အချင်းချင်းမပြိုင်ပါနဲ့ ပြဿနာနဲ့ပြိုင်ပါ

အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ
9/24/2026
အချင်းချင်းမပြိုင်ပါနဲ့ ပြဿနာနဲ့ပြိုင်ပါ

★ ဒီနေ့ ဒါလေးကို ဘုန်းဘုန်းက summarize လုပ်ချင်တယ်။ ကလေးတွေကို ကြိုးစားဖို့အတွက် motivate လုပ်ဖို့အတွက်က သူတို့ကို တခြားလူတွေနဲ့ နှိုင်းယှဥ်ဖို့ ပြိုင်ဆိုင်ဖို့ မဟုတ်ဘူး။ ပြိုင်ဆိုင်တာနဲ့ သူတို့ပြိုင်ဆိုင်တဲ့လူနဲ့ သူတို့က သူငယ်ချင်းမဖြစ်နိုင်တော့ဘူး။ တစ်တန်းတစ်တန်းမှာ ကလေးက နှစ်ဆယ် အစိတ် ပဲရှိတာ။ 

★ အဲဒီ နှစ်ဆယ်၊ အစိတ် နဲ့ သူတို့က တစ်သက်လုံး သူငယ်ချင်းကောင်းတွေ ဖြစ်သွားအောင်၊ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အားပေးကူညီတဲ့ အသိုင်းအဝိုင်းတွေဖြစ်သွားအောင်၊ ဘယ်မှာပဲနေနေ ဘာ profession ပဲ သူတို့ရွေးရွေး။ 

★ အဲဒီလိုမဟုတ်ဘဲနဲ့ ပြိုင်ဆိုင်ခိုင်းတယ်ဆိုရင် တစ်ယောက်အကြောင်းတစ်ယောက်လည်း မသိချင်တော့ဘူး။ တစ်ယောက်အကြောင်းတစ်ယောက် စိတ်မဝင်စားတော့ဘူး။ စိတ်ဝင်စားတယ်ဆိုရင် မကောင်းတဲ့ ရှုထောင့်ကိုပဲ စိတ်ဝင်စားတယ်။ 

★ အဲဒါကြောင့် ၁၉၆၀ ကျော်လောက်မှာ အိန္ဒိယနိုင်ငံရဲ့ UGC - University Grants Commission သူတို့က education reform အကြိမ်ကြိမ်လုပ်ပါတယ်။ အခုလည်း လုပ်ဖို့လိုတယ်ဆိုပြီးတော့ သူတို့တွေ ပြောနေကြတယ်။ ဒေါက်တာ Kothari ဆိုတဲ့ UGC chairman လုပ်တဲ့ ပုဂ္ဂိုလ်၊ သူရဲ့ report ထဲမှာ နာမည်ကြီးတဲ့ sentence လေးတစ်ခုပါတယ်၊ ဒါကတော့ မိဘတွေ ဆရာ ဆရာမတွေ သိပြီးသား။ 

The destiny of India is being shaped in her classrooms throughout the land. 

★ အိန္ဒိယနိုင်ငံရဲ့ ကံကြမ္မာကို သူ့ရဲ့စာသင်ခန်းတွေထဲမှာ ပုံဖော်ပါတယ်။ ဒါဖြင့် ဒီကံကြမ္မာကို ဘုန်းဘုန်းတို့က မုဒိတာနဲ့ ဖော်ချင်တာလား၊ တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြုတဲ့ဟာ၊ တစ်ယောက်ကိုတစ်ယောက် ရိုင်းပင်းတဲ့ဟာ၊ growth mindset နဲ့ အဲဒီဟာ ပုံဖော်ချင်သလား။ 

★ ဒါမှမဟုတ် တစ်ယောက်ကိုတစ်ယောက် ပြိုင်ဆိုင်ပြီးတော့ ဖျက်လိုဖျက်စီးစိတ် ဖြစ်တဲ့ဟာ စိတ်ထဲမှာ မလုံမခြုံဖြစ်တဲ့စိတ် insecure mind အဲဒါနဲ့ ပုံဖော်ချင်သလား စဥ်းစားသင့်တယ်၊ ကိုယ့်လက်ထဲမှာရှိတယ်။ 

★ အဲဒီတော့ ကလေးတွေကို motivation ပေးဖို့ဆိုတာ သူက ပြိုင်ခိုင်းမှ မဟုတ်ဘူး။ ပြိုင်ခိုင်းရင် နံပါတ်တစ် သူတို့ကို insecure ဖြစ်အောင် လုပ်တယ်။ နံပါတ်နှစ် သူတို့ကို တခြားလူနဲ့ အမြဲတမ်း နှိုင်းယှဥ်လေ့ရှိတယ်။ နှိုင်းယှဥ်တယ်ဆိုရင် Buddhist psychology ဗုဒ္ဓတရားတော် အဘိဓမ္မာအရ ပိုက်ဆံဘယ်လောက်ပဲ များများဝင်ဝင် နည်းနည်းဝင်ဝင် နှိုင်းယှဥ်ပြီးတော့ ပိုက်ဆံရှာတယ်ဆိုရင် လောဘပဲ။ 

