင်သမျှ ဆက်တာ။ ဆက်တော့ တဏှာ ဥပါဒါန် ပါပါတယ်တဲ့။
❖ သတ္တဝါထင်ထားတော့ကား ဆက်တာပါ၊ ငါ ထင်ထားတာကိုး။ ငါ့ကိုယ်ကိုယ် ချမ်းသာအောင် နေမယ် ဆိုကတည်းက ပါမနေဘူးလား။ မေတ္တာအအေးဓါတ် ပေါင်းထားတာမို့လို့ ဗြဟ္မာကြီးလိုဖြစ်နေတာ။ ဘဝ မဆုံးသေးဘူးနော်။ အဲဒီဇောအရှိန်ကြောင့် သေလည်းသေရော ဗြဟ္မာသွားဖြစ်တာလေ။
❖ အလောင်းတော်ကြီးတွေက သိတယ်တဲ့။ မင်းကွန်းဆရာတော်ကြီးက ဟောထားတာ၊ ဗြဟ္မာဖြစ်တော့ အလောင်းတော်ကြီးက ဘယ်တော့မှ ဗြဟ္မာသက်တမ်းကုန်အောင် မနေဘူး။ အလောင်းတော်တို့ ထုံးစံ သစ္စာ အဓိဋ္ဌာန်ပြုပြီးတော့ ဗြဟ္မာသက် ချွေချတာ။ ပါရမီမြန်မြန်ဖြည့်အောင် ပြန်ဆင်းကြတာ။ ဖြစ်ခဲ့ဘူးတယ်နော်။
❖ အဲဒီတော့ မှတ်ပါ၊ အေးချမ်းလို့ ပေါ့လို့များ စျာန်ပီတိကို ဝေဒနာဆုံးတယ် မလုပ်ကြနဲ့။ ကောင်းကင်ပျံနော် မဆုံးသေးဘူးတဲ့။ တဏှာအစပ်မှာ ခန္ဓာငါးပါး မသိလို့ရှိရင် ဆုံးပါ့မလား။ မဆုံးပါဘူး ဘုရား။ သတိထားကြတ။ မမှားစေနဲ့နော်။
❖ ဘုရားဖြစ်တော့မှ ခန္ဓာငါးပါး ပိုင်းခြားသိပြီ။ စိတ်အကြိမ် ရေနိုင်လာပြီ။ စေတသိက်ကိုလည်း ပိုင်းခြားနိုင်သွားပြီ။ ဒီအသိဟာ ဘုရားဖြစ်မှ သိတာနော်။ ဒီသဘောကလည်း ဘုရားပွင့်မှ ကြားရလို့ တို့အားလုံးဟာ အင်မတန်ကုသိုလ်ထူးလို့ ဒီတရားနာရတာ။ နားလည်ပြီနော်။ ယုံကြည်စွာ လက်ခံရတော့မယ်။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
🙏🙏🙏
၂၀၂၆ ဇွန်လတရားစခန်းတွင် ဟောကြားတော်မူခဲ့သော ဟောစဥ်(၁၀) #သစ္စာလေးပါးတရားတော်မှ စာစီပူဇော်ပါသည်။

