logo

သစ္စာပါရမီ

ဓမ္မရိပ်သာ

သူဌေးပါးဝပါ၊ အမြင့်ဆုံးချမ်းသာကို ရအောင်ယူထားသင့်တယ်

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
8/18/2026
သူဌေးပါးဝပါ၊ အမြင့်ဆုံးချမ်းသာကို ရအောင်ယူထားသင့်တယ်

❖ လောကမှာ ဘယ်ဟာမှ တကယ်တော့ နှစ်သက်စရာ အဆန်းမဟုတ်တော့ဘူး။ ရိုးနေပြီ။ များစွာချမ်းသာဖူးပြီ၊ များစွာဆင်းရဲဖူးပြီ၊ တော်လောက်ပြီလေ ပင်ပန်းလှ‌ပေါ့။ ကုသိုလ်လေးနဲ့တွဲပြီးနေရင် မကောင်းဘူးလား။ အေးအေးချမ်းချမ်းနေတာ ကောင်းတာပေါ့။ နားလည်တယ်နော်။ 

❖ ချဲ့ရင်ချဲ့သ‌လောက်ပေါ့ ရတော့ရတာပေါ့နော်။ ပင်ပန်းတာနဲ့ ချိန်ရတာပေါ့နော်။ ချိန်ဆပေါ့နော်။ ချိန်ဆပြီးတော့ နည်းနည်းအေးအေးချမ်းချမ်းလေးနေရင် မကောင်းဘူးလား။ ရွေးချယ်တာမှန်ရမယ်နော်။ ရွေးချယ်တာ ဉာဏ်ပါမှနော်။ တဏှာတရားဟောကို ဉာဏ်နဲ့ထိန်းချုပ်ရမှာနော်။ 

❖ ရှိတယ်ဗျာ အမေရိကန်မှာ စာထဲ ဖတ်ရဖူးတယ်။ သူ့အဖေကြီးက အရမ်းချမ်းသာတယ်။ မိန်းမ အငယ်လည်း ရှိတယ်။ သေသွားတဲ့အခါကျတော့ သူက အမွေရတာဆိုတော့ မန်နေဂျာကြီးကို အဖေက ဘယ်လောက်‌ ပေးလဲဆိုပြီး နှစ်ဆပေးမယ်တဲ့။ 

❖ သူက လုပ်ငန်းလည်းနားလည်တယ်။ မိန်းမအငယ်ကိုလည်း ပေးသင့်တာ ပေးပြီးတော့၊ မန်နေဂျာကို နှစ်ဆပေးပြီးတော့ အလုပ်ကို ဆက်လုပ်တဲ့။ ငွေတွေ အများကြီး ပေးလိုက်ပြီးတော့ကား သူက လူပါး၊ သူပိုင်တဲ့ ဟော်တည်တွေမှာ ပတ်ပြီးတော့ အိပ်နေတာ။ အကြောင်ရှိမှ ဖုန်းဆက်။ 

❖ ရွေးချယ်မှု မှန်သွားတော့ သူက အေးချမ်းနေတော့တာဘဲ။ တော်တော့တော်သားလို့ ဘုရားတရားသာနာရင် ဒီပုဂ္ဂိုလ်မဆိုးဘူး လမ်းကြောင်းမှန်နိုင်တာနော်။ သဘောပေါက်လား။ ကိုယ့်ကိုယ်ကိုယ်လည်း သက်သာအောင် လုပ်ရသေးတယ်။ နှလုံးအေးအောင်လည်း နေရသေးတာပေါ့။ သဘောပေါက်လား။ 

❖ အဲဒီတော့ မှတ်ထားနော်။ အချို့ ချမ်းတော့ ချမ်းသာတယ်၊ မိုးကုတ်ဆရာတော်ဘုရားကြီးက ဆုံးမဖူးတယ်။ သူဌေးတွေ ကိုးကွယ်တာ အများကြီးဘဲပေါ့။ ဆရာတော်ကြီးကို လာကိုးကွယ်တဲ့ အထဲမှာ သူဌေးတွေ အများကြီးဘဲ။ ပြောတယ် ဆိုတယ် ဆိုရင်တဲ့ ခင်ဗျားတို့နော် သူဌေးပါးမဝဘူးနော်တဲ့ ပြောပစ်တာ။ 