★ သူစီးတဲ့ကားလိုမျိုး ငါ စီးပြမယ်။ သူ့အိမ်လိုမျိုး ငါ ဆောက်ပြမယ်။ အဲဒီစိတ်နဲ့ ရှာသမျှပိုက်ဆံ လောဘပဲတဲ့။ အဲဒီစိတ်နဲ့မဟုတ်ဘဲနဲ့ လူ့လောကရဲ့ပြဿနာတွေ အများကြီးရှိတယ်၊ တို့နိုင်ငံရဲ့ပြဿနာတွေ အများကြီးရှိတယ်။ 

★ ဥပမာ ငွေကြေးဖောင်းပွတဲ့ဟာ။ ဒီဟာကို ငါ တစ်ယောက်တည်းနဲ့ ဖြေရှင်းလို့မရဘူး။ သူတို့ချည်း ဖြေရှင်းလို့လည်း မရဘူး။ ရှိသမျှ ကုမ္ပဏီတွေ အကုန်လုံး ဒီထက်ပိုအောင်မြင်မှ ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်မှာ။ 

★ အဲဒီလိုလုပ်ပြီးတော့ လူနဲ့မပြိုင်ဘဲနဲ့ ပြဿနာနဲ့ပြိုင်ရင်တဲ့ တစ်နေ့ကို ဘီလီယံနဲ့ချီပြီးတော့ ဝင်လည်းပဲ လောဘမဖြစ်ဘူး။ ဖြစ်ရင်တောင်မှ နည်းနည်းပဲဖြစ်မှာပေါ့။ ဘာပဲဖြစ်တာတုန်းဆုတော့ လာဘ ပဲ ဖြစ်တယ်။ 

★ လာဘနဲ့လောဘက ဘာကွာတုန်းဆို သဝေထိုးပဲကွာတာ။ ဒါပေမဲ့ စိတ်ဓါတ်ကတော့ အများကြီးကွာတယ်။ လာဘဆိုတဲ့ဟာက အများရဲ့ပြဿနာကို motivation ယူပြီးတော့ ကြိုးစားတာ။ တို့ ဒီလောက်ပဲ အောင်မြင်လို့ တို့နိုင်ငံက တို့ရဲ့ပိုက်ဆံက ဒီလို တန်ဖိုးမရှိဘူး ဖြစ်နေတာ။ ဒါကြောင့် တို့တွေ ဒီထက် အဆ ၂၀၊ အဆ ၄၀၊ အဆ ၈၀ ပိုအောင်မြင်ရမယ်။ အဲဒီလို ကိုယ့်ဟာကိုယ် motivate လုပ်ရမယ်။

★ အဲဒီလို motivate လုပ်တာ ဒါ ဘုရားအလောင်းရဲ့စိတ်ဓါတ်။ ပိုက်ဆံရှာနေတာနော်။ ပိုက်ဆံအများကြီး ဝင်အောင်လုပ်နေတာ၊ လောဘ မဖြစ်ဘူး။ ဘာပဲဖြစ်တုန်း လာဘ ပဲ ဖြစ်တယ်တဲ့။ ရဟန္တာထဲမှာ အရှင်သီဝလိကို လာဘ်လာဘအကောင်းဆုံးဆိုပြီးတော့ မြတ်စွာဘုရားက ချီးမွမ်းထားတယ်။ ရဟန္တာ ဆိုရင် လောဘကတော့ ဇီးရိုးပဲ။ လာဘကတော့ အများကြီးရှိနိုင်တယ်။ 

★ ဒါကြောင့် ကလေးတွေကို ပြိုင်ဆိုင်ခိုင်းတာမျိုးတွေ မလုပ်ပါနဲ့။ အချင်းချင်း ပြိုင်ဆိုင်ခိုင်းမယ့်အစား ဘာလုပ်ရမှာတုန်းဆိုတော့ ဘယ်သူနဲ့ပြိုင်ရမှာတုန်း။ ပြဿနာနဲ့ ပြိုင်ရမယ်။ တချို့တွေဆိုရင် ကင်ဆာရောဂါနဲ့ပြိုင်တယ်။ တချို့ဆိုရင် နှလုံးရောဂါနဲ့ ပြိုင်တယ်။ ပြိုင်ပြီးတော့ သုတေသနတွေလုပ်တယ်။ 

★ Europe နဲ့ အမေရိကားမှာ malaria - ငှက်ဖျားတွေ မရှိတော့ဘူး။ ပြိုင်ဆိုင်တာပြောတာ၊ ပြဿနာနဲ့ပြိုင် အနိုင်ရသွားတယ်။ အဲဒီလိုပုံစံမျိုးနဲ့သာ ပြဿနာနဲ့ ဆက်ပြိုင်မယ်ဆိုရင် လူက အခုလက်ရှိထက် တဖြေးဖြေး တိုးတက်သွားမှာပဲ။ 

