အရှုခံခန္ဓာ(ဘဝ)ကို ကာလနှင့်ယှဉ်၍ ရှုမှတ်ရန် အရေးကြီးပုံ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ကာလနဲ့ဖြတ်ရအောင်နော်။ ခုနက တရားပွဲစခါစက သီလယူခဲ့တဲ့ ကြားသိစိတ်၊ ခံစားမှုအရိပ်တွေဟာ၊ ပြန်လိုချင်ရင်ရပါ့မလား၊ (မရတော့ပါ ဘုရား ....)။ ဟုတ်တယ်၊ ရုပ်တွေ၊ စိတ်တွေဟာ မျက်တောင်တစ်ခတ်မှာ စိတ်က ကုဋေပေါင်း တစ်သိန်းကျော်နှုန်း၊ ရုပ်ကငါးထောင်ကျော်နှုန်း ပေါင်းလောင်းသွားပြီး ပြန်မလာတော့ဘူး။ (အသစ်... အသစ်)ပဲလာမယ်၊ အဟောင်းမလာတော့ဘူး။ သဘောပေါက်ပြီလား။ ဘယ်တော့မှ ပြန်လာမှာ မဟုတ်တော့ဘူးနော်။ ဒါကို နိရောဓလို့ခေါ်တယ်၊ သဘောပေါက်တယ်နော်။ အသက်တစ်ခါရှူမယ်နော်။ ရှူဆဲကာလပေါ်သမျှဟာ ထုတ်ဆဲကာလမှာ ပြန်ပါပါ့မလား။ (မပါပါဘူးဘုရား...)။ ရှင်းရှင်းလေးဟာကို ဒီအတိုင်းသွားကြနော်၊ အိမ်ရောက်ရင် ဆက်ကျင့်ကြနော်။
တစ်ခါ ထုတ်ဆဲကာလမှာ ပေါ်တဲ့အရိပ် ၊ အမူအရာတွေဟာ ပြန်ရှူရင်ပါပါ့မလား၊ (မပါပါဘူးဘုရား...)။ ကျန်ခဲ့ပြီ မရှိဘူးလို့ သိရမယ်။ ဘဝတစ်ခုလုံး သေတာနော်။ တစ်ခါပြန်ရှူမယ်။ (ထိရင်း ထိရင်း)နဲ့ ရုပ်-နာမ် ပေါင်းလောင်ပြီးတော့ ချုပ်ငြိမ်းသွားပြန်တယ်။ ပြန်လာပါ့မလား။ (မလာပါဘူးဘုရား...)။ အဲဒီအတိုင်းသွားကြနော်။ ဘာနဲ့ဖြတ်လဲဆိုတော့ ကာလနဲ့ဖြတ်ရတယ်။ နားလည်ပြီနော်။ နေရာနဲ့မသွားနဲ့။ အချိန်ကာလနဲ့သွားပါ။ နေရာနဲ့မလိုက်နဲ့၊ အချိန်နဲ့သွားပါ။ အပေါင်းအားဖြင့် နေရာနဲ့မလိုက်ရဘူးနော်။ အပေါင်းအားဖြင့် ပေါ်သမျှသည် အချိန်နဲ့ယှဉ်သွားရမယ်။
ဒီစကားကို ဘုန်းဘုန်းက ကျမ်းဂန်အလွတ် ပြောတာမဟုတ်ဘူး။ ဘုရားဟောအတိုင်း ပြောတာပါ။ နတ်တွေကြိုက်လွန်းလို့ ၄ကြိမ်ကျအောင် ဘုရားဟောရတဲ့ တရားရှိတယ်။ ဥပရိပဏ္ဏာသ မှာ ရှိတယ်။
"ဘဒ္ဒေကရတ္တသုတ်" လို့ခေါ်တယ်။ ၄-ခါတောင် ဘုရားကဟောရတယ်။
“အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ၊ အနာဂါတ် ခန္ဓာကိုလည်း မတောင့်တရာ။ အတိတ်ခန္ဓာသည် ချုပ်ပြီးပြီ။ အနာဂါတ်ခန္ဓာလည်း ရောက်မလာသေး။ ပစ္စုပ္ပန် ဖြစ်သော သဘောတရားကို ထိုထိုဖြစ်ဆဲခဏ၌သာလျှင် ဝိပဿနာရှုသော ပုဂ္ဂိုလ်သည် တွန့်တိုခြင်း၊ ပျက်စီးခြင်းမရှိသော ထိုဝိပဿနာရှုမှုကို အဖန်ဖန် ပွားများရာ၏။