❖ သူတို့က အတွေးမရပ်ရဘဲနဲ့ မနားတမ်းတွေးနေရမှတော့ အခြေအနေမကောင်းတော့ဘူး။ ကိုယ့်အတွက် ကိုယ်ပိုင်ချိန် မပါတော့ဘူး။ ကိုယ်ပိုင်ချိန်လေးမှ ရအောင် မလုပ်တတ်ဘူးဆိုရင် သူဌေးပါးမဝဘူးလို့ ခေါ်တာပေါ့။ ရုတ်တရက် သေသွားရင် ကိုယ်ရှုံးမှာ။ နားလည်ကြရဲ့လား။ 

❖ ဒီတရားကို မှတ်ထားပါ။ ဘယ်အချိန်ဖြစ်ဖြစ် နှလုံးသွင်းတတ်အောင် ကြိုးစားထားရမှာ။ အလုပ်သွားရင်းလည်း လမ်းမှာလည်းဘဲ ဒီတရားကို ရအောင် သွင်းတတ်ရမယ်။ ကိုယ်ပိုင်ချိန်ရအောင် ထုတ်ထားကြ။ လုပ်ထားကြပါ။ တတ်သွားပြီဆိုရင်တော့ ရပြီ လုပ်ရင်းကိုင်ရင်းလည်း သွင်းလို့ရသွားပြီ။ သဘောပေါက်လား။ ရအောင်ယူထားကြမယ်နော်။ 

❖ မခက်လည်း မခက်ဘူး။ နားလည်သွားရင် မခက်ပါဘူး။ သို့သော် သဒ္ဓါတရားတော့ လိုအပ်တာပေါ့။ ဘာလိုအပ်တာတုန်း။ (သဒ္ဓါတရားပါဘုရား)။ ဘုရားရဲ့ ဉာဏ်တော်ကို ယုံတဲ့ သဒ္ဓါတရား လိုတယ်နော်။ ဉာဏ်မှီမှလည်း ရမှာလေ။ နားလည်မလား။ အဲ့တော့ ရှာပါဖွေပါ၊ ရှာရင်းဖွေရင်းလည်း ဒီတရားရရင်တော့ ပြီးပြီပေါ့။ 

❖ အနည်းဆုံးတော့ အပါယ်မကျအောင်တော့ ထိန်းဖို့ မလိုဘူးလား။ (လိုပါတယ် ဘုရား)။ အေးပေါ့ ထိန်းရမှာပေါ့။ ဒီမှာ မှတ်ကြပါ ကိုယ့်သန္တာန်မှာ ဥပါဒါန် ပြန်ကြည့်မယ်။ ခုတရားဟောတာဆိုရင် ဥပါဒါန်ရှိမှ ကံဆိုတာ လာတာကိုး။ ကိုယ့်သားသမီးတွေအတွက် ဘုန်းဘုန်းက ရွေးချယ်ရပြန်ရော။ ဘယ်တရားဟောရင် ကောင်းမလဲ။ 

❖ ဒီနေ့တော့ သစ္စာတရားဆို ဘယ်လိုဟောရင် ကောင်းမလဲနဲ့ ရွေးချယ်ရတာနော်။ ပြီးတော့မှ အားလုံးကို ဖြစ်ချင်တဲ့ပုံစံက ဘာလဲဆိုတော့ သဘောပေါက်သွားစေချင်တာ နောက်ဆုံးပန်းတိုင်ပေါ့။ အဲ့မရောက်မချင်း ဘုန်းကြီးက ဟောရတော့မှာ၊ အကောင်အထည်ဖော်တယ် ခေါ်ရတာပေါ့။ နားလည်မလား။ ရမယ်နော်။ ကောင်းပြီ။ 

