ဒီကနေ့တော့ ဝိပဿနာပညာကို ဘုန်းဘုန်းတို့ ကြိုးစားသင်ကြည့်ရအောင်၊ ဒီတရားပွဲမှာ ဝိပဿနာကျင့်တဲ့သူတွေ ပါပါလိမ့်မယ်။ ဝိပဿနာပညာသည် အဓိက ဘာလဲလို့ မေးရရင်၊ အဓိက နံပါတ်(၄)အကွက်မှာပါတဲ့ ဇာတိမလာရေးကို အဓိကထားလိုက်ပါ။ တော်တော်များများဟာ ဒီပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို နားလည်ပြီးတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါလိမ့်မယ်လို့ ဘုန်းဘုန်းယူဆတယ်။ အလွတ်ဆောင်သူတွေလည်း ရှိကြပါလိမ့်မယ်။ ဝိပဿနာအားထုတ်တဲ့ ပုဂ္ဂိုလ်များသည် အိုနာ၊ သေမှုဆင်းရဲကို လွတ်ချင်လို့ တရားကျင့်ကြတာမဟုတ်လား။ ဒီတော့ အို၊ နာ၊ သေမှုဆင်းရဲရဲ့ အဓိက အကြောင်းကတော့ ဇာတိပဲလို့ မှတ်ရမယ်နော်။
နံပါတ်(၄)အကွက် ဇာတိပဲ နားလည်ပြီနော်။ ဒီတော့ ဇာတိမလာအောင် ဘာလုပ်မလဲလို့ မေးခွန်းမေးရတော့မယ်။ ဘုရားရဲ့ဉာဏ်တော်ကြီးနဲ့ အဖြေမှန်ကိုထုတ်နိုင်ခဲ့တယ်။ ဘုရားရဲ့ ပညာအလင်းက အဖြေမှန်ကိုထုတ်နိုင်ခဲ့တယ်။ ဇာတိမလာရေးအတွက် ဘာလုပ်ရမလဲလို့ မေးခွန်းမေးတော့ နံပါတ် ၃ အကွက်ကို ပြန်ကြည့်ရအောင်နော်။ "ကမ္မဘဝ" ... ဒါကိုဖြတ်မှ ဇာတိမလာမှာနော်။ ကမ္မဘဝဆိုတာ ဘာကိုခေါ်သလဲလို့ သိဖို့လိုအပ်တယ်။ ကမ္မဘ၀ ဆိုတဲ့ စကားအဓိပ္ပါယ် အသမုတ်ခံစကားရဲ့ အသမုတ်ခံသဘောဟာ ဘာကိုခေါ်တာလဲဆိုတာ မသိရင် ဘုန်းဘုန်းတို့ဟာ ကျင့်လို့ရပါ့မလား (မရပါဘုရား.... )။
ကမ္မဘဝဆိုတာ များသောအားဖြင့် ကံမြောက်တာလို့ ပြောကြမှာပေါ့။ ကာယကံ၊ ဝစီကံဖြစ်တာပဲလို့ ပြောကြမယ်နော်။ ဒါဟာအကြမ်းဖျင်းပေါ့။ သို့သော် ဝစီကံ၊ ကာယကံမဖြစ်ပဲနဲ့ ဇာတိဖြစ်နေကြတဲ့ ပုဂ္ဂိုလ် တွေလည်းရှိတယ် ။
ဥပမာဆိုလျှင် ဈာန်ရ ရသေ့ကြီးတွေ ဆိုပါတော့နော်။ ဒေဝီလရသေ့ကြီး တွေဆိုရင် တစ်နေရာမှာပဲစိုက်ပြီး အာရုံယူတယ်။ အအေးဓာတ်ကို ခံစားနေတယ်။ ကသဲမှုန့် ရေဆွတ်သကဲ့သို့တဲ့။ စိမ့်အေးပြီး ခံစားနေကြတယ်။ အခြား သားရေး၊ သမီးရေး ၊ စီးပွားရေးဆိုတာ မရှိတော့ဘူးနော်။ အိမ်ထောင်သားမွေး စွန့်ကြတယ်။ အသီးအနှံကိုစားပြီး ကျင့်ကြသောကြောင့် တွေးစရာမှ မရှိတာ။ ကောင်းကင်ကိုတောင် ပျံနိုင်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်နေတယ်။ အဲဒီလိုအေးချမ်းတဲ့ ပုဂ္ဂိုလ်တွေဟာ ရင်ထဲမှာ စကားမပြောဘူး။ ကံမမြောက်အောင်နေတဲ့ ပုဂ္ဂိုလ်တွေပဲ။ ဒါပေမဲ့ ဇာတိဖြစ်တယ်၊ ဗြဟ္မာဇာတိဖြစ်သွားတာကို ပြောတာနော်။ စဉ်းစားစရာ ဖြစ်မနေဘူးလား။
စိတ်နှလုံး အေးချမ်းရုံလောက်နဲ့ ဝိပဿနာ ဦးတည်ချက်ဆုံးပြီ လားလို့ မေးရလိမ့်ဦးမယ်နော်။ အတော့်ကိုအေးချမ်းနေတဲ့ ပုဂ္ဂိုလ်ကြီးတွေနော်။ ဘာအပူအပင်မှမရှိဘဲ အေးချမ်းနေပြီး ကောင်းကင်တောင် ပျံနိုင်နေတဲ့ ပုဂ္ဂိုလ်တွေပဲ။ ဒီလောက်အေးချမ်းရုံနဲ့ ဝိပဿနာ ပြီးပြီလား လို့မေးရမှာနော်... ပြီးပြီလား.....? (မပြီးသေးပါဘူး ဘုရား.....)။ ဇာတိလာနေတာကို သတိထားရမယ်လေ၊ ဗြဟ္မာဇာတိသွားဖြစ်သေးတာကိုး၊ အေးချမ်းမှုလေးကို ခံစားနေတာဟာ ဈာန်ပဲရှိသေးတာနော်။ မဂ်မဟုတ်ဘူးလေ၊ သဘောပေါက်ရဲ့လား။ ဒါဖြင့် ဘုန်းဘုန်းတို့ စဉ်းစားရမှာက ဒီအဆင့်လောက်နဲ့ ဇာတိမပျောက်ဘူးဆိုတာ သေချာတယ်။ (ကသဲဆိုတာ သဲဆပ်ပြာကိုခေါ်တာပါ ။ ဒီခေတ်တော့ ဆပ်ပြာမှုန့် ပါပဲ။ )
ဒါဖြင့် နှလုံးအေးချမ်းရုံ ခံစားပြီးနေတဲ့ ပုဂ္ဂိုလ်သည် ဘယ်လိုကမ္မဘ၀ ရှိတယ်ဆိုတာ သိဖို့လိုအပ်တယ်။ ကမ္မဘ၀ ရှိနေလို့သာ ဒါဟာ ဇာတိဖြစ်တာမဟုတ်လား။ တရားထိုင်ကြမယ်ဆိုပါတော့၊ စိတ်နှလုံးအေးတာကို အေးချမ်းလိုက်တာလို့ ခံစားပြီးနေတယ်၊ သိနေတယ်။ ဒီလိုသိနေတဲ့အချိန် မှာ အခြားအပူမှ မလာတာ။ အဲဒီလောက် အနေအထားကိုလည်း ဗြဟ္မာဇာတိဖြစ်နိုင်တယ်လို့ ဆိုထားတယ်။ ဘာ့ကြောင့်ရှိသလဲ စဉ်းစားနော်။ ဒီကျမ်းအရကြည့်ရင် ကမ္မဘဝကို ရောက်မနေဘူးလား။ ဒီလိုရှိလို့သာ ဇာတိဖြစ်ရတာ၊ နားလည်တယ်နော်။
ဒါဖြင့် ဘုန်းဘုန်း တို့ဟာ "ကံ" ဆိုတဲ့စကား "ကမ္မ" ဆိုတဲ့ စကားလုံးကိုသိဖို့လိုအပ်တယ်။ "ကမ္မ" စကားဟာ "ကံ" ကိုပဲ ဆိုလိုတာနော်။ မြန်မာလိုတော့ "ကံ" ပေါ့နော်။ ကံဆိုရင် ဘုရားက စေတနာလို့ပဲ ပြောတယ်။ "စေတနာဟံ ဘိက္ခေ၀ ကမ္မံဝဒါမိ" တဲ့ ဆိုထားတယ် မဟုတ်လား။ နောက် စေတနာဆိုတာ ဘာကိုဆိုလိုတာလဲလို့ သိဖို့လိုအပ်တယ်မှတ်ပါ။ ကာယကံ ဝစီကံ မနောကံ ပြုလုပ်မှုတိုင်းမှာ စေတနာပါတယ်။ စေတနာကို အခြေခံထားတယ်။
ဘုန်းဘုန်း အခု စကားပြောတယ်ပေါ့နော်။ ဒီလို စကားပြောတဲ့အခါ အောက်မေးရိုးကို ဟလိုက် စိလိုက် လုပ်ရတယ်မဟုတ်လား။ အောက်မေးရိုးကို ဖြုတ်ပြီး သူ့ချည်း ချိန်ကြည့်ရင် တော်တော်လေးမယ်။ လျှာလည်း လေးတာပဲနော်။ ဒီအာရုံကြောလေးတွေကို လှုပ်ရှားအောင် တွန်းပေးတဲ့အားဆိုတာ ရှိရတယ်။ သဘောပေါက်ရဲ့လား။ အဲဒါကို ဘုရားက စိတ္တဇ ဝါယောဓာတ် လို့ခေါ်တာပါ။ အသက်ရှူလိုက်၊ ထုတ်လိုက်တိုင်းလည်း အားစိုက်ပြီး ဆွဲရှူ လိုက်တယ်ဆိုရင် ကြွက်သားလေးကို လှုပ်အောင်တွန်းတယ်ဆိုရင်ပဲ တွန်းအားရှိနေတယ်။ အဲဒါ စိတ္တဇဝါယောဓာတ် ရှိနေတာပဲ။ သဘောပေါက်ရဲ့လား။ ဈာန်သမားတွေမှာ အဲ့ဒီတွန်းအားလေးတော့ ရှိနေတာပဲ။
ရှူလိုက် ထုတ်လိုက်တဲ့နေရာမှ ငြိမ်းအေးပြီး ခံစားနေတယ်ဆိုရင်ပဲ တွန်းအားလေးဟာ သိမ်မွေ့နေတာ ရှိတယ်နော်။ (တင့်ပါဘုရား….)။ ကောင်းပြီ ၊ ဒါဖြင့် အဲ့ဒီတွန်းအားလည်း ဘယ်ကစလဲလို့မေးရင် အခြေခံဥပါဒါန်၊ အဲ့ဒီဥပါဒါန်ကို ဘုန်းဘုန်းတို့ ဘာသာပြန်တဲ့အခါ ရှေးတုန်းက ဘာသာပြန်တာဟာ စွဲလန်းခြင်းလို့ ပြန်ကြတယ်။
သူတို့ကိုယ်သူတို့ အေးချမ်းအောင် နေတော့တယ်။ ဒီလို ဆုံးဖြတ်ချက်ချတယ်ဆိုရင် ဥပါဒါန်ပါမနေဘူးလား။ (ပါပါတယ် ဘုရား.....)။ ငါ အေးချမ်းအောင်နေတော့မယ် ဆိုပြီး ဆုံးဖြတ်ပြီး နေတော့တာနော် သဘောပေါက်လား။ ဒီတော့ သိမ်မွေ့တဲ့ဥပါဒါန် ရှိမနေဘူးလား။ (ရှိပါတယ်ဘုရား) သိမ်မွေ့တဲ့ကံရော၊ (ရှိပါတယ်ဘုရား....)။ ဒါကြောင့်မို့ အင်မတန်နူးညံ့သိမ်မွေ့တဲ့ ဗြဟ္မာကြီးတွေ ဖြစ်နေတာနော်။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
🙏🙏🙏
“ဇာတိမလာရေးနှင့် နိဗ္ဗာန်အမြင်” တရားတော်စာအုပ်မှ ကုသိုလ်ယူရိုက်ကူးဖော်ပြခြင်း ဖြစ်ပါသည်။