ဘယ်သူသည် မနက်ဖြန်၌ သေရမည်ကို သိနိုင်အံ့နည်း။ ယနေ့ပင်လျှင် အားထုတ်သင့်သော ကုသိုလ်ကောင်းမှု အလုပ်ကို ပြုလုပ်သင့်၏။ ငါတို့မှာ များသောစစ်သည်ရှိသော ထိုသေမင်းနှင့် ချိန်းချက်ထားမှုသည် မရှိသည်သာတည်း။
ဤသို့နေလေ့ရှိသော လွန်စွာအားထုတ်ခြင်းရှိသော နေ့ညဉ့်ပတ်လုံး မပျင်းမရိအားထုတ်သော ထိုရဟန်းကို စင်စစ် "ကောင်းသောညဉ့်တစ်ညဉ့်ရှိသော ရဟန်း" ဟူ၍ ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏” တဲ့။
ဒါက တရားတော်မူရင်း လို့မှတ်ကြပါ။ အကျဉ်း "ဥဒ္ဒေသ"လို့လဲ ခေါ်ပါတယ်။ ဝိပဿနာရှုတယ် ဆိုတာကလည်း... "ဝိပဿနာ = ပညတ္တိံ ဋ္ဌပေတွာ ဝိသေသေန ပဿတီတိ ဝိပဿနာ" ပညတ်ကိုပါယ်ခွာ၍ ပရမတ္တအရှိကို ပညာနဲ့သိမြင်တာ ဝိပဿနာလို့ ဆရာတို့ ဆုံးမထားကြပါတယ်။ ပညာနဲ့ (ပညာဦးစီးသောစိတ်ဖြင့်) သိမြင်တာ ဝိပဿနာ။
အတိတ်ခန္ဓာကို အစဉ်မလိုက်ရဘူးတဲ့.... အာရုံသိသဘောကို ခန္ဓာလို့ ပြောတာနော်။ သူဟာချုပ်ပြီးပြီတဲ့ မရှိတော့ဘူးတဲ့။ စဉ်းစား၊ အခုပြောရင်းနဲ့ပဲ မကြားလိုက်ဘူးလား။ (ကြားလိုက်ပါတယ်ဘုရား....)။ မနောမပေါ်ဘူးလား။ (ပေါ်ပါတယ်ဘုရား...)။ ပုံရိပ်တွေဟာ မရှိတော့ဘူးနော် ။ ပြန်တွေးလို့ရောရမလားလို့ စဉ်းစား၊ တွေးလို့ရမှာလား ရှာရအောင်။
သမုတိသစ္စာအားဖြင့် ရတယ်လို့ ပြောမယ်ထား၊ ပရတ္တသစ္စာကို ပြောရအောင်နော်။ ပြန်တွေးမယ်။ တရားပွဲစခါစက သီလယူခဲ့တာကို ပြန်တွေးမယ်။ အမူအရာတွေ ပေါ်မလာဘူးလား (ပေါ်လာပါတယ်ဘုရား....)။ ဒီလိုပေါ်တာသည် ဟိုအချိန်က ရုပ်-နာမ်က ပြန်ပေါ်လာတာလား။ အသစ်ပေါ်လာတာလား။ (အသစ်ပေါ်လာတာပါ ဘုရား...)။ တွေးလို့ရတယ်နော်။ အတိတ်ရုပ်-နာမ်က ပြန်လာပါ့မလား။ (မလာပါဘူးဘုရား....)။ သဘောပေါက်ပြီလား။
အတိတ်ရုပ်-နာမ်ကပြန်လာပါ့မလား ။ အတိတ်ကိုတွေးလို့ကို မရတာဘဲနော်။ အထင်မှားကြောင့် အတိတ်ထင်တာ၊ စောစောကပြောသလိုပဲ အထင်မှားကြောင့် အတိတ်ထင်တာ။ စောစောကပြောသလိုပဲ တံလျှပ်ကို ရေမှတ်ထင်တာလိုပေါ့။ အတိတ်ထင်တာက ဟုတ်မှမဟုတ်တာပဲ။ အခုတွေးလို့ အခုပေါ်တာကို အတိတ်လို့ ထင်နေကြတာ။