❖ ကိုယ့်ကိုယ်ကိုယ်လည်း သုံးသပ်ပါ။ ငါဘယ်ဥပါဒါန်နဲ့ နေတာလဲလို့ ပြန်သုံးသပ်ရတယ်။ သဘောပေါက်လား။ တဏှာအကြီးစား ခေါ်တယ်။ သူချတဲ့ လမ်းကြောင်းပေါ်ကို သွားနေရတာ။ အခိုင်းခံနေရတာ ခေါ်တယ်။ အဲဒါကို ဉာဏ်နဲ့ ထိန်းချုပ်တတ်ရတယ်။ မလိုရင် ဖျက်ပစ်လိုက်ရမယ်။ သဘောပေါက်ရဲ့လား။ ရပ်ပစ်လိုက်ရမယ်နော်။ ကြိုးစားရမယ်။ ကောင်းပြီ။ 

❖ ဒီနေရာ ဘုန်းဘုန်းတို့ ကံဆိုတာလည်း အရှိန်အဟုန် တစ်ခုဘဲလို့ မှတ်ရမယ်။ ဘာတဲ့တုန်း။ (အရှိန်အဟုန်တစ်ခုပါဘုရား)။ နှလုံးသွေးပေါ်မှာ မှီပြီးတော့ တွေးရင်း တွေးရင်းနဲ့က ဖြစ်ချင်တာနဲ့ ဖြစ်နေတာက ကွာဟသွားလို့ရှိရင် ပင်ပန်းလာရင် နှလုံး အေးမလား။ ပူမလား။ (ပူပါတယ် ဘုရား)။ ပူလာရင် ရုပ်တွေ အကုန်လုံး ပျက်စီးကုန်ပြီ။ ဟော်မုန်းလည်းညံ့ အကုန်ပျက်စီးကုန်တော့တာနော်။ 

❖ အဲဒါကို ချိန်ဆပြီးတော့ မေတ္တာပေါင်းပြီး အေးချမ်းမယ်ဆိုရင်တော့ အအေးဓာတ်ဆိုရင်တော့ ကြည်လင်မလာဘူးလား။ အထက်ဆန်လိမ့်မယ်။ အဲဒါက နောက်ဆုံး အနှစ်သာရဘဲ။ ဘဝပြောင်းတယ်ခေါ်တယ်။ ဘာတဲ့တုန်း။ (ဘဝပြောင်းတာပါ ဘုရား)။ အဲဒါကို ဘုရားက နောက်ဆုံးပန်းတိုင်ထားတာနော်။  

❖ ရှာတော့ရှာ ရှာရင်းနဲ့ ဘဝက ပြိတ္တာလိုဖြစ်သွားပြီဆိုရင် အဓိပ္ပါယ်မရှိတော့ဘူး။ ကားတော့စီးနေတယ်၊ သိန်းပေါင်းများစွာတန်တဲ့ကာား စီးနေတယ်။ ကားစီးနေရင်း ပြိတ္တာကြီးနဲ့တူနေရင် အလကားပဲ၊ အဓိပ္ပါယ် မရှိဘူးလေ။ ဒေါသဖြစ်နေရင် နဂါးနဲ့တူနေမယ်။ မြွေနဲ့တူနေမယ်။ 

❖ သွားရင်းလာရင်းနဲ့ စီးတာတော့ ကားကြီးက တန်ဖိုးရှိတာ စီးတာပဲ။ ဘဝက သတ္တဝါနဲ့ တူနေရင် အဓိပ္ပါယ်မရှိဘူးလေ။ ချမ်းလည်းမချမ်းသာဘူး။ ဘဝကို အဓိကထားရမှာ။ နားလည်ကြရဲ့လား။ ဒါကြောင့် အချိန်တိုင်းတွေးနေရင်း ဘဝပြောင်းနေသည်။ တရားတိုးသင်တာနော် အရေးကြီးတယ်နော်။ 