★ လူချင်းပြိုင်ဆိုင်တဲ့အခါကျတော့ ဘုန်းဘုန်းရဲ့ဒကာတစ်ယောက် သူက ဆရာဝန်၊ ferrari အရမ်းစီးချင်တာ။ စီးချင်တဲ့အခါကျတော့ အလုပ်ကြိုးစားပြီးတော့ လုပ်တာ ferrari ဝယ်စီးနိုင်ရော။ စိတ်ထဲမှာ အရမ်းပျော်တယ်။ နှစ်ပတ်သုံးပတ်လောက် ကြာတဲ့အခါကျတော့ အဲဒီ ferrari စီးပြီးတော့ မီးပွိုင့်မှာ ရပ်နေတဲ့အချိန် တခြားလူတစ်ယောက်က သူ့လို ferrari စီးပြီးတော့ သူ့နားလာရပ်တာ။ အရမ်းစိတ်ဆိုးတာတဲ့။ 

★ စိတ်ထဲမှာ နင် ferrari စီးခွင့်မရှိဘူး။ ငါ့လို ဘာလို့ ferrari စီးတုန်း။ သူက စီးတဲ့အခါကျတော့ ကိုယ့်ရဲ့ ferrari က special မဖြစ်တော့ဘူး၊ unique မဖြစ်တော့ဘူး။ unique ဖြစ်ချင်တာတဲ့။ ပြဿနာဖြစ်တာတောင်မှ unique ဖြစ်ချင်တာ။ 

★ ဒီလိုပြဿနာမျိုး လောကကြီးထဲမှာ ဘယ်သူမှ မခံစားဖူးဘူး၊ ငါ တစ်ယောက်တည်း unique ဖြစ်ချင်တာ။ average လို့ပြောရင် စိတ်ဆိုးမှာပဲ။ သူများနဲ့တန်းတူ သူများနဲ့တူတူပဲလို့ပြောရင် စိတ်ဆိုးမှာ။ ဘာ စိတ်ဆိုးစရာရှိတုန်း၊ သူများနဲ့တူတာ ဘာစိတ်ဆိုးစရာရှိတုန်း။ 

★ အဲဒါကြောင့် ကိုယ်ကလည်း ferrari စီးချင်တယ်ဆိုရင် ရှိတဲ့လူတွေလေ မိဘအဖွဲ့ဝင်တွေ အကုန်လုံး ferrari စီးတာ တွေးပြီးတော့ စိတ်ထဲမှာ မုဒိတာဖြစ်ရင် ကုသိုလ်ဖြစ်နေတယ်။ လောဘမဖြစ်ဘူး၊ လာဘ ပဲဖြစ်တယ်။ 

★ ပိုက်ဆံလည်း အများကြီးဝင်တယ် ကုသိုလ်လည်းဖြစ်တယ်။ ပိုက်ဆံရှာရင်းနဲ့ ကုသိုလ်ဖြစ်နေတာ။ မလှူရသေးဘူးနော်၊ လှူလို့ကုသိုလ်ဖြစ်တာ အဲဒါ လူတိုင်းသိတယ်။ အခုဟာ မလှူရသေးဘူး။ ပိုက်ဆံရှာရင်းနဲ့ကို ကုသိုလ်ဖြစ်နေတာ။ 

★ ဘာဖြစ်လို့တုန်းဆိုတော့ စိတ်ထားတတ်လို့။ အဲဒါကိုပဲ mindset လို့ခေါ်တယ်တဲ့။ ဒီ mindset နဲ့ဆိုရင် ကျောင်းတိုင်းကျောင်းတိုင်း မိဘတိုင်း မိဘတိုင်း ဆရာ ဆရာမတိုင်း ဒီ mindset နဲ့ဆိုရင် ဘုန်းဘုန်းတို့ နိုင်ငံကို အချိန်တိုတိုအတွင်းမှာ သူများနဲ့တန်းတူအောင် လုပ်ဆောင်နိုင်တဲ့အရည်အသွေးတွေ ရှိတယ်လို့ ဘုန်းဘုန်းက ယုံကြည်တယ်။ 

ကဲ အားလုံး ဘေးကင်းရန်ကွာ ကျန်းမာ ချမ်းသာကြပါစေ။ 

သာဓု၊ သာဓု၊ သာဓု။ 

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်

ပါမောက္ခ ‌ဒေါက်တာအရှင်ဓမ္မသာမိ

🙏🙏🙏

(၁၃.၈.၂၀၂၆) MISY ကျောင်း ဝါဆိုသင်္ကန်းအလှူတွင် မိဘများ၊ ဆရာဆရာများအတွက် ဟောကြားတော်မူခဲ့သော တရားတော် မှ စာစီပူဇော်ပါသည်။ 

Telegram Channel https://t.me/OxfordSayadaw ကနေလည်းတရားစာပို့စ်များကို ဖတ်ရှုနိုင်ပါတယ်။ Telegram တွင် တရားစာသားများကိုကော်ပီယူလို့ရပါတယ်။