အနာဂါတ်ခန္ဓာကို မတောင့်တရဘူးတဲ့။ ပေါ်မလာသေးလို့တဲ့။ အာရုံ-ဒွါရ မတိုက်သေးလို့၊ ပေါ်လို့မရသေးဘူး၊ ဟုတ်မဟုတ်စဉ်းစား၊ ခုနေပြောမယ်။ တရားပွဲပြီးရင် အိမ်ပြန်မယ်လို့ တွေးလိုက်တယ်ဆိုရင်ပဲ အမူအရာတွေ ပေါ်မလာဘူးလား။ (ပေါ်လာပါတယ်ဘုရား....)။ ပေါ်လာတာသည် တရားပွဲပြီးမှ ပေါ်မဲ့ရုပ်-နာမ်လား၊ အခုပေါ်တာလား၊ (အခုပေါ်လာတာပါဘုရား...)။ အခုတွေးလို့ အခုလောင်နေတာ အနာဂါတ် ဟုတ်ပါ့မလား၊ (မဟုတ်ပါဘူး ဘုရား...)။ အနာဂတ်တွေးလို့ မရဘူးလေ...။ တကယ့်တရားနယ်ပါယ်မှာ၊ ပရမတ္ထနယ်ပယ်မှာ၊ အနာဂတ်ဆိုတာမှ မရှိတာဘဲ၊ အနာဂတ်ခန္ဓာဆိုတာ မရှိဘူး။
ကာလဆိုတာသည် ပရမတ္ထတရားမဟုတ် ပညတ်တရားဖြစ်နေတယ်။ တကယ်မရှိတဲ့တရား ကာလဆိုတာ တကယ်မရှိဘူး။ တကယ်ဖြစ်နေတာက အာရုံသိ-သဘောတရားကဖြစ်နေတာ၊ စိတ်၊ စေတသိက်၊ ရုပ်တွေနဲ့ တကယ်ဖြစ်နေတာ။ ဒီတော့ အဲဒီ “သိ-သဘောတရား”ကို ကာလအထင်မှား သတ်မှတ်တာ ကာလသည် တကယ်ရှိတာမဟုတ်ဘူး၊ လောကနယ်ပါယ်မှာ သုံးပါ၊ အလုပ်ခွင်မှာ မသုံးပါနဲ့။ အလုပ်ခွင်က သိသဘောကို လောကထဲ သွားမသုံးနဲ့ ။ မနက်ဖြန် မရှိဘူးဆိုတာမျိုး သွားမလုပ်ပါနဲ့။ မနေ့ကအကြောင်း လာမပြောနဲ့လို့ မလုပ်ပါနဲ့။
သတိပြုစရာ သစ္စာနှစ်မျိုး
▬▬▬▬▬▬▬▬▬▬
လောကမှာ ကျတော့ လောကမှာအတိုင်းသုံး။ အလုပ်ခွင်ကျတော့ ဒီဘက်ဟာကို ယူမလာပါနဲ့၊ ဒီဘက် ပရမတ္ထနယ်ကဟာကို ဟိုဘက်သွားနယ်မကျော်နဲ့၊ ဟိုဖက်ကဟာလည်း အစူးနာပြီး ခွာမရအောင် မဖြစ်နဲ့။ သမုတိသစ္စာဆိုတာ တကယ်မရှိတာကို သမုတ်တာနော်။ လောကမှာ သုံးရမှာ၊ ရှေးဆရာများရဲ့ ဆုံးမစာမှာ "သမုတိသစ္စာကိုလည်း အစူးမနာပါစေနဲ့ ပရမတ္တသစ္စာမှာလည်း နယ်မကျော်ပါစေနဲ့တဲ့" အစူးနာနေရင် ပြီးခဲ့တာကို မပြီးနိုင်ဘူး၊ ရှိတယ်ထင်တယ်၊ မရှိတာကို ရှိတယ်ထင်ရင် တရားဟာပေါက်ပါ့မလား၊ (မပေါက်ပါဘုရား....)။ ရှုထုတ်နေတဲ့အချိန် တောက်လျှောက် အတန်းလိုက်တွေ့နေရင် ဘယ်တော့မှ ခန္ဓာချုပ်တာမတွေ့ဘူး၊ ကာလမလွတ်ဘူး၊ ကာလပညတ်ကို လွတ်အောင် မရှုနိုင်ရင် မရဘူး။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
🙏🙏🙏
“ဇာတိမလာရေးနှင့် နိဗ္ဗာန်အမြင်” တရားတော်စာအုပ်မှ ကုသိုလ်ယူရိုက်ကူးဖော်ပြခြင်း ဖြစ်ပါသည်။