❖ လမ်းသွားရင်လည်း အဲဒီဘဝကို အကဲခတ်ရတယ်။ ဘဝပြောင်းတာက ပြိတ္တာလား နတ်လား ကိုယ့်ကိုယ်ကိုယ် ခွဲခြားတတ်ရမယ်ဗျာ။ ပြောရင်းလုပ်ရင်း ဘာလုပ်လုပ် ကြမ်းတမ်းလာပြီဆိုရင် နှာခေါင်းရှည်ထွက်လာပြီ၊ သတ္တဝါနဲ့တူသွားပြန်ပြီ။ ဒါကို ထိန်းချုပ်ပြီးတော့ကား နတ်လိုဖြစ်အောင် အနည်းဆုံးနေနိုင်အောင် ကြိုးစားရမယ်။ အေးချမ်းအောင် နေရမှာနော်။ 

❖ လွတ်မြောက်သွားရင်တော့ အကောင်းဆုံးပေါ့။ ပုံစံမဲ့ ဖြစ်သွားရင်တော့ အကောင်းဆုံးပေါ့။ ဒါကြောင့်မို့လို့ ကိစ္စပြီးသွားတဲ့ အရှင်မြတ်ကြီးတွေက တဏှာအစပ်ပြတ်သွားတယ်ခေါ်တယ်။ မစပ်ဘဲနဲ့ ပြတ်သွားရင်တဲ့ ပြတ်ခြင်းဖြတ်ခြင်းကို အရဟတ်လို့ သုံးတယ်။ အဲဒါကို အရဟန္တာ၊ အရဟံဆိုတာ အဲဒီကနေလာတာနော်။ တဏှာအစပ် ပြတ်သွားပြီတဲ့။ ကြိုက်တာလာတိုက်တော့ ဆက်တွေးစရာစကားကို မရှိတော့ဘူး။ သတ္တဝါလည်း မရှိတော့ဘဲနဲ့ ဘဝအဆုံး နုလုံးသွင်းနိုင်ပြီ။ ပြီးဆုံးနေပြီ။ 

❖ သေမယ့်ရောဂါလာလည်း ကြိုက်သလောက်လာတဲ့၊ ငါ လို့ ထင်တာ မလာတော့ကား၊ ဝေဒနာအဆုံး၊ ဘဝအဆုံးပဲ လွတ်မြောက်နေကြပြီ အေးချမ်းသွားပြီ။ မကောင်းဘူးလား။ အဲဒီရောက်အောင် သွားကြရမှာ။ မင်္ဂလသုတ်မှာ အဲဒါ နောက်ဆုံးပဲနော်။ 

“ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ။ အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင်္ဂလာ မုတ္တမံ။”

❖ ယဿ - အကြင်၊ အရဟန္တာဆိုတာ တဏှာအစပ်ပြတ်သွားတဲ့ အရှင်မြတ်တွေသည် သူတို့သန္တာန်မှာ အမှောင်ဓါတ်သတ္တိ ကိလေသာသတ္တိ လုံးဝမရှိတော့ဘူး။ မရှိတော့ ဆက်စရာအကြောင်းရှိသေးလား။ မရှိတော့ဘူး။ တဏှာမလာတော့ဘူး။ 

❖ ပြတ်သွားတဲ့ အရှင်မြတ်တို့ရဲ့ စိတ္တံ စိတ်ဟာတဲ့ လောကဓံ ဆိုတာ အခြားမဟုတ်ပါဘူး အာရုံတိုက်တာ ပြောတာပါပဲ၊ အကောင်းအဆိုး လာချင်တာလာပေါ့။ ခန္ဓာငါးပါးပေါ် ကြိုက်သလောက် မနောအထိ ပေါ်ချင်တာပေါ်တော့ န ကမ္ပတိ - မတုန်လှုပ်ဘူးတဲ့။ သတ္တဝါ မယူတော့ဘူးလေ။ ခန္ဓာနိရောဓပေါ်နေပြီ၊ လွတ်မြောက်နေပြီ။ 

