❖ မျက်စိ အဆင်း မြင်သိစိတ် ခန္ဓာငါးပါး၊ ကာလမခြား၊ စိတ် ဓမ္မာရုံ ကြံသိစိတ်ခန္ဓာငါးပါး။ သတ္တဝါလား၊ ရုပ်နာမ်ပေါင်းလောင်ပြီး ရှေ့ဆက်ဖို့လား ငြိမ်းပြဖို့လား။ (ငြိမ်းပြဖို့ပါ ဘုရား)။ ဒီမှာတင်ပဲ ဒုက္ခရဲ့ငြိမ်းရာ နိရောဓရှိတယ်။ နောက် ဝိပါက၊ ခန္ဓာငါးပါးက ဝိပါကဝဋ်နော်၊ ဝိပါက ဝဋ်ရဲ့အဆုံးရှိနေတယ်။ သံသရာအဆုံး လောကအဆုံးလည်း ရှိနေတယ်။ ပြီးနေပြီ၊ နဂိုအရှိပဲ။
❖ ဉာဏ်နဲ့ ဘုရားရှင်တွေ့သွားတာ။ အမှောင်ဖယ်လိုက်မှ ရမှာနော်။ ဘုရားပွင့်လို့ သိရတာပါလို့ မှတ်ကြမယ်။ သတ္တဝါ သူ ငါ ထင်လိုက်လို့ရှိရင်တော့ ငါ ချမ်းသာအောင် ဘယ်လိုနေမယ်ပေါ့။ ငါ တရားရအောင် လုပ်အုန်းမယ်ဆိုလည်း ငါနဲ့ သွားတာပဲ။
❖ တရားထိုင်တဲ့ပုဂ္ဂိုလ်တွေကို မှာချင်တာကတော့ မသေတဲ့ငါနဲ့ တရားမထိုင်ရဘူး။ ငါ တစ်နာရီပြည့်အောင် ထိုင်မယ်ကွာဆိုရင် သေမယ် မထင်ဘဲနဲ့ နာရီပြိုင်တဲ့သဘောနဲ့ တစ်နာရီပြည့်အောင် ထိုင်မယ်ဆိုလို့ရှိရင် အစတည်းက မှားမနေဘူးလား။ နောက်ဆုံး သေချိန်လို့ ချထားရတယ်။
❖ နောက်ဆုံးသေချိန်ချပြီးတော့ကား ရှိသော်လည်း မရှိသကဲ့သို့၊ အခုနေသေရင် အကုန်တန်းလန်းထားခဲ့ရမယ်။ အကုန်ဖယ်ရတယ်။ ဖယ်ပြီးတော့ သံသရာဝဋ်ကို နားလည်တော့မှာ ဘယ်ဟာမှ မလိုချင်တော့လို့ ထွက်လမ်းပဲကျန်တော့မယ်။ အဲဒီတော့မှ ရှူဆဲအမူအရာ နောက်ဆုံးပဲ။ အဲဒီတော့မှ ဉာဏ်ကိုသွင်းလို့ရတော့တာ။
❖ ဒီနေရာလေးက အကြိမ်များစွာ သေခဲ့ဖူးတဲ့ နေရာဟောင်းလို့ မှတ်ထား၊ သီးခြားနေရာ မဟုတ်ဘူးနော်။ ဤကမ္ဘာအတွင်း၌ မသေဘူးတဲ့နေရာ မရှိဘူးတဲ့ဗျ။ မိုးကုတ်ဆရာတော်ဘုရားကြီးက သံဝေဂ အင်မတန်ပြင်းထန်လို့ ရဟန္တာတာနော်။
❖ တို့တတွေကကွယ်တဲ့ တကယ်လို့များ ကိုယ့်ကိုယ်ကိုယ် ပျော်တယ်ဆိုရင်တော့ ဒွန်းစဏ္ဍားပျော်လို့ ဆုံးမသွားတယ်။ ဒွန်းစဏ္ဍားတွေက သင်္ချိုင်းကုန်း မြေပုံတွေ လူသေကောင်တွေ ပေါ် နေရတာ။ ပါတဲ့ အခေါင်းပြတ်တွေကိုပဲ အိမ်ဆောက်ကြတယ်။ နောက် ပို့တဲ့ စမြင်းနာထုပ်တွေပဲ စားကြတယ်။ ဒီကြားထဲက အိမ်ထောင်သားမွေးနဲ့ ပျော်ကြတယ်တဲ့။
❖ ဒီအတူပဲ ခင်ဗျားတို့ကျုပ်တို့က ဤကမ္ဘာမြေကြီးက ကျုပ်တို့ရဲ့ သင်္ချိုင်းမြေဗျတဲ့၊ ပုံသဏ္ဌာန်မျိုးစုံနဲ့ မြှုပ်ထားတဲ့ နေရာဟောင်းတွေချည်းပဲ။ မြေသြဇာဖြစ်တဲ့ အသီးအနှံကို ပြန်စားရတာဗျတဲ့။ မြေသြဇာဖြစ်တဲ့ သစ်သားတွေ အိမ်ဆောက်ကြတယ်၊ မြေကြီးတွေ အုတ်လုပ် အိမ်ဆောက်ကြတယ်။ အဲဒီတော့ သင်္ချိုင်းကုန်းမှာနေတဲ့ ဒွန်းစဏ္ဍားပျော်ပဲဗျာတဲ့။
❖ အဲဒါကို ပျော်တယ်ဆိုရင် ခင်ဗျားတို့က ဒွန်းစဏ္ဍားပျော်ပေါ့ဗျာလို့ ဆုံးမတယ်။ အဲဒီလောက်ထိ သံဝေဂပြင်းပါတယ်။ နှစ်သက်စရာမရှိပါဘူး။ အဲဒီတော့ သံဝေဂပြင်းပြင်းနဲ့ အားထုတ်ကြရမှာ။ တရားထိုင်မယ်ဆိုရင် မှတ်ကြပါ၊ သံဝေဂအရင်ထည့်ပါ။ အထိုင်မပြိုင်ရဘူးနော်။ ငါ သူ့ထက် သာအောင် ထိုင်ပြမယ်တို့ မလုပ်ရဘူး။
❖ ဘယ်နှစ်နာရီထိုင်မယ်ကွ ဆိုရင် စတည်းကိုက သေတာမပါတော့ဘူး။ မှားနေပြီနော်။ သေခြင်းတရားကို နောက်ဆုံးထားပြီး ထိုင်တဲ့အချိန်ဟာ နောက်ဆုံးအချိန်လို့ ချထားရတယ်။ ဒီနေရာက နောက်ဆုံးသေတဲ့ နေရာဟောင်း။ ဝဋ်သုံးပါးကို တကယ်မလိုချင်တော့မှ ဉာဏ်သွင်းကြပါ။ ဒါ ဘဝအဆုံးပဲလို့ နှလုံးသွင်းပြီးကျင့်မယ်ဆိုရင် မရနိုင်ဘူးလား။ ကြိုးစားကြပါ။ ဝိပဿနာအစ သံဝေဂ။ ကြိမ်ဖန်များစွာ ကျင့်ရမှာ။
❖ သစ္စာလေးပါးမှာ ပရိညေယျ၊ ပဟာတဗ္ဗ၊ သစ္ဆိကာတဗ္ဗ၊ ဘာဝေတဗ္ဗ တပြိုင်နက်ပြီးတယ်ဆိုတဲ စကားလေး မမေ့ပါနဲ့။ မိုးကုတ်ဆရာတော်ဘုရားကြီးက သေချာမှာခဲ့ပါတယ်။ ဆရာတော်ကြီးမှာတာ ကြည့်ရအောင်နော်။
❝အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ ဘယ်လိုပင် တွင်တွင်ကျယ်ကျယ် သိပြီးသကာလ နေငြားသော်လည်း သစ္စာလေးချက်ကို တပြိုင်နက်အားဖြင့် မထင်မြင်လာ သေးလို့ရှိရင်၊ ဒါ... ကိစ္စ မပြီးသေးတဲ့ အလုပ်ပဲ၊ အပါယ်လေးပါး တံခါးမပိတ်သေးတဲ့ အလုပ်ပဲလို့ သေသေချာချာ မှတ်ကြပါ။❞
❖ ယောဆရာတော်ဘုရားကြီးတို့ ဆုံးမတာလည်း တော်တော်ကို ကြည်ညိုစရာကောင်းပါတယ်။ ဒုက္ခနောက်မှာ ကိလေသာ မတွဲစေနဲ့တဲ့။ တွဲလို့ရှိရင် ဉာဏ်ပေါ်ပါ့မလား။ အမှောင်လာရင် အလင်းမလာဘူးလေ။ အလင်းလာရင်တော့ အမှောင်လာပါ့မလား။ မလာဘူး။ ဒါဆို လွတ်တယ်တဲ့။
❖ တပြိုင်နက်ပြီးတာလေးကို ပြန်သုံးသပ်ရအောင်နော်။ ခန္ဓာငါးပါးက အရှုခံတရားလို့ခေါ်တယ်။ သက္ကာယလည်းခေါ်တယ်၊ ဘဝလည်းခေါ်တယ်၊ လောကလည်းခေါ်တယ်၊ ဝိပါကဝဋ်လို့လည်းခေါ်တယ်။ အကျိုးတရားပေါ့နော်။ အသစ်အသစ်ပေါ်တာ တားလို့ရလား။ မရပါဘူး။
❖ မနောအထိပေါ်တာမှာ နောက်စိတ်က ဆက်တွေးတဲ့နေရာမှာ အလင်းဓါတ်လက်ဦးရင်တဲ့ ခန္ဓာမီးက ရှေ့ဆက်မှာလား ငြိမ်းပြမှာလား။ (ငြိမ်းပြမှာပါ ဘုရား)။ အဲဒါက ဒုက္ခမီးရဲ့ ငြိမ်းရာ ခန္ဓာနိရောဓခေါ်တယ်။ တနည်းအားဖြင့် ဘဝအဆုံးလည်း ခေါ်မယ်။ ဝေဒနာအဆုံးလည်း ခေါ်လို့ရတယ်။ လောကအဆုံးလို့လည်း ခေါ်လို့ရတယ်၊ သံသရာအဆုံးလည်းခေါ်လို့ရတယ်။ ဉာဏ်နဲ့ မြင်မှာပါ။
❖ အဲဒီအချိန်မှာ အမှောင်အုပ်စုလာသေးလား။ မလာဘူး။ တဖန်ဇာတိဖြစ်စေတဲ့အကြောင်းသစ္စာလာသေးလား။ ဒုက္ခဖြစ်စေတဲ့အကြောင်းကို ဒုက္ခသမုဒယသစ္စာ ခေါ်တာတဲ့။ ဒုက္ခဖြစ်စေတဲ့ အကြောင်း ဘုရားပြတာနော်။ အလင်းလာတော့ အမှောင်လာသေးလား။ မလာဘူး။ ဒီတရားက ပဟာတဗ္ဗ ပယ်ရမယ့်တရားလို့ ဘုရားအမိန့်ရှိတယ်။ ပယ်ပြီးပြီတဲ့။ ဘုရားက သတ္တိကုန်အောင် ပွားထားသောကြောင့် အမှောင်လာသေးလား။ (မလာပါဘူး ဘုရား)။
❖ အလင်းဓါတ်ကတော့ မပြတ်ပွားရမှာ။ ကြိမ်ဖန်များစွာ ပွားရမှာ။ ပွားတော့ ကြွေးဟောင်းလည်းကျေ ကြွေးသစ်မလာ။ ပြည့်လည်းသွားရော နိရောဓကြီးက တောက်လျှောက်ပေါ်နေပြီ။ အမှောင်လာသေးလား။ အဲဒီတော့ ပွားပြီးပြီတဲ့။ သတ္တိအမှောင်ကုန်ပွားပြီးပြီလို့ ဝန်ခံတယ်။ ဘာဝေတဗ္ဗနော်။
❖ နိရောဓသစ္စာကတော့ သစ္ဆိကာတဗ္ဗ မျက်မှောက်ပြုရမယ့်တရား။ ဒုက္ခမီးကတော့ ပရိညေယျ ပိုင်းခြားသိရမယ့် တရား။ အဲဒီတော့ ပရိညေယျ ပဟာတဗ္ဗ သစ္ဆိကာတဗ္ဗ ဘာဝေတဗ္ဗ၊ သိ ပယ် ဆိုက် ပွား တပြိုင်နက်ပြီးတာ၊ တစ်ချက်တည်းပြီးသွားတာပါ။
❖ စဥ်းစား လက်ခံနိုင်လား စဥ်းစား။ ရှူဆဲလေးမှာနော်၊ ပုစ္ဆာပေးသလို မနောအထိပေါ်မယ်။ ကိုယ်မှာလောင်တာတော့ ဘုရားလည်းရှိမှာ ရဟန္တာလည်းရှိမှာ၊ လောင်မှာပေါ့နော်။ ဘယ်လောက်နာနာ ကိလေသာ မတွဲဘဲနဲ့ ဉာဏ်လက်ဦးလိုက်ရော ဒုက္ခမီး အကုန်ငြိမ်းပြီ၊ ဝဋ်ကလွတ်ပြီ။ နိရောဓ ပေါ်ပြီပေါ့။ အဲဒီတော့ သိ ပယ် ဆိုက် ပွား တပြိုင်နက် ပြီးတာလို့ မှတ်ရမယ်။
❖ ဒါဆို အဖြေမှန်ရပြီ၊ ဘုရားဟောကျမ်းနဲ့ ကိုက်သွားပြီ၊ ကိုယ့်ယောဂီတွေ လိပ်စာမှန်သွားပြီ။ ကျင့်ဖို့ပဲ ကျန်တာ့တယ်။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
🙏🙏🙏
၂၀၂၆ ဇွန်လတရားစခန်းတွင် ဟောကြားတော်မူခဲ့သော ဟောစဥ်(၁၀) #သစ္စာလေးပါးတရားတော်မှ စာစီပူဇော်ပါသည်။
ဆရာတော်ဘုရားကြီး ဓမ္မစာစုများကို telegram channel https://t.me/PilotSayadawDhammaSarsu က နေလည်း ဖတ်ရှုနိုင်ပါတယ်။

