❖ နောက်တစ်ခုက ကာလသုံးပါးလွတ်တယ်ဆိုတဲ့ စကားလေးက ပိုနက်ရှိုင်းတယ်။ နာပြီးသားတရား ထပ်နာကြနော်။ ဒါ သန္တတိ အမတ်ကြီးအကြောင်းပါပဲ။ ဒီအမတ်ကြီးက ပြီးခဲ့တဲ့ဘဝတွေတုန်းက ဓမ္မဒါနလုပ်တာပေါ့နော်။ နိဗ္ဗာန်ဆော်ကြီး၊ တရားပွဲမှာ တရားရပြီး ဝမ်းတွေသာ၊ ဘေးကပျော်တာတဲ့။ အဲဒီအားတွေက တန်ပြန်များတာပေါ့။ ဉာဏ်ရင့်စေတယ်၊ အဆင်တန့်မြင့်စေတယ်၊ အားကောင်းတယ်။ အဲဒီတော့ တရားတစ်ပုဒ်နဲ့ ရဟန္တာမယ့်ပုဂ္ဂိုလ်ဖြစ်လာတဲ့။
❖ ဥပမာအားဖြင့် ညောင်ပင်အမြစ်တွေကို ကြံ့ကြီးတွေက ဂျိုနဲ့လျှောက်ထိုးကြတာမှာ တစ်မြစ်ထဲကျန်တော့ လေတစ်ချက်တိုက်ရင် လဲမတတ်တဲ့၊ တရားတစ်ပုဒ်နဲ့ ရဟန္တာမယ့် ပုဂ္ဂိုလ်ဖြစ်လာတာနော်။ သန္တတိ အမတ်ကြီးဖြစ်တော့ ကောသလမင်းကြီးကလည်း စစ်ပွဲတိုင်းရှုံးတယ်။
❖ နောက်ဆုံးပွဲသိမ်းစစ်ပွဲကျတော့ သူ အကြံအိုက်တာနဲ့ အမတ်ကြီးကို တာဝန်ပေးလိုက်တော့ ရဟန္တာမယ့် ပုဂ္ဂိုလ်ဆိုတာ ဉာဏ်ကောင်းတယ်လေ။ စစ်ပရိယာယ်နဲ့ တိုက်လိုက်တော့ နိုင်သွားတော့မှ ချီးမြှောက်တဲ့အနေနဲ့ ငါ နန်းကဆင်းပေးမယ်တဲ့။ ၇ရက် ဘုရင် လုပ်ပါတဲ့ အပ်တယ်၊ စိတ်ချလက်ချတယ်။
❖ ပုထုဇဥ်ပဲ ရှိသေးတယ် ဒီတရားမပေါက်သေးဘူး၊ တဲတဲလေးရှိသေးတာနော် ရတော့ရခါနီးပြီ။ အဲဒီတော့ အကြိုက်ပျော်တာတဲ့။ ပျော်တယ်ဆိုတာက အမှန်က သီလ ဖျက်စီးတာ။ သီချင်းဆိုကြတယ်၊ နစ္စ၊ ဂီတတွေ၊ အရက်တွေသောက်ကြတယ်၊ ပရမ်းပတာပေါ့။ အဲဒါကို ဖျက်စီးတာကို ပျော်တယ်ထင်တာနော်။
❖ ကချေမတစ်ယောက်လည်း ရွေးလိုက်သေးတယ်တဲ့။ ၇ရက်ပြည့်တဲ့မနက်ကျတော့ ဘုရင် သံသယမရှိအောင် ညနေစောင်းကျမှ ဘုရင်ရာထူးက ပြီးမယ်ဆိုတော့ နန်းတော်ကခွါမယ်ကွာ၊ ဂင်္ဂါမြစ်ကမ်းမှာ သောက်ပွဲကျင်းပသိမ်းမယ်။ ဂင်္ဂါမြစ်ကမ်းကို သွားကြတာပေါ့။
❖ မြို့တံခါးကျတော့ မနက်စောစောထွက်တော့ ဘုရားကဆွမ်းခံအဝင်သွားဆုံကြတာ။ ဘုရားကသိပြီတဲ့၊ ဘုရားကိုမြင်တော့ သူက လက်အုပ်ချီတာက ခေါင်းတောင် မသယ်နိုင်ဘူး။ ဘုရားက ပြုံးတော်မူတာက သိလို့မို့လို့ တရားဟောချင်လို့မို့လို့ နှုတ်ခမ်းလေးပွင့်ရုံပြုံး ပြန်ပိတ်လိုက်တော့ကား ဝင်းလက်တဲ့ လျှပ်စစ်ဓါတ်လိုပဲတဲ့၊ ရောင်ခြည်တော် ထွက်သွားပြီးတော့ ဦးထိပ်မှာဝဲနေတာကိုး။
❖ နောက်ကနေတဲ့ အာနန္ဒာမထေရ်က သိသဖြင့် ရှေ့တက်၊ တရားတောင်းတော့တဲ့ ဘုရားရှင်က အသံတော်က နတ်ပြည်က ကြားအောင်ပိုင်းရင် ကြားတယ်တဲ့။ တပြည်လုံကြားအောင် ပိုင်းပြီးတော့ ဒီပုဂ္ဂိုလ်ကြီးကကွယ် ညနေစောင်းကျရင် ရဟန္တာမယ်လို့ အမိန့်ရှိလိုက်တော့ အကုန်ကြားသွားတာပေါ့နော်။
❖ ဘာသာခြားပုဂ္ဂိုလ်တွေက ဒီတခါ ဘုရားမှားမှာတဲ့ အရက်သမား ရဟန္တာရမလားပေါ့။ ကဲ့ရဲ့ဖို့ စောင့်ကြတာ။ ဘုရားသားသမီးတွေကတော့ ကြည်ညိုဖို့ စောင့်ကြတာပေါ့။ နောက် အစွမ်းကုန်ပျော်ရင်းနဲ့ ကချေသည်မလေးက ထူးခြားတာက ရေသောက်တာများတယ်တဲ့ ပေါ့ပါးအောင် ခါးသေးအောင်။ အရမ်းပင်ပန်းပြီး ကရင်းနဲ့ မူးလည်းသွားတာ၊ ထိုင်ရာက ထပွေ့တော့ အသက်မရှိတော့ဘူး။
❖ အဲဒီတော့ ပွေ့ထားတာက အသက်မရှိတဲ့အလောင်း, ဒါပေမဲ့ ဒီဘက်မှာ အမှောင်ဖုံးထားတော့ သတ္တဝါထင်တော့ကား နောက်ကို ပြန်တွေးတယ်။ နောက်က ဖြစ်ရပ်တွေ တူတူနေခဲ့တာလေးတွေ စားခဲ့တာ တွေးပြီးတော့ အခုတော့ မရှိတော့ဘူး ဆိုရင်း ကွာဟပြီဆိုရင်း ငိုရရင်း။
❖ အနာဂတ်မှာ ဘယ်လိုစီမံထားတာတဲ့၊ အခုတော့ မရှိတော့ဘူး စိုပြန်ရင်း ငိုပြန်ရင်းနဲ့က ပူလိုက်တာတဲ့။ အဲဒီတော့ပူတဲ့ ပုဂ္ဂိုလ်တွေက မှတ်ထားပါ၊ ကာလသုံးပါးဆက်လို့ပူတာ။ ဘာလို့ ပူတာလဲ။ (ကာလသုံးပါး ဆက်လို့ ပူတာပါ ဘုရား)။ အနာဂတ်လည်း တကယ်ရှိတယ်ထင်တယ်။ အတိတ်လည်း တကယ်ရှိတယ်ထင်တယ်။ မပြီးနိုင်ဘူးနော်။ သတ္တဝါထင်ပြီး ဆက်တော့တာ ပူတာပေါ့။
❖ စဥ်းစားနော်၊ အိပ်မရဘူးဆို ရှေ့ကို ကြိုတွေးပြီး ပူတာလေ။ နောက်ကြောင်းပြန် အားမရ ရှိသေးတယ်။ အိပ်မရတာ အဲဒါတွေပဲလေ။ ကာလဆက်လို့ ပူတာကိုး။ သူလည်းပဲ သေလောက်အောင် ဖြစ်တော့ ပါရမီရှင်ဆိုတော့ ဘုရားမျက်နှာပေါ်လာတော့ အလောင်းထား ဘုရားဆီသွားတော့ ဒီတရား ဘုရားပေးလိုက်တော့ နားလည်သွားပြီ။
❖ ပိုင်သွားပြီဆိုတော့မှ ဘုရားက မေးခွန်းမေးတယ်တဲ့။ အားလုံးအတွက်ပါပဲနော်။ ချစ်သားတဲ့ အတိတ်ခန္ဓာဖြစ်ရပ်ဟာ တကယ်ရှိသလားလို့ ဘုရားက မေးလိုက်ပြီ။ ဆိုတော့ ပြန်ရှာတယ်။ လောက သမုတိသစ္စာအနေနဲ့ မနက်က စားခဲ့သောက်ခဲ့တာတွေ လှူခဲ့တန်းခဲ့တာတွေ တွေးရင် မပေါ်ဘူးလား။
❖ လောကဟာ အတိတ်လို့ မခေါ်ဘူးလား။ ဉာဏ်နဲ့စစ်လိုက်ပါ။ ပေါ်တဲ့အမူအရာက သတ္တဝါပါလား။ (မပါပါဘူး ဘုရား)။ အကောင်အထည် ဟုတ်လား။ (မဟုတ်ပါဘူး ဘုရား)။ စကားပြောသွားလာ။ (မပြောပါဘူး ဘုရား)။ ဖွဲ့ရင်းနဲ့ ရှေ့ဆက်မှာလား ပြီးဆုံးသွားတာလား။ (ပြီးဆုံးသွားတာပါ ဘုရား)။
❖ အဲဒီတော့ မုန်ပါ့ ဘုရားတဲ့။ အတိတ်ဆိုတာက အခေါ်ပဲရှိတယ်၊ စကားမပြောဘူးတဲ့။ ဖွဲ့ရင်းပျောက်သွားတာပဲ ရှိတယ်ဘုရားတဲ့။ အခေါ်သက်သက်ပဲ ရှိတာပါလားတဲ့။ အတိတ်လို့ပြောသွားလား။ (မပြောပါဘူး ဘုရား)။ စဥ်းစားနော်၊ အခုပဲ အသစ်ဖွဲ့ရင်း ပျောက်မသွားဘူးလား။ ဆိုတော့ အတိတ်ဆိုတာ အခေါ်ပဲရှိတယ်ဘုရားတဲ့။ တကယ်မရှိပါဘူးတဲ့။ ပြီးပြီးသားဖြစ်ရပ်ဟာ ပြန်လည်းဖော်လို့ မရပါဘူး။ သေချာသွားပြီနော်။
❖ ဒါဖြင့်ရင် အတိတ်နဲ့ယှဥ်တဲ့သောက ဖယ်လိုက်တော့တဲ့။ ပြီးပြီးသာ လွမ်းတာ ဆွေးတာ လုပ်မနေနဲ့တော့တဲ့။ ပြီးပြီးသားဟာကို ပြန်တွေးပြီးတော့ ဒေါသဖြစ်စရာမလိုဘူး၊ ပူစရာမလိုဘူး။ ဖယ်လိုက်တော့ဆိုတော့ ရှင်းသွားပြီ။ အနာဂတ်ခန္ဓာရောကွယ်တဲ့။ တကယ်ရှိလားဆိုတော့ စီမံကိန်းတွေ ပြောတာတဲ့။ ပုံတွေဖော်ကြတာပေါ့နာ်။ ပေါ်တာပေါ့။
❖ အခုလည်းပဲ ဘယ်လိုနေ ဘယ်လိုစားမယ်လို့ စီမံထားတာ ရှိတာပေါ့နော်။ ပုံပေါ်တာကို ဉာဏ်နဲ့စစ်လိုက်ရော အခုပဲ တွေးရင်းပျောက်၊ လောင်ရင်းကုန်သွားတာ၊ သတ္တဝါပါလား။ (မပါပါဘူး ဘုရား)။ အနာဂတ်ဟုတ်သေးလား။ (မဟုတ်ပါဘူး ဘုရား)။ အသစ်အသစ်ပဲ၊ လောင်ရင်း အဆုံးသတ်တာ ခန္ဓာနိရောဓ ပေါ်သောကြောင့် တင်ပါ့ဘုရား အနာဂတ်လည်း အခေါ်ပဲရှိပါတယ်၊ တကယ်မရှိပါဘူးတဲ့။ မသေချာဘူးလား။
❖ ဒါဖြင့် အနာဂတ်နဲ့ယှဥ်တဲ့ သောကလည်း ဖယ်လိုက်တော့တဲ့။ တွေးပူတာ ဖယ်လိုက်တော့တဲ့နော်။ ပစ္စုပ္ပန်ရောကွယ်တဲ့။ ဆုပ်ကိုင်ရပ်ထားပြီး တွေးစရာရှိလားဆိုတော့ ပေါ်တဲ့အမူအရာ ဆုပ်ကိုင်လို့ရလား။ (မရပါဘူး ဘုရား)။ ဖွဲ့ရင်းပြီးဆုံးတာ ဖြစ်သောကြောင့် မရှိဘူးဘုရားတဲ့။ ဝယဓမ္မာပဲ ပေါ်နေပါတယ် ဖြစ်သောကြောင့် ဒါဆိုရင် ပစ္စုပ္ပန်နဲ့ယှဥ်တဲ့ သောကလည်း ဖယ်လိုက်တော့တဲ့။
❖ ကာလသုံးပါးလွတ်လို့ရှိရင်ကွယ်တဲ့ တဖန်ဇာတိမလာပါဘူးကွယ်၊ လွတ်မြောက်ပါတယ်လို့ ဘုရား အမိန့်ရှိလိုက်တယ်။ လုပ်ကြံတာလား၊ အမှန်တရားလား။ (အမှန်တရားပါ ဘုရား)။ ဟုတ်တယ် အမှန်တရားလေ။
❖ ဘုရားသားသမီးတွေဆိုတာ မှတ်ထားနော်၊ အရှင်မြတ်ကြီးတွေက တကယ့်သစ္စာအမှန်နဲ့ နေကြတာ။ အမှားနဲ့မနေဘူး အမှန်နဲ့နေကြတာ။ အင်မတန် စင်ကြယ်တဲ့ပုဂ္ဂိုလ်ကြီးတွေ၊ အေးလည်းအေးချမ်းတယ်။ အပူသောကလည်း တကယ်မရှိတာ အမှန်။ ကြည်ညိုစရာ အင်မတန်ကောင်းတာ တွေ့ရပါတယ်။ နားလည်ပြီနော်။
❖ တောင့်တ ကြောင့်ကြတွေ မပါဘူးလေ။ အကျိုးပေးအတိုင်း အလိုက်သင့်ပဲ နေသွားတာနော်။ ရှိတာကို အကုန်စွန့်တာ မပါဘူးနော်။ ဘုရားရှင်ကြည့်၊ လှူထားတဲ့ နံ့သာကျောင်းကြီးတွေ ဘုရားကစွန့်ပြီး တောထဲသွားနေတာလား ဟုတ်လား။ အကျိုးပေးအတိုင်းနေပါတယ်။
❖ နေလို့လည်းပဲ တရားမရှိဘူး ပြောလို့မရဘူးလေ။ မိလိန္ဒပဉှပါပါတယ်။ လက်မှာ အနာမရှိရင် အဆိပ်ခွက်ကိုမွှေပါတဲ့၊ အဆိပ်တက်ပါ့မလား။ အနာရှိရင် တက်မှာပေါ့။ နေပါတယ်၊ သိန်းတန်တဲ့ကဗ္ဗလာလည်း ဘုရားကခြုံပါတယ်။ သင်္ကန်းလည်း ဝတ်ပါတယ်။ နံ့သာကျောင်းဆိုအကောင်းစားကျောင်း ဘုရား နေပေးပါတယ်။ သို့သော် အဆိပ်တက်ပါ့မလား။ (မတက်ပါဘူး ဘုရား)။ လွတ်မြောက်အောင် နေတာပဲလေ။
❖ အဲဒီတော့ အမူအရာတွေကြည့်ပြီး သွားပြီးတော့ အကဲခတ်မမှားစေနဲ့ပေါ့။ ခုန ပုဂ္ဂိုလ်ကြီးက သန္တတိအမတ်ကြီးက ရဟန်းကို တာသွားတာတဲ့။ ပြီးတာတဲ့ မဆက်တော့ဘူး။ ကိလေသာသတ္တိ ကုန်စင်သွားတာနော်။ အရဟတ္တဖိုလ် ရောက်သွားပြီတဲ့။
❖ အရဟတ္တဖိုလ်ရောက်လို့ရှိရင် လူဆိုလို့ရှိရင် ဒီနေ့သေမှာလေ။ ရဟန်းဝတ်ရတာနော်။ သင်္ကန်းဝတ်ရတာနော်။ သင်္ကန်းသည် အရဟတ္တဖိုလ်ရဲ့အောင်လံတံခွန် ခေါ်တာပေါ့။ ဣဒ္ဓိဝိဓအဘိညာဥ်ဆိုတာက အရမ်းအေးချမ်းသွားတော့ကား အအေးဓါတ်က ပျံ့နှံ့သွားတော့ စွမ်းအားတွေဝင်တော့ မြင်တော့တာပေါ့နော်။
❖ သူ့ကိုယ်သူ ပြန်မြင်သွားပြီ။ လေးဆင့်မြှောက်စျာန်အထိ ရတော့မှ ကြည့်လိုက်တော့ အခုပဲ သေတော့မှာဆိုတော့ ရဟန်းဘဝမတောင်းတော့ဘူးလေ။ သေမယ့်တူတူ မတောင်းတော့ဘူးလေ။ ဘုရင်ဝတ်နဲ့ ရဟန္တာနေတာတဲ့။ သိထားနော်။ အဝတ်အစားကြည့်ပြီးတော့လည်း သွားပြီးတော့ မဆုံးဖြတ်နဲ့ မှားတတ်တယ်။ အဲဒီမှာတင် ပရမတ္ထသံဃာလို့ခေါ်တယ်။ နားလည်ကြရဲ့လား။
❖ အဲဒီမှာတင် ထိုင်ရာကထ ဘုရားကို နဖူးနဲ့ ခြေဖမိုးသွားထိပြီး နောက်ကို ဆုတ်သွားတယ်။ ထန်းတဖျား ကောင်းကင်ကနေ တက်ပြတယ်။ ပြန်ဆင်းပြတယ်။ ခုနစ်ကြိမ် ခုနစ်ခါပြီးမှ ခန္ဓာဝန်ကျသွားတာတဲ့။
❖ အဓိက အချက်က ဘာလဲဆိုတော့ သစ္စာအမှန်တရားက ကာလသုံးပါး လွတ်တယ်လို့ နားလည်ရမယ်။ ကဲ အဖြေမှန်လား၊ အဖြေမှားလား။ (အဖြေမှားပါ ဘုရား)။ လုပ်ကြံတာပါလား။ (မပါပါဘူး ဘုရား)။ ဒါကိုပြောတာလေ။ ရှင်းလည်းရှင်းရှင်းလေး။ ဘုရားဟောတာ မရှုပ်ပါဘူးနော်။ ရမလား။ သဘောပေါက်တယ်နော်။
ဆက်လက်ဖော်ပြပါမယ်။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
🙏🙏🙏
GIC မိသားစု (၂)ရက်တရားသင်တန်း (၅.၇.၂၀၂၆ - ဒုတိယအချိန်) #သစ္စာလေးပါးတရားတော်မှ စာစီပူဇော်ပါသည်။