❖ အသောကံ - အပူသောကလည်း မလာတော့ပါဘူး။ ကိလေသာဆိုတဲ့ အပူလည်း လာသေးလား။ ဝဋ်သုံးပါးလွတ်တော့ ဘေးမရှိတော့ဘူး။ လွတ်မြောက်ကြပြီ။ အဲဒီရောက်အောင် သွားကြရမှာ။ အမြင့်ဆုံးချမ်းသာခေါ်တယ်။ အမြတ်ဆုံးချမ်းသာခေါ်တယ်။ အဲဒီရောက်အောင် သွားစေချင်တယ်။ 

❖ အဲဒါ ရထားရင်တော့ စီးပွားဆိုတာကတော့ အသေးအဖွဲ့လေးပါ၊ စိတ်ဝင်စားစရာ သိပ်မရှိပါဘူး။ ကုသိုလ်ရှိရင် ပြီးနေတာကိုး။ ဘုရားကို ပြန်အကဲခတ်ပါ၊ ဘုရားရှင်သည် ပါရမီပြည့်လို့ နောက်ဆုံးပိတ် စကြာမင်းဖြစ်တော့မှာနော်။ အင်မတန် အားပြည့်တဲ့အရှင်မြတ်ကြီး အကုန်ထားပစ်ခဲ့တယ်။ 

❖ ဒီလမ်းရလည်းရသွားရော စကြားမင်းအစစ်လို့ခေါ်တယ်။ ဗြဟ္မာမင်း နတ်မင်း အားလုံးက ကန်တော့ကြရပြီ၊ စွမ်းအားပြည့်သွားတာ။ နားလည်မလား။ လွတ်မြောက်သွားပြီတဲ့။ အရှင်မြတ်ကြီးက မေတ္တာကြီးမားတယ်။ ပင်ပန်းခံပြီးတော့ သတ္တဝါတွေဉာဏ်ကြည့်ပြီးတော့ လိုက်ရွေးချယ်ပြီးတော့ လမ်းပေးနေတာလို့ သိရတယ်။ နားလည်ကြမလား။ 

❖ တို့တတွေက ချမ်းသာတာကို အကြီးအကျယ်လုပ်မနေကြနဲ့နော်။ မဆန်းတော့ဘူး။ များစွာချမ်းသာတယ်၊ အိုတာတားမရ၊ ရောဂါဝင်တာတားမရ၊ သေမှာတားမရ။ ဟုတ်ရဲ့လား။ တွေးရင်းနဲ့ ဘဝပြောင်းတာ မသိတဲ့ပုဂ္ဂိုလ် ခံရတော့မှာ။ ဘေးကကြည့်တော့ သူဌေး၊ ကားစီးပြီးတော့ ခေါင်းက ပြိတ္တာခေါင်းဖြစ်နေရင် အလကားပေါ့၊ အဓိပ္ပါယ်မရှိဘူး။ ပြင်ရလိမ့်မယ်။ နားလည်ကြရဲလား။

❖ အမြင့်ဆုံးချမ်းသာကို ရအောင်ယူထားသင့်တယ် ဆုံးဖြတ်ချက်ချရမယ်။ ဘုန်းဘုန်းတို့လည်း ဘုရားစကားနားထောင်ပြီး အပင်ပန်းခံ၊ ကိုယ့်သားသမီး အချိန်စောင့်ပြီး ဟောရတာပေါ့။ နားလည်တယ်နော်။ ဥစ္စာစည်းစိမ်က ကိုယ်နဲ့မဆိုင်ပါဘူး ထားခဲ့ရမှာလေ။ ကုသိုလ်ဖြည့်ကြနော်။ 

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

🙏🙏🙏

GIC မိသားစု (၂)ရက်တရားသင်တန်း (၅.၇.၂၀၂၆ - ပထမအချိန်) #သစ္စာလေးပါးတရားတော်မှ စာစီပူဇော်ပါသည်။