❖ မျက်စိခဏမှိတ်ကြည့်ပါအုန်း၊ မှိတ်တယ်ဆိုရင်ပဲ မြင်စရာမှ မရှိတာ၊ သိပ်မြန်တယ် ကိုယ်မှာက ဖွဲမီးလိုလောင်တော့ ကာလမခြား မျက်နှာအမူအရာ ကိုယ်အမူအရာပေါ်မနေဘူးလား။ ပေါ်တာမှာ အမှောင်က လက်ဦးနေတယ်တဲ့။ နေတံမမ၊ ဒါ ငါ့မျက်နှာကြီးလို့ ထင်နေတယ်။ အဖြေမှားထားတာ သတ္တိကိန်းထားလို့နော်။
❖ ပေါ်တဲ့မျက်နှာအမူအရာကို ဘုရားက ဆက်တွေးတဲ့နေရာမှာ ဉာဏ်နဲ့ကြည့်တော့မှတဲ့ ခင်ဗျား နဖူးပါလို့ အသံမထွက်ပါဘူး။ ခင်ဗျားရဲ့မျက်လုံးပါ၊ မျက်ခုံးပါလို့လည်း စကားမပြောဘူးတဲ့ဗျ။ ခင်ဗျားရဲ့နှာခေါင်းပါ ခင်ဗျားပိုင်တဲ့ပါးစပ်ပါ၊ ပါးပါ နားရွက်ပါ၊ ခေါင်းပါလို့ လုံးဝ အသံမထွက်ဘူးတဲ့ဗျ။
❖ ငါ လို့လည်း အသံမထွက်ပါဘူး။ တရိပ်ရိပ်နဲ့တဲ့ ဖွဲ့ရင်းပျောက်နေတာပါ။ ဆုပ်ကိုင်ရပ်ထားလို့ မရပါဘူး။ တိတ်ဆိတ်နေပါတယ်။ ဉာဏ်နဲ့ကြည့်တော့မှ ခန္ဓာမီးဟာ ဒုက္ခသစ္စာ အဆုံးသတ်ပြနေတာပဲ၊ ရှေ့မှမဆက်တော့တာ၊ ဝိပါကခေါ်တဲ့ ခန္ဓာမီးဟာ အဆုံးရှိနေတာပဲ။ ဝဋ်အဆုံး ရှိနေတာပဲ။
❖ တနည်းအားဖြင့် သံသရာအဆုံးက ဒီမှာတင် ရှိနေတာပဲ။ ဆုံးပြနေတာပါ။ ပြီးဆုံးနေတာ ရှိနေတာပဲ။ ရှူဆဲမှာလည်း အသစ်အသစ်ဖွဲ့ရင်းနဲ့ ပြီးဆုံးနေတယ်။ ပေါ်တော့ပေါ်တယ် ဖွားသေသေပြနေတာ၊ မဆက်ပါဘူးတဲ့။ ဖွားသေသေပြတော့ ဝဋ်အဆုံး ဒုက္ခအဆုံး သံသရာအဆုံး ရှိနေတာပဲ။ ဘုရားရှင်ဉာဏ်တော်ကြီးနဲ့ တွေ့ခဲ့ပြီတဲ့ သံသရာအဆုံး ဝဲသြဃကြီးရဲ့အဆုံး ရှိပြီ။
❖ ဒီထဲမှာက အမည်နာမအားဖြင့် ရုပ်လည်းပါတယ်၊ ဓါတ်လည်းပါတယ်။ ရုပ်က ဓါတ်တွေပါပဲ။ ဝေဒနာလည်းအဆုံး ပါပါတယ်။ ဘဝရဲ့အဆုံးလည်း ရှိနေပြီလို့ သိရတယ်။ ဒါကို ဝဋ်အဆုံး သံသရာအဆုံးပဲ။ အင်မတန် ငြိမ်းအေးပါတယ်။ အမှန်အတိုင်းမကြည့်ရင် ဘာဖြစ်မလဲမေးရင် ဆက်တွေးကြမှာပေါ့။
❖ ငါ လို့ ထင်လိုက်တာနဲ့ ချုပ်ဆက်ပြီးတော့ ငါ့အိမ်အကြောင်း တွေးလိမ့်အုန်းမယ်။ ငါ့သမီးအကြောင်း၊ ငါ့သားအကြောင်း၊ အို တွေးလို့ မဆုံးတော့ဘူး။ တွေးရင်းတွေးရင်းနဲ့ ဓါတ်ရိုက်ဓါတ်ခိုးတွေ ပြောင်းလို့ ဘဝပုံလည်းပြောင်းပြီတဲ့။ မေတ္တာနဲ့ယှဥ်တွေးရင်တော့ အရောင်တောက်လို့ သေမယ့်နတ်ပေါ့၊ အထက်ဆန် သေလိမ့်အုန်းမယ်။ နတ်ဖြတ်လည်း သေမှာတဲ့။
❖ ဒေါသ မာနပေါင်းလည်း ကြမ်းတမ်းလို့ အပါယ်လေးပါးဆင်း သေအုန်းမှာပဲတဲ့။ ဗြဟ္မာဖြစ်လည်းပဲ မေတ္တာပေါင်းလို့ အေးလည်းပဲ ဗြဟ္မာကြီးဖြစ် သေမှာပါပဲတဲ့။ အထက်ကျတော့ မသာကြီးကျပေါ့ဗျာတဲ့၊ သေမှာပါပဲတဲ့။ ဘယ်ဆုံးမလဲ တော်လောက်ပြီလေတဲ့။ အင်မတန်ငြီးငွေ့စရာကောင်းတယ်။
❖ အရှိကိုအရှိအတိုင်း အမှန်ကို အမှန်အတိုင်း ဉာဏ်နဲ့နေခြင်းမှတပါး လွတ်လမ်း မရှိပါတဲ့။ လုပ်ကြံစရာလည်း မလိုပါဘူး။ ရှူဆဲ အမူအရာ ထုတ်ဆဲအမူအရာ အပေါင်းအားဖြင့် ပေါ်သမျှအားလုံး ကိုယ်မှာလောင် မနောတံခါးပွင့်သမျှဟာ တိတ်ဆိတ်လို့ ငြိမ်းပြတာပဲ ရှိပါတယ်။ ဝဋ်အဆုံး သံသရာအဆုံးပါပဲ။ လောကအဆုံးဆိုလည်း ဟုတ်ပါတယ်။
❖ ပြန်လည်သုံးသပ်ကြည့်ရအောင်။ ဒါကို ဘုရားရှင်က ဉာဏ်တော် အင်မတန်ကြီးမားတော့တဲ့ စနစ်တကျနာမည်တွေ ပေးနိုင်ခဲ့တယ်တဲ့။ စိတ်အမြင်တွေက စကားပြောလား၊ မပြောဘူးနော်။ ဒါကို ဘုရား အမည်ပေးပြီတဲ့။
❖ နံပါတ်နှစ်အကွက်မှာ ယခုဖြစ်ဆဲကာလ မှာ ပေါ်တာဟာ ခန္ဓာမီးသည် သတ္တဝါမပါဘူး၊ ဖဿဆိုတာ လောင်တာပဲတဲ့။ ငါးဒွါရတိုက် မနောပွင့်အောင် လောင်နေတာပါတဲ့။ ဘာမှ သုံးလို့မရပါဘူး။ ဒါကြောင့်မို့လို့ သန္တာဖဿမီး ကဲ့သို့ ဖြစ်နေသောကြောင့်တဲ့ ဆင်းရဲပဲ ဒုက္ခသစ္စာလို့ ခေါ်ပါတယ်။
❖ စဥ်းစားစဥ်းစား လမ်းလျှောက်နေရင်းလည်း တကိုယ်လုံးလောင်၊ မနောပွင့်အောင် လောင်နေတယ်။ ထိုင်လည်းလောင်၊ ထလည်းလောင်။ ကြားထဲမှာ မြင်လည်းလောင်၊ ကြားလည်းလောင်၊ ရှောင်လို့ရလား။ လောင်နေတာတဲ