ဝိပဿနာအစ သံဝေဂ

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
9/18/2026
ဝိပဿနာအစ သံဝေဂ

❖ အခုပဲ ထိုင်ရင်းနဲ့ ဘဝသည် ဖြစ်ပေါ်တယ်၊ သေသွားတယ်။ အဲဒါကို အာသဝဓါတ်ခံရှိသောကြောင့် အဝိဇ္ဇာ ပြန်ဆက်သောကြောင့် ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်။ ခုလည်း ရထားပြန်ပြီ။ မနောအထိပေါ်ပြန်ပြီ။ အလင်းမလာ အမှောင်က ဆက်ပြန်ပြီလေ။ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်။ ဘယ်ဆုံးတော့မလဲ။

❖ အဲဒီတော့ အစုန်အဆန်ကျင်လည်တဲ့ ဘေးကြီးကိုတဲ့ ဉာဏ်နဲ့ ဘုရားဟောအတိုင်း ဆင်ခြင်တော့မှ သြော် အထက်ဗြဟ္မာဖြစ်လည်းသေ၊ နတ်ဖြစ်လည်းသေ၊ အပယ်လေးဘုံကျလည်း သေနဲ့၊ ပင်ပန်းလိုက်တာ။ စဥ်းစားကြနော်။ ဘယ်ဘဝမှ မမြဲပါလားတဲ့။ ခန္ဓာဝန် ရလိုက်သေးတယ်။ အပါယ်လေးပါး ကျတဲ့အခါကျပြန်။ 

❖ အထက်ဆန်တဲ့ဆန်ပြန်နဲ့ အမှောင်ဖုံးထားတော့ကား ကုသိုလ် အကုသိုလ်တောင် အစုန်အဆန် မခွဲတတ်ဘူး။ ရမ်းတည့်လို့ မေတ္တာပေါင်းရင်လည်း ရမ်းချမ်းသာ၊ ပြီးရင် အရှိန်ကုန်ပြန်ကျပြန်နဲ့၊ အစုန်အဆန်တဲ့ ဆင်းရဲလိုက်တာ။ ချမ်းသာလည်းစုံခဲ့ပြီ။ စကြာမင်းလည်း အကြိမ်ကြိမ် ဖြစ်ဖူးကြတယ်တဲ့။ စကြာမင်းမိဖုရားလည်း အကြိမ်ကြိမ် ဖြစ်ဖူးကြတယ်။ ကိုယ့်ကိုယ်ကိုယ် လျှော့မတွက်ပါနဲ့။

❖ သိကြားမင်းလည်း ဖြစ်ဖူးတယ်။ နတ်မင်းလည်း ဖြစ်ဖူးတယ်။ နတ်မိဖုရားလည်း ဖြစ်ဖူးပြီးပြီတဲ့။ ဗြဟ္မာကျတော့ အထီးအမ မရှိဘူးနော်။ ဗြဟ္မာလည်း ဖြစ်ဖူးတယ်။ အပါယ်လေးဘုံလည်း ကျခဲ့ပြီးပြီ။ ဘုရားအလောင်းတော်ဆိုရင် ခွေးလည်းဖြစ်ဖူးတယ်၊ ဝက်လည်းဖြစ်ဖူးတယ်၊ နွားလည်းဖြစ်ဖူးတယ်၊ စုံလို့နော်။ အပါယ်လေးပါးလည်း ကျခဲ့ဖူးတယ်၊ ငရဲလည်း ကျခဲ့ဖူးတယ်။

❖ တေမိရဇာတ်မှာဆိုရင် နှစ်ပေါင်း ၂၀ ဘုရင်လုပ်ခဲ့တုန်းကတဲ့ အကုသိုလ်များခဲ့တော့ သေတဲ့အခါ ငရဲမှာ နှစ်၈သောင်း ခံရတာ သတိရတာ။ အားလုံးဟာ ချမ်းသာလည်းစုံပြီ၊ ဆင်းရဲလည်းစုံပြီ။ ဘုရားက မြင်တဲ့တွေ့တဲ့ အာရုံတွေကို ဆင်ခြင်ခိုင်းတယ်တဲ့။ သတ္တဝါတစ်ကောင်တဲ့ သူများသတ်လို့သေသွားတယ်။ တအံ့တသြမလုပ်နဲ့ ကိုယ်ကိုယ်တိုင် အဲဒီအတိုင်း ဖြစ်ခဲ့ဖူးတယ်လို့ မှတ်လိုက်တော့။ 

❖ အရမ်းချမ်းသာတာ မြင်လည်းပဲ အံ့သြစရာမကောင်းဘူး၊ ရိုးနေပြီ။ အဲဒီအတိုင်း ဖြစ်ခဲ့ဖူးတယ်။ ဣဋ္ဌာရုံ အနိဋ္ဌာရုံ မြင်သမျှအားလုံး၌ ဣဋ္ဌာရုံဆိုတာ အကောင်းပေါ့နော်၊ အနိဋ္ဌာရုံ မကောင်းတာ မြင်သမျှအားလုံးဟာတဲ့ ဘာမှစဥ်းစားမနေနဲ့ ဖြစ်ဖူးပြီးသည်းချည်းပဲ ရိုးနေပြီလို့ မှတ်ကြ။ အကြိမ်ကြိမ်သေရတဲ့ ဆင်းရဲလည်းများလှပြီတဲ့၊ ဘဝတိုင်းမှာက။ နောက်ဆုံးပိတ် မခွဲချင်ဘဲ ခွဲရတော့မျက်ရည်ကျရတာချည်းပဲတဲ့။

❖ ကျတဲ့မျက်ရည်တွေကိုကွယ်တဲ့ သံသရာရှည်လွန်းတော့ ပေါင်းထားမယ်ဆိုရင် ဒီကမ္ဘာမှာ ရှိတဲ့ ပင်လယ်ရေဟာ မြစ်နေထက် နည်းသွားလိမ့်မယ်။ မျက်ရည်က သာလိမ့်မယ်တဲ့။ ဒီလောက် ပူခဲ့ရပြီလို့ ဘုရား အမိန့်ရှိတယ်။ ပင်ပန်းလှပြီတဲ့။ ချမ်းသာချင်တဲ့စိတ်တွေကို ဘုရားက အဲဒီမှာတင် ဖျက်ပလိုက်တာ။ အားလုံး ရိုးနေပြီတဲ့။ 

❖ ဘယ်ဟာမှ အသစ်အဆန်း မရှိတော့ဘူး။ ဒါကို သဗ္ဗလောကေ အနဘိရတသညာ တဲ့၊ နှစ်သက်စရာ ဘာမှ ရှာမရတော့ဘူးတဲ့၊ အဲဒါ သံဝေဂဉာဏ်တဲ့။ ဘယ်ဟာမှ မဆန်းတော့ဘူးနော် ပုံသဏ္ဌာန်မျိုးစုံ အဖြစ်မျိုးစုံ ကြုံခဲ့ပြီ ဘယ်ဟာမှ မဆန်းတော့ဘူး၊ တအံတသြ မဖြစ်ကြနဲ့။ နိုင်ငံခြားသွားလို့ လေယာဥ်ပျံကြီးတွေနဲ့ အိမ်ကြီးကားကြီးတွေနဲ့ မဆန်းပါဘူး ရိုးနေပါပြီ။

❖ သေရင် မြေသြဇာဖြစ်တာချည်းပဲ၊ ဖြစ်ခဲ့ပေါင်းများလှပေါ့။ အံ့သြစရာ ဘာမှ မရှိဘူးတဲ့။ ဖြစ်ချင်စရာ ဘာမှ မရှိတော့ဘူး။ မရဘူးတာကတော့ နိဗ္ဗာန်တစ်လမ်းပဲ ရှိတော့တယ်။ ဝဋ်သုံးပါးက ထွက်တဲ့ ဒီပညာဘဲ ရှိတော့တယ်။ ဝဋ်ကထွက်တဲ့လမ်း တစ်လမ်းပဲ မရဘူးတာ။ 

❖ အဲဒီတော့ တော်လောက်ပြီတဲ့၊ ပင်ပန်းလှပြီ၊ တဏှာအစပ်ပျက်မှ အေးမှာလို့ ဆုံးဖြတ်ချက်ချပြီး ကျင့်ကြတော့။ ဝိပဿနာအစ သံဝေဂ။ တခါ မြင်ရတွေ့ရတဲ့ အားလုံးဟာလည်းပဲတဲ့ မိဟောင်းဖဟောင်းတွေချည်းပဲလို့ မှတ်ကြတဲ့။ သံသရာကြီးက ငြီးငွေ့စရာကောင်းလိုက်တာတဲ့။ ဆရာတော်ကြီးတွေ ဆုံးမကြတာနော်။ 

❖ အဝိဇ္ဇာ အမှောင်ဖုံးတော့ တဏှာအစပ်မှာ ဆက်တာမှားတော့ လှည့်ပတ်ပြီးတော့ တခါတလေ အမေကလည်းပဲ သမီးဖြစ်လိုက် ဇနီးဖြစ်လိုက်၊ သားကလည်း လင်ဖြစ်လိုက် အဖေဖြစ်လိုက်နဲ့ လည်နေတာပဲ။ ရှုပ်ယှက်ခက်နေတာပဲ ရှက်စရာ အင်မတန်ကောင်းတယ်လို့ ဆိုပါတယ်။ 

❖ ဘုရားလက်ထက်ကတော့ တကယ်ဖြစ်ခဲ့ဖူးတယ်ပေါ့နော်။ သက်သေရှိတယ်။ ပုဏ္ဏားမျိုးတွေက အပျိုဖြစ်တယ်ဆိုရင် အိမ်ထောင်ချ သူဌေးသားနဲ့ပေးစားလိုက်တာပေါ့။ ရက်ပိုင်းလေး အတူနေပြီးတော့ ကုန်သည်ဆိုတော့ ကုန်ကူးထွက်သွားတာတဲ့။ ကိုယ်ဝန်ရှိတာ မသိလိုက်ကြဘူး။ လေးငါးခြောက်လကျတော့ ကိုယ်ဝန်က ပေါ်လာတော့ ယောက္ခက မယုံတော့ နှင်ချခံရတယ်။ 

❖ နှင်ချတော့ ဆင်းရဲသွားတာပေါ့။ တစ်ယောက်တည်း ရှာဖွေစားပြီးတော့ ကလေးရအောင်မွေး၊ ယောကျ်ားလေး။ တောထဲမှာ ကလေးလေးမွေးခါစလေး ချီပိုးပြီးတော့ သွားရင်တော့ ကျင်ကြီးကျင်ငယ်စွန့်ချင်တော့ ဇရပ်ပေါ်မှာ တင်ပြီးတော့ ဟိုးတောထဲ တိုးရတာပေါ့၊ ဝေးဝေးတိုးရတာပေါ့နော်။ 

❖ အဲဒီအချိန်မှာ လှည်းကုန်သည်တွေက ရောက်လာတော့ ဇရပ်ပေါ်က ကလေးလေးဆိုတော့ ဘယ်မှာမှလည်း မိဘရှာမရတော့ ယူသွားရောဗျာ။ လမ်းကွေ့ဆိုတော့ ပျောက်သွားရော။ ထွက်လာတော့ ကလေးမရှိတော့ဘူး။ ရှာလို့လည်းမရ။ တငိုငိုနဲ့သွားရင်းနဒဲ့ဓားပြနဲ့ တွေ့တော့ကား ဓားပြက သူ့ကို ကြည့်ပြီးတော့ အသက်က ၁၇ လောက်ပဲ ရှိသေးတာကိုး။ အဲဒီမှာ ခေါ်ယူပေါင်းနေပြန်‌ရော။

❖ နောက် ကိုယ်ဝန်ရှိ ကလေးတစ်ယောက်ရတော့ ၁၈လောက်မှာ ရတာပေါ့။ အဲဒါ သမီးလေးတဲ့ ဓားပြက ချစ်လိုက်တာ တုန်လို့တဲ့။ ပုခက်လွှဲရင်းနဲ့ ကလေးက ပြုတ်ကျတော့ ခေါင်းလေးကွဲသွားတော့ ငါ့ သတ်တော့မှာပဲ ဆိုပြီးတော့ ထွက်ပြေးတာတဲ့။ နှစ်ပေါင်း ၂၀ ပေါင်းလိုက်ရအောင်နော်။ 

❖ နှစ်ပေါင်း ၂၀ ကြတော့ သားကလည်း သူဌေးသား၊ သူဌေးဖြစ်သွားပြီ။ သမီးကလည်း မြို့ရောက်လို့ လုပ်ကိုင်စားပြီး အသက်၂၀ပဲ ရှိသေးတယ်။ အမေက ၃၇ ၃၈ နုသေးတာကိုး။ အဲဒါ မြို့မှာ လုပ်ကိုင်စားတော့ သားနဲ့သွားတွေ့တာ။ သားကြည့်တော့ ချစ်တာတဲ့။ အမေမှန်းမသိတော့ အိမ်ခေါ်ပေါင်းနေတယ်ဗျာ။ ညီမလေးတွေ့တော့ ညီမလေးကိုလည်း သူချစ်တော့ အိမ်ခေါ်ပေါင်းနေပြန်ရော။

❖ သားက အမေနဲ့ ညီမလေးကို ပြန်ပေါင်းနေတာ။ မသိရှာဘူး။ ဒါ အဝိဇ္ဇာတဏှာလက်ချက်ပဲ၊ ကြောက်စရာကောင်းတယ်။ တစ်နေ့မှာ အမေက ကလေးလေးချစ်တော့တဲ့ ခေါင်းလေးရှင်းတော့ ဒဏ်ရာသွားတွေ့တော့မှ အကျိုးအကြောင်းတော့ သူ့ သမီးဖြစ်နေတာကိုး။ ပုခက်ပေါ်က ပြုတ်ကျတဲ့အကြောင်းပြောတော့မှ ဖက်ငိုကြတော့ ဒီကလေးလည်း ငါ မသင်္ကာဘူးဆိုပြီး မေးလိုက်တော့မှ ဇရပ်ပေါ်က ကလေးဖြစ်တော့မှ ရှက်လွန်းလို့ ငိုကြရတာ။ 

❖ နောက် ဘုရားသာသနာဝင်သွားကြတယ်။ ဝိပဿနာအစ သံဝေဂ၊ ရဟန်းကို တာသွားတာ။ စဥ်းစားလေ ဖြစ်ချင်တာ ဘာမှ မရှိတော့တာ။ ၃၁ဘုံမှာ စိတ်ဝင်စားစရာ မကျန်တော့ဘူးလေ။ ချမ်းသာချင်တဲ့ စီးပွားလာအုန်းမှာလား။ မလာတော့ဘူး။ ဝဋ်ကထွက်ဖို့ပဲ အားသန်တာပေါ့။ ဒါဆိုရင် ဝိပဿနာဉာဏ်မြဲပြီလို့ မှတ်ကြပါ။ 

❖ ပေါင်းသင်းနေတဲ့ ခင်ပွန်းနဲ့ ခင်ပွန်းမတွေဟာ မိဟောင်းဖယောင်းတွေ ဖြစ်နေတာ။ ရှက်တော့ ရှက်စရာကောင်းတယ်နော်။ အဲဒီတော့ သတိထားကြပါ။ ပုံပြင်ရှိတယ်ဗျ၊ အဲဒီတရားနာပြီးတော့ ဇနီးသည်ကို ထိုင်ပြီး တောင်းပြန်တာ၊ တောထွက်သွားတာ။ သြော် ငါ့ အရင်ဘဝက အမေပါလားဆိုပြီးတော့ တောင်းပန်ပြီးတော့ ငါ့ကို ခွင့်ပေးပါဆိုပြီးတော့ တောထွက်ပြီး တရားကျင့်တော့တာ။ ရှက်လွန်းလို့တဲ့။ မှတ်ကြါပ။

❖ ဒီတော့ကား ဝဋ်သုံးပါးကျင်လည်တာ လက်ချက်ကတော့ အဝိဇ္ဇာနဲ့တဏှာတဲ့ဗျ။ အင်မတန်ရှက်စရာ‌ကောင်းအောင် လုပ်ခဲ့တာ သူပဲတဲ့။ အပူသောကမျိုးစုံဖြစ်အောင်လုပ်တာ ဒီဓါတ်နှစ်ပါးပဲတဲ့။ အဲဒီတော့ အဝိဇ္ဇာဓါတ်မရှိရင် တဏှာလာပေါ့မလား။ မလာဘူး။

❖ အဲဒီတော့ ထွက်ချင်ရင်တဲ့ တဏှာအစပ်မှာ အမှောင်မလာခင် အလင်းဓါတ်လက်ဦးလို့ ရှုမှတ်မှသာလျှင် ထွက်လမ်းပဲလို့ ဘုရားက တွေ့ခဲ့ပြီ။ နားလည်မလား။ အဝေးကြီးမဟုတ်ဘူးနော်။ အားလုံးမှာ လက်ရှိအချိန်မှာ ရှိတာတဲ့ဗျ။

❖ ဝဋ်သုံးးပါး ပြန်လှည့်ရအောင်။ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်။ ပြတ်မယ့်နေရာမှာ အမှောင်ဖုံးပြန်ပြီ။ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်။ အာသဝကြောင် အမှောင်ဆက်ပြန်ပြီ၊ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်။ ဆုံးပါတော့မလား။ 

❖ အစုန်အဆန် မေတ္တာပေါင်းလိုက်ပြန်ရင်း ဘဝက နူးညံ့ပြီး ဗြဟ္မာဖြစ်လိုက်၊ နတ်ဖြစ်လိုက်ပေါ့။ အရှိန်ကုန် ပြန်ကျပြန်။ ဒေါသ မာန ပေါင်းလိုက်ပြန်ရင် ငရဲကျ အပါယ်လေးပါး ကျပြန်နဲ့ ဘုရားအလောင်းတော်ကြီးလည်း ဒီလိုပဲ ကျင်လည်ခဲ့ရတာနော်။ တော်လောက်ပြီတဲ့။ များစွာလည်း ချမ်းသာဖူးပြီ၊ များစွာလည်းဆင်းရဲပြီးပြီ။ ဘယ်ဟာမှ စိတ်ဝင်စားစရာ မဟုတ်တော့ပါဘူး။ 

❖ ဘုန်းဘုန်းတို့ အဲဒါကို အကြိမ်ကြိမ် ဖတ်တော့ ဟုတ်လိုက်တာ၊ နားလည်ပြီနော်။ ဒီတော့ ထွက်လမ်းမှာ စိတ်က ပျော်မှာပေါ့။ ဟုတ်ရဲ့လား။ စဥ်းစား အင်မတန် ငြိမ်အေးတယ်လေ။ လုပ်ကြံစရာ မလိုဘူး၊ အရှိကို အရှိအတိုင်း နေတာပါတဲ့။ လုပ်ကြံစရာလိုလား။ မလိုဘူးနော်။ 

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

🙏🙏🙏

၂၀၂၆ ဇွန်လတရားစခန်းတွင် ဟောကြားတော်မူခဲ့သော ဟောစဥ်(၁၀) #သစ္စာလေးပါးတရားတော်မှ စာစီပူဇော်ပါသည်။ 

‌ဆရာတော်ဘုရားကြီး ဓမ္မစာစုများကို telegram channel https://t.me/PilotSayadawDhammaSarsu က နေလည်း ဖတ်ရှုနိုင်ပါတယ်။