အာရုံသိသဘော ခန္ဓာငါးပါးကို ရှုမှတ်ရန် နည်းပေးပုံ

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
10/21/2026
အာရုံသိသဘော ခန္ဓာငါးပါးကို ရှုမှတ်ရန် နည်းပေးပုံ

အာရုံသိသဘော ခန္ဓာငါးပါးကို ရှုမှတ်ရန် နည်းပေးပုံ

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

ဒီတော့ ပရမတ္ထတရားရုပ်ကို ဘာသာပြန်တဲ့အခါ ဖောက်ပြန်မှု သဘောတဲ့။ ဥပမာနဲ့သွားမှ ပိုလွယ်မယ်။ ရုပ်ကို ဘုန်းဘုန်းတို့ ရှုတဲ့အခါ ဖောက်ပြန်တဲ့သဘောဆိုပြီး ရွတ်လို့မရဘူး။ ရုပ်လို့ ရွတ်ပြီး မရှုရဘူး။ ရှုတဲ့အခါ ရုပ်က ဒီလိုမတွေ့ဘူး။ ရုပ်လို့မပြောဘူး။ သူကရေမြုပ်လို ပြတယ်။ ရေမြုပ်လို ဖြစ်နေတယ်တဲ့။ ဘယ်လိုရေမြုပ်လဲဆိုတော့ အချိုရည်ပုလင်းတွေကို ဖန်ခွက်ထဲ aဖာက်ထည့်တဲ့အခါ အမြှုပ်မထဘူးလား။ (ထပါတယ်ဘုရား...)။ လေဘောလုံးလေတွေလိုပဲနော်။ ကြည့်ရင်းနဲ့ ပျောက်မသွားဘူးလား။ (ပျောက်သွားပါတယ်ဘုရား...)။ အဲဒီအတိုင်းတွေ့ရမယ်။ ဟုတ် မဟုတ်ကြည့်ရအောင်။ မနောမှာ အာရုံသိကို ရုပ်ဖက်က ကြည့်ရမယ်နော်။

ဘုန်းဘုန်းက သစ်ကုလားအုတ်လို့ ပြောလိုက်မယ်။ ဘုန်းဘုန်းပြောလိုက်တယ့် အသံကို နားကနေ ကြားလိုက်ရတယ်။ ကာလမခြား မနောမှာ ပေါ်တယ်နော်။ လည်ပင်းရှည်နဲ့ သစ်ကုလားအုတ်ကြီးလို့ ပြောလိုက်တယ်။ ကြားလိုက်တယ်နော်။ (တင်ပါ့ဘုရား...)။ ဒီကဖွဲ့လိုက်တော့ ပုံရိပ်ပေါ်မလာဘူးလား။ (ပေါ်လာပါတယ်ဘုရား)။ အဲဒါကို နောက်စိတ်အာရုံက အဖြေမှန် ထုတ်ကြည့်လိုက်ပါ။ ပျောက်မသွားဘူးလား။ (ပျောက်သွားပါတယ်ဘုရား...)။ ရေမြှုပ်လိုပဲ၊ သဘောပေါက်ရဲ့လား။ ပျောက်သွားတာ အမှန်နော်။ ရပြီနော်။

"ကိုယ်နေတဲ့အိမ်ဆိုရင်..." မကြားလိုက်ဖူးလား။ (ကြားပါတယ်ဘုရား...)၊ အိမ်ပုံဖော်လိုက်တယ် တဖြေးဖြေး ပျောက်မသွားဘူးလား။ (ပျောက်သွားပါတယ်ဘုရား...)။ ရေမြှုပ်လိုပဲ၊ သဘောပေါက်တယ်နော်။ အချိုရည်ပုလင်းထဲမှာရှိတဲ့ ရေမြှုပ်လေးဟာလဲ တဖြေးဖြေး ပျောက်မသွားဘူးလား။ (ပျောက်သွားပါတယ်ဘုရား...)။အဲဒီအချိန်မှာ ကျွန်တော်ဟာ ခင်ဗျားရဲ့အိမ်လို့ ပြောရဲ့လား။ (မပြောပါဘူးဘုရား...)။ စကားမပြောဘူးနော်။ ပညတ်စကားလုံးလဲမရှိ၊ ပုံသဏ္ဌာန် ပညတ်လဲမရှိ။ အထည်ပညတ်လဲမရှိဘဲပျောက်သွားတယ်။ တချက်ရပြီနော်။

ဝေဒနာဘက်က ကြည့်မယ်ဆိုရင်လည်း ဝေဒနာလို့ မရှုရဘူးတဲ့၊ နာကျင်တယ်လို့ မရှုရဘူးတဲ့။ ဘယ်လိုရှုရလဲဆိုတော့ သေသေချာချာ မှတ်ပါ။ ရေပွက်လိုတွေ့ရတယ်တဲ့။ နာတာကျင်တာ မဟုတ်ဘူးနော်။ ခံစားမှုသဘောလို့လဲ မယူနဲ့။ ဒါက နားလည်အောင်ပြောတာ။ တကယ်တွေ့ရတာက ရေပွက်လိုတွေ့ရတာနော်။ နာတယ် နာတယ်ဆိုတယ့် စကားနဲ့မတွေ့ဘူးနော်။ အဲဒီလိုဆို တွေ့မှာမဟုတ်ဘူး။ ရေပွက်လိုတွေ့မှ ဝေဒနာတွေ့မှာတဲ့။ သဘောပေါက်ပြီလား။ ပူတယ် အေးတယ်လို့ မကြည့်ရဘူးနော်။ တကယ်ကြည့်ရင် ဘုရားက ရေပွက်လိုတဲ့...။

ဥပမာ- ထမင်းအိုးတည်တဲ့အခါ၊ ဆူတဲ့အခါ ပွက်မလာဘူးလား။ (ပွက်လာပါတယ်ဘုရား...)။ ဒီလို ပွက်ပြီးရင် ပျောက်မသွားဘူးလား။ (ပျောက်သွားပါတယ်ဘုရား...)။ ထိဆိုရင် သိလိုက်တာနဲ့ ပျောက်သွားတယ်။ ဝေဒနာဘက်ကလည်း ရေပွက်လိုပဲ ပျောက်သွားတယ်တဲ့။ နားလည်ပြီနော်။ 

သညာဘက်က ကြည့်ရင် တံလျှပ်လိုတွေ့ရမယ်တဲ့။ မှတ်သားတယ်လို့ မတွေ့ရဘူး။ မှတ်သားတယ်ဆိုတာ စကားလုံးသက်သက် တံလျှပ်လိုတွေ့ရမယ်တဲ့။ 

သင်္ခါရဘက်ကကြည့်ရင် ငှက်ပျောတုံးလို တွေ့ရမယ်တဲ့၊ အနှစ်မရှိဘူးတဲ့။ ငှက်ပျောတုံးကို တဖက်စီခွာလိုက်။ နောက်ဆုံးပိတ် ကိုင်စရာကျန်ပါ့မလား(မကျန်ပါဘူးဘုရား...)။ အဲဒီအတိုင်း မှတ်ရမယ်တဲ့။

ဝိဉာဏ်ဖက်ကကြည့်ရင် မျက်လှည့်လိုတွေ့ရမယ်တဲ့။ တကယ်မဟုတ်ဘူးလို့ သိရမယ်။ 

'သိ' ဆိုတဲ့အရာမှန်သမျှဟာ ခန္ဓာငါးပါး လို့မှတ်ပါ။ ဥပမာ-ငါးမျက်နှာအံစာတုံးလို ငါးဖက်က လှည့်ကြည့်တာ။ ငါးမျိုးလုံး တပြိုင်နက်ကြည့်လို့ မရဘူးနော်။ သိဆိုရင် ပေါ်တဲ့အခါ ‘တစ်မျိုးတည်း’ ကြည့်ရမှာ။ ရှုတဲ့အခါ ‘တမျိုးတည်း’ ပဲကြည့်ရမှာနော်။ ဘုရားရှင် နည်းပေးခဲ့ပြီးသား။ အဲဒီအထဲမှာ အများဆုံး ဘုရားဟောပြီး ရဟန္တာတာက သညာဘက်က များတယ်။ ကျမ်းအရကြည့်တာ တော်တော်များများက သညာဘက်ကကြည့်လို့ ရဟန္တာ-တာ များတယ်တဲ့။ တံလျှပ်လိုမြင်တာ အရှင်းဆုံးပဲတဲ့။

တံလျှပ်ပမာ(ဘဝ)ခန္ဓာ

▬▬▬▬▬▬▬▬▬

တံလျှပ်ဆိုတာ မြင်ဖူးတဲ့သူရှိတယ်။ တချို့ကျတော့ မမြင်ဖူးဘူး။ သမင်တစ်ကောင်သွားရင် ညာဘက် မျက်စိ လည်သွားတယ်တဲ့။ သဲကန္တာရဘက်ကို မျက်စိလည်သွားတယ်တဲ့။ မနက်ကျတော့ သဲကန္တာဘက်ကို ရောက်သွားတယ်။ နေကပူလေ ရေကငတ်လာလေပဲ။ ဒီလို သွားရင်းနဲ့ နေကပူလွန်းတော့ အငွေ့ထလာတယ်။ အပူရှိန်က ငွေ့ထလာတော့ အဝေးကကြည့်ရင် အနိမ့်အမြင့် နေရာလေးတွေက ရေအိုင်လို့ထင်ရတယ်၊ သဘောက်ပေါက်တယ်နော်။ (ကတ္တရာလမ်းတွေကိုလည်း သတိမထားမိလို့၊ နွေဆို အနိမ့်အမြင့် နေရာလေးတွေမှာ ရေလို့မှတ်ထင်ရတယ်။ အနားသွားကြည့် မရှိတော့ဘူး။) 

သမင်လေးကလဲ အနိမ့်အမြင့်နေရာကို ရေရှိတယ်မှတ်လို့ပြေးတယ်။ အနားရောက်ရင် ပျောက်သွားပြန်ရင်နဲ့ပဲနော်။ အနားဝန်းကျင်ကို ကြည့်လိုက်တော့လည်း ဒီအတိုင်းပဲ ။ နောက်ဆုံးပိတ် သေသာသွားရာ ၊ ရေမတွေ့ဘူး။ လူတွေဟာ အဲဒီ ဥပမာလိုပဲတဲ့။ ပင်ပန်းနေကြရတယ်။ တံလျှပ်ရေထင်ပြီးလိုက်တဲ့ခါ "လိုက်လေ လိုက်လေ ငါတ်မပြေသည် ပန်းခြေလက်ကျ ရှိတုံစွာသို့ " လို့ ပြတယ်။ ဒီတော့ ဘုန်းဘုန်း တို့ဟာ တွေးသမျှ အတွေးတွေကို အကောင်ထင်တာဟာ တံလျှပ်ကို ရေထင်သလိုပဲ ဟုတ်မဟုတ် စဉ်းစားကြနော်။

ခုနေ မျက်စိမှိတ်ထားတယ်။ မျက်နှာပုံ အိမ်ပုံတွေ ဖော်လိုက်တယ်။ ဒီတခါ အကောင်လို့ ထင်မနေဘူးလား၊ အဲဒါ တံလျှပ်ကို ရေမှတ်တာပဲ။ ငါအိမ်လို့ ထင်လိုက်သေးတယ်။ ဟုတ်ရဲ့လား၊ (ဟုတ်ပါတယ်ဘုရား....)။ ဟိုကပျောက်သွားပြီ။ ဒါကိုပဲ အတင်းခံစားပြီး လိုချင်တော့ အားစိုက်တယ်။ ဒီလို အားစိုက်ပါများရင် နှလုံးအိမ်မှာ အပူဓာတ်ထွက်လာတယ်။ ဒီလို အပူအရှိန်တွေ ထွက်လာပြီဆိုရင် ကံမြောက်သွားပြီ။ ငါ့အိမ်အတွက် ငါဘာလုပ်မယ်လို့ အားစိုက်လေ ပင်ပန်းလေပဲ။ ဥပါဒါန် ကံ ရောက်တော့တာပဲ။ ဆုံးဖြတ်ချက်နဲ့သွားတာကိုး။

အဲဒီမှာအပူဓာတ်အရှိန်တွေ ပြင်းပြင်းသွားရင် ဖွဲ့စည်းပုံတွေဟာ ပြောင်းတော့တာကိုး။ ဓာတ်ရိပ် ဓာတ်ခိုးတွေ ပြောင်းတော့တာပဲ ။ အဲဒီအရှိန်နဲ့မရပ်ဘဲ သေခဲ့သော် ဇာတိ။ အပူရှိန် ဓာတ်ပြင်းပြင်းနဲ့ ဆိုရင် အပါယ်ဇာတိ၊ မာန်လျော့လို့ အအေးဓာတ်အရှိန်ဆိုရင် နတ်-ဗြဟ္မာ ဇာတိဖြစ်မယ်။ အထက်ဆန်တယ်ပေါ့နော်။ 

ဒါန-သီလတွေအားကောင်းပြီး အအေးဓာတ်နဲ့သွားရင်တော့ နတ်ဖြစ်မယ်ပေါ့။ သို့သော် အို နာ သေ လွတ်ပါ့မလား။ မလွတ်ဘူးနော်။ ဒီအရှိန်ကို ရပ်နိုင်မှ မထွက်အောင်လုပ်နိုင်မှ ရမှာပေါ့။ အရှိကိုအရှိအတိုင်း တံလျှပ်ကဲ့သို့ မြင်လိုက်လို့ ရှိရင်တော့ ဒီအာရုံတွေဟာ မြဲမလား၊ ပျောက်မလား၊ (ပျောက်ပါမယ် ဘုရား.....)။ ပျောက်တယ်ဆိုရင် အာရုံကိုကပ်တဲ့ တဏှာသည် လာပါဦးမလား ၊ (မလာပါဘူး ဘုရား.....)။

ဒီနေရာအရေးကြီးဆုံးပဲ၊ ဒီငါးခုကို ဘုရားဉာဏ်နဲ့မို့ ပိုင်းခြားပြနိုင်တာနော်။ စိတ် - စေတသိက်တွေကို ဘုရားက အမည်ပေးထားတာ။ စိတ်ကလည်း မြင်ရတာမဟုတ်။ စေတသိက်ကလည်း မြင်ရတာမဟုတ်ဘူး။ ရုပ်ကလည်း အင်မတန်သိမ်မွေ့တယ်။ ပေါ်ပြီးပျောက်တယ်။ ဘုရားဉာဏ်တော်နဲ့မို့ ပိုင်းခြားပြနိုင်ခဲ့တာ။ ဒါဟာကိုယ့်အလုပ် မဟုတ်ပါဘူး။ 

အဲဒါကို ယုံကြည်မှု သဒ္ဓါတရားနဲ့ လက်ခံပြီးတော့ ဟုတ်ပြီလို့ ဆုံးဖြတ်ချက် ချရတယ်။ လက်တွေ့လည်းမြင်ရတယ်။ စိတ်-စေတသိက် ကိုကိုယ်တိုင်မြင်ရမှလို့ သွားမယူနဲ့နော်။ စိတ်ကိုမြင်အောင် စေတသိက်ကို မြင်အောင်လို့ တချို့ ဦးတတ်တာ ရှိသေးတယ်။ စိတ် - စေတသိက်ကို သိမြင်လိမ့်မယ်။ ထိုင်သာထိုင်လို့ တချို့ကပြောကြတယ်။ ဒါဟာ မဖြစ်နိုင်တာကိုပြောတာ၊ လုံးဝမဖြစ်နိုင်ဘူး၊ မြင်ရမှာလည်းမဟုတ်ဘူး၊ ပိုင်းခြားသိစရာအကြောင်း မရှိဘူး။ မမြင်တာမို့ ယုံကြည်မှုနဲ့ သွားရမယ်။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

🙏🙏🙏

“ဇာတိမလာရေးနှင့် နိဗ္ဗာန်အမြင်” တရားတော်စာအုပ်မှ ကုသိုလ်ယူရိုက်ကူးဖော်ပြခြင်း ဖြစ်ပါသည်။