logo

သစ္စာပါရမီ

ဓမ္မရိပ်သာ

အားကိုးအစစ်ကို ဦးစွာယူထားပါ

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
8/10/2026
အားကိုးအစစ်ကို ဦးစွာယူထားပါ

❖ တရား အဖွင့်မှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို နမောတဿဂါထာ သုံးကြိမ်နဲ့ ပူဇော်ကြရအောင်။

🙏 နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ (၃ခေါက်)

သာဓု၊ သာဓု၊ သာဓု။

❖ လက်လေးတွေ အောက်ချထားအုန်းမယ်နော်။ သက်သာသလိုထိုင်ပါအုန်း။ အလုပ်ပေးတရားနဲ့တွဲပြီး တို့သင်ရအောင်နော်။ သတိပဋ္ဌာန်တရားတော်မှာ တရားရှုမှတ်တဲ့ယောဂီက အမူအရာတိုင်း၌ “အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ အဘိဇ္ဈာ ဒေါမနဿံ” တဲ့။ ရှေ့ရှုကြံစည်ခြင်း နှလုံးမသာခြင်း ကို သတိပညာနဲ့ပယ်သတ်ပြီး ရှုမှတ်ရမယ်လို့ အမိန့်ရှိပါတယ်။ 

❖ ဘုရားရှိခိုးလည်းပဲ သတိထားရပါတယ်။ ရှေ့ရှုကြံစည်ခြင်း နှလုံးမသာခြင်း။ ဒါ ခက်ဆစ်အဓိပ္ပါယ်လို့ သုံးပါတယ်။ အရပ်သာစကားကျတော့ မလုပ်ခင်က ပြီးချင်နေတယ်၊ မသွားခင်က ရောက်ချင်နေကြတယ်။ ရှေ့ကို ဆန္ဒစောဆိုရင် မှားပါ့မလား။ ဆန္ဒစောတာနော်။ 

❖ ဒီအတူပဲ ဘုရားရှိခိုးနေရင်းနဲ့ ရှေ့ကို စောတဲ့ပုဂ္ဂိုလ်များက နှလုံးမသာခြင်းဆိုတာ အခြားမဟုတ်ဘူး၊ စိတ်နဲ့အာရုံ အဆင်မပြေတဲ့အခါမှာ နှလုံးသားက အအေးလာမလား အပူဓါတ်အဟုန်လာမလား။ (အပူဓါတ်အဟုန် လာမှာပါ ဘုရား)။ သတိထားရမယ့် အချက်ပဲနော်။ ဒါကို သိမ်မွေ့တဲ့ အကုသိုလ်လို့ ခေါ်ပါတယ်။ 

❖ ဘုရားရှိခိုးရင်းတောင်မှ သိမ်မွေ့တဲ့အကုသိုလ်ခံနေရင်တဲ့ ရှိခိုးသလောက် ကောင်းကျိုးမလာဘူးလို့ သိရတယ်။ ဒါကြောင့်မို့လို့ ဘုရားရှိခိုးတဲ့အခါမှာလည်း တကယ်ရှိခိုးတတ်ရင် တခါ ရှိခိုးပြီးတိုင်း ရှိခိုးပြီးတိုင်း စွမ်းအားအပြည့်ရပါတယ်လို့ နားလည်ရမယ်။ 

❖ သို့သော်တဲ့ ရှေးဆရာများက ဘုရားရှိခိုးမှာ ပါပြီးသား၊ ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ဆိုတာ မပါဘူးလား။ (ပါပါတယ် ဘုရား)။ မာန်လျော့စကားက အခြားမဟုတ်ဘူး။ ရှေ့ကိုစောတဲ့ပုဂ္ဂိုလ်တွေကတဲ့ ဘာကြောင့်စောလဲဆိုတော့ အတွေးနယ်မှာ အမူအရာအရိပ်တွေကို အကောင်ထင်တယ်တဲ့။ 

❖ ထင်တဲ့အပြင် ငါတဲ့၊ ငါ့မျက်နှာ၊ ငါ့ကိုယ်လုံး၊ ငါ့လက်၊ ငါ့ခြေ၊ ငါနဲ့ပတ်သက်တာ ထင်တော့မှ စီမံကိန်းတွေ ရွေးချယ်ပြီး စိတ်ကူးကြတာပါ။ အတွေးနယ်မှာက ငါက မသေဘူးတဲ့။ ပြန်သုံးသပ်ကြည့်ပါ။ သေမယ်မထင်တာ အဓိကပဲတဲ့။ 

❖ ကိုယ်ကိုယ်ကိုယ် ပြန်ဆင်ခြင်ကြည့်ကြ၊ အခုည တကယ်သေမယ်ထင်လားဆိုတော့ မထင်ဘူး။ နောက်ညရော သေမယ်ထင်မယ်ထား။ မထင်ပါဘူး။ နောက်လရော တကယ်သေမယ်ထင်လား။ (မထင်ပါဘူး ဘုရား)။ ဟုတ်တယ်။ စကားထဲမှာ ဘယ်အချိန်ဘာလုပ်ရအုန်းမှာ၊ ဘယ်သွားရအုန်းမှာ ဘုရားနဲ့ အဲဒီထဲမှာ သေတာ မပါဘူးတဲ့။ 

❖ မသေဘဲနဲ့ လုပ်နိုင်ကိုင်နိုင်မယ် ထင်ထားကြတာကိုး။ အဲဒီအထင်ကြောင့်မို့လို့တဲ့၊ တွေးသမျှအားလုံးဟာ အလကားဖြစ်မသွားပါဘူး။ အသွေးအသားချဥ်ဆီမှာ သတ္တိကိန်းတယ်တဲ့။ ကြာတော့ သွေးထဲတစ်ပတ်ပြန်လည်ရင် ဒီအာရုံပဲ ပြန်ပေါ်တာပါပဲတဲ့။ အားလုံးဟာ မသေတဲ့ငါကြီးနဲ့ အနာဂတ်စီမံကိန်းတွေမှာ နစ်မြောပြီး နေရတော့ကား အသက်ရှုတဲ့အမူအရာတောင် မသိတော့ဘူး။ ရှုမှန်းတောင် မသိကြတော့ပါဘူး။

❖ ရှူဆဲထုတ်ဆဲ၌ ဝဋ်သုံးပါးထွက်တဲ့ဉာဏ်၊ လွတ်မြောက်တဲ့ဉာဏ်၊ ထွက်လမ်းရှိတာကိုလည်း မမြင်ကြတော့ပါဘူးတဲ့။ ဝဋ်က ထွက်တဲ့လမ်းက အဝေးကြီးမဟုတ်ဘူး၊ ရှူဆဲထုတ်ဆဲမှာ ရှိနေတာ။ ဉာဏ်နဲ့မြင်ရတာ။ အဲဒါ မပါတော့ဘူးတဲ့၊ မသေတဲ့ငါနဲ့ပဲ ရှေ့ကိုမျောသောကြောင့် သေခါနီးမှာ အရှိန်အဟုန်ဟာ ရပ်လို့မရတော့ပါဘူး။ 

❖ မရတော့ နောက်ဆုံးပိတ် အမြင်မှားတဲ့ ကိလေသာဇောခေါ်ပါတယ်။ ကိလေသာဇောနဲ့သေသောကြောင့် တဖန်ဇာတိဖြစ်ကြရတာလို့ မှတ်ကြပါ။ ပူလောင်လာရင်တော့ အပူဓါတ်အဟုန်ဆိုရင်တော့ အပါယ်ဇာတိ၊ မေတ္တာပေါင်းရင်တော့ အထက်ဇာတိပေါ့။ သို့သော်လည်း ဘယ်ဘဝရရ အားလုံးသိတဲ့အတိုင်း အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ လွတ်ပါ့မလား။ (မလွတ်ပါဘူး ဘုရား)။ စဥ်းစားကြပါ။

❖ ရှာကြဖွေကြ လုပ်ရကိုင်ရတာလည်း တကယ်တော့ ပင်ပန်းပါတယ်။ တောင့်တကြောင့်ကြ သွားကြရတာ ပင်ပန်းကြပါတယ်။ ပြီးတော့လည်း အကုန်လုံးက သေရင် ထားခဲ့ရတာပါ။ ဒါကြောင့် ဘုရားရှင်က ဘဝများစွာကို ပြန်ကြည့်ပြီးတော့ကား သြော်… များစွာလည်းချမ်းသာဖူးတယ်၊ စကြာမင်းလည်းပဲ အကြိမ်ကြိမ်၊ စကြာမင်းမိဖုရားလည်း အကြိမ်ကြိမ် ဖြစ်ခဲ့ပြီးပြီ။ နတ်မင်း၊ နတ်မိဖုရားလည်း အကြိမ်ကြိမ်ဖြစ်ခဲ့ပြီးပြီ။ 

❖ ချမ်းသာလည်းမျိုးစုံ၊ ဆင်းရဲလည်းစုံခဲ့ပြီ။ အပါယ်လေးပါးလည်း ကျခဲ့ပြီးပြီ၊ ပင်ပန်းလှပါပြီလို့ ဘုရားအမိန့်ရှိပါတယ်။ ဒါကြောင့်မို့လို့ တဖန်ဇာတိ မလာမှ အေးမှာတဲ့။ အားလုံးမေ့တာကို ပြန်ဖော်ပါ။ အားလုံးက ဒီတိုင်းမနေပါဘူး။ ကိုယ့်ရှေ့မှာ အိုတဲ့ အဘိုးအဘွားတွေကို ကြည့်ပါ။ ကိုယ်လည်းပဲ အိုမှာကျိန်းသေလို့ ရဲရဲတွေးပါ။

❖ လူအိုဟာ အဖော်မရှိတော့ဘူးနော်၊ စကားပြောဖော် နည်းသွားပြီ။ သူများတွဲမှ ထနိုင်တယ်။ သူများထူမှ ထနိုင်တယ်။ ကျင်ကြီးကျင်ငယ်လည်းပဲ ကိုယ့်ဟာကိုယ် မသွားနိုင်ဘူးတဲ့၊ ရောဂါလာတော့မှာတဲ့။ ပြီးရင်ဖြင့် သေမှာပါပဲ။ သေခါနီးမှာဆိုရင် အားလုံးစဥ်းစားဖြေကြည့်ပါအုန်း၊ အသက်ရှူနိုင်ရင် သေပါ့မလား။ မရှူနိုင်မှ သေမှာ။ သတိထားကြပါ။ 

❖ မွန်းကြပ်လို့ အသက်မရှူနိုင်တဲ့အခါမှာ အာရုံကြောတွေက သေသွားပြီ။ မျက်စိက မြင်တာမဟုတ်၊ နားကလည်း မကြားတော့ အသံအရသာ မပေါ်တော့ဘူး။ ကိုယ်မှာတော့ကား သိနေသေးတယ်တဲ့၊ ပူလောင်တာ သိသေးတယ်။ အတွေးက အဓိကပါပဲ။ မကြည့်ဘဲနဲ့ မျက်နှာအမူအရာ ကိုယ်အမူအရာတွေ ပေါ်နေပြီ။ 

❖ ပတ်ဝန်းကျင်လည်းပေါ်နေပါပြီ။ ပေါ်တော့ အမြင်မှားကလက်ဦးထားတော့ ငါ့အိမ်၊ ငါ့ပစ္စည်း၊ ငါ့ဥစ္စာတွေ ခွဲရတော့မယ်၊ ငါ သေတော့မယ်လို့ မသေချင်တဲ့ အခံဓါတ်နဲ့ သေခြင်းတရားအာရုံနဲ့ တိုက်တော့ကား လောင်ပြီတဲ့။ အဆင်မပြေတော့ပါဘူး။ 

❖ အဲဒီတော့ တစ်သိန်းတစ်ယောက်တဲ့ ကုသိုလ်နဲ့သေတဲ့ပုဂ္ဂိုလ်က ရှားပါတယ်။ အပါယ်လေးပါးသွားတာ များတယ်လို့ မှတ်ကြပါ။ အားလုံးစဥ်းစားဖြေ၊ သေခါနီးမှာက မွန်းကြပ်တဲ့အချိန် အတွေးစကားပဲ ကျန်ပါတော့တယ်။ 

❖ ငါ့ကို ကယ်ပါအုန်းလို့ အတွေးနယ်မှာ ပေါ်တဲ့ အိမ်တွေ၊ အိုးတွေ၊ အမျိုးတွေကို အော်ပြီး အကူအညီတောင်းလည်း အပြင်ကကြားပါ့မလား။ မကြားတော့ဘူး။ အားကိုးအစစ်ထင်တားတဲ့ ကိုယ့်ရဲ့ခင်ပွန်းသည်၊ ဇနီးသည်၊ သားသမီးဆွေးမျိုးတွေကလည်း တကယ်တော့ကယ်နိုင်သေးလား။ မကယ်နိုင်ပါဘူး။ 

❖ ဥစ္စာ ရွှေငွေကရော ကယ်နိုင်သေးလား။ မကယ်နိုင်တော့ဘူး။ ကိုယ့်လက်ကိုယ်ခြေတောင် မလို့ကြွလို့ ရပါအုန်းမလား။ မရပါဘူး။ အသက်တောင်ရှူလို့ မရပါဘူး။ အားကိုးမဲ့စွာ သေကြရမှာတဲ့။ အဲဒီအတွက်ကို အားကိုးအစစ်ကို တို့ဦးစွာယူထားရမှာ။ အဲဒါကို သင်ရမှာနော်။ အဲဒီတော့ မာန်ချပါ။ 

❖ ရုတ်တရက်သေရင် အားလုံးက ထားခဲ့ရမှာလို့ မာနချကြပါ။ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ကိုယ့်နောက်ပါပါ့မလား။ ဒါကြောင့်မို့လို့ ခုနေသေရင် အကုန်တန်းလန်းထားခဲ့ရမှာပါလို့ တွေးပေးပါ။ အိုးတွေ အိမ်တွေ စီးပွားတွေက ဒီတိုင်းကျန်ခဲ့မှာ။ တွေးပေးပါ။ ဒီတော့မှ ထူးခြားတာကတော့ အတွေးနယ်မှာ အတွေးစကားတွေ ရပ်သွားပါတယ်။ 

❖ ဘယ်အိမ်အမူအရာတွေပေါ်ပေါ် လုပ်ငန်းတွေပေါ်‌ပေါ် ဆက်တွေးစရာအကြောင်းမရှိတော့ဘူးတဲ့ လူသေဟာ စကားမှ မပြောနိုင်တော့တာ။ စကားပြောတဲ့အခါ အသုံးချခံနေရတဲ့ ကြွက်သားအာရုံကြောတွေ အကုန်လုံးလျော့သွားပါတယ်။ အချိုးက ‌လျော့သွားပါတယ်။ မျက်မှောင်ကြောတွေ မျက်လုံးတဝိုက်၊ မေတဝိုက်၊ ရင်ကြောတဝိုက် နှလုံးသားဘေးအထိ တင်းတာအကုန်လျော့သွားပါတယ်။ 

❖ လက်ဖျားခြေဖျားထိ ကြွက်သားအာရုံကြောတွေ တင်းတာ အကုန်လျော့သွားပါတယ်။ ထက်ဝန်းကျင် တိတ်ဆိတ်သွားပါတယ်။ အတွေးစကားရပ်သွားပါပြီ။ ဘယ်အမူအရာကိုပဲ ပုံပေါ်ပေါ် ဆက်တွေးစရာအကြောင်းမရှိတော့ပါဘူး။ ဒီအမြင်နဲ့ခံစားချက်ကို ဘုရားရှင်က မာနကျတယ်ခေါ်ပါတယ်။ ဖူးမြော်မာန်လျော့ ဆိုတာ အဲဒါ ပြောတာတဲ့။ 

❖ မာနကျတော့မှ အအေးဓါတ်ပေါ်လာပါတယ်။ သြော် သတ္တဝါအားလုံးသည် သံသရာရှာကြာလွန်းတော့ကား မတော်ဘူးတဲ့အမိ၊ မတော်ဘူးတဲ့အမ မရှိကြဘူး။ အဝိဇ္ဇာ တဏှာခ လက်ချက်ကြောင့်သာလျှင် ပုံသဏ္ဍာန်မျိုးစုံ၊ ဘဝမျိုးစုံ ကြုံနေကြရတာ။ အားလုံး အခုလို၊ မာနတွေကျလို့ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေလို့ အအေးဓါတ်ကို ဖြန့်ကြပါ။ 

❖ ဒီထက်အလွန် ဒွါရခြောက်ပါးလည်းပွားပါ။ 

မျက်လုံးကလည်းပဲ နှစ်သက်စရာ အာရုံတွေတွေးရလို့ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ ပြုံးနိုင်ပျော်နိုင်ကြပါစေ။ 

နားကလည်း ကောင်းသောအသံတွေကြားရလို့ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ ပြုံးနိုင်ပျော်နိုင်ကြပါစေ။ 

နှာခေါင်းကလည်း ကောင်းသောအနံ့တွေကို နမ်းရှုရလို့ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ ပြုံးနိုင်ပျော်နိုင်ကြပါစေ။ 

လျှာကလည်း ကောင်းသောအရသာတွေ စားသုံးရလို့ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ ပြုံးနိုင်ပျော်နိုင်ကြပါစေ။ 

ကိုယ်မှာလည်း ကောင်းသောအတွေ့အထိတွေ ထိတွေ့ရလို့ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ ပြုံးနိုင်ပျော်နိုင်ကြပါစေ။ 

အတွေးနယ်မှာလည်း အပူသောက ကင်းဝေးလို့ အေးချမ်းကြပါစေ။ နိဗ္ဗာနဓါတ်အထိ အာရုံပြုလျှက် လွတ်မြောက်ကြပါစေလို့ မေတ္တာလွတ်ကြပါ။ 

❖ ဘုရားပူဇော်တော့မယ်။ ပူဇော်တဲ့အခါမှာလည်း အခြားအာရုံတွေမရှိတော့ ဘုရားအာရုံ၌ ရာနှုန်းပြည့် စိတ်ဝင်စားလို့ရပါပြီ။ ဘုရားဖူးကြပါ။ မျက်လုံးတော် မျက်ခုံးတော် ဥဏ္ဏလုံမွေရှင်တော်ထိ မျက်လုံးဖွင့်ပြီ ဖူးကြပါ။ 

❖ အရှင်မြတ်ကြီးရဲ့သန္တာန်တော်၌ ကိလေသာဆိုတဲ့ အမှောင်ဓါတ်သတ္တိက ဝါသနာအငွေ့အသက်မကျန်အောင် ပယ်သတ်ထားတော် မူတာကြောင့် ဆိတ်ကွယ်ရာတပါးတည်းတောင် မိစ္ဆာဝိတက် မရှိဘူး။ သတ္တဝါထင်ပြီး စကားပြောတာ မရှိပါဘူးတဲ့။ 

❖ မပြတ်မလပ် ဖိုလ်ဝင်စားလျှက်နေသောကြောင့် အင်မတန်စင်ကြယ်တယ်တဲ့။ ဒါကြောင့် စိတ်အကြံသိကြတဲ့ သိကြားမင်း၊ ဗြဟ္မာမင်းကြီးတို့က တအံ့တသြနဲ့ နမောတဿဂါထာကြီးနဲ့ ပူဇော်ကြတာတဲ့။ တို့လည်း ပူဇော်ကြရအောင်။ 

🙏 အရဟတော

တစ်ထောင့်ငါးရာကိလေသာတို့မှ ကင်းဝေးသန့်ရှင်းတော်မူ၍ မကောင်းမှုတရားတို့ကို စိတ်ကွယ်ရာ၌ပင် ပြုတော်မမူ ပြောတော်မမူ စိတ်တော်ကပင် ကြံစည်တော်မမူသဖြင့် ဗြဟ္မာနတ်လူ သုံးဘုံသူတို့၏ ပူဇော်အထူးကို ခံယူတော် မူထိုက်ပါပေထသော။

🙏 သမ္မာသမ္ဗုဒ္ဓဿ

သစ္စာလေးပါးမြတ်တရားနှင့် အလုံးစုံသောတရားတော်မြတ်တို့ကို ဆရာမကူ သယမ္ဘူဉာဏ်မြတ်ဖြင့် ကိုယ်တော်တိုင် တပ်အပ်ထင်ထင် သိမြင်တော်မူနိုင်ပါပေထသော။

🙏 ဘဂဝါတော

ထိုဘုန်းတော်အနန္တ ဉာဏ်တော်အနန္တ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား နမော ရိုသေမြတ်နိုး မာန်ညွန့်ကျိုး၍ ရှိခိုးခြင်းသည် အတ္ထုဘ၀န္တု စင်စစ်မသွေ ဖြစ်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

🙏🙏🙏

GIC မိသားစု (၂)ရက်တရားသင်တန်း (၅.၇.၂၀၂၆ - ပထမအချိန်) သစ္စာလေးပါးတရားတော်မှ စာစီပူဇော်ပါသည်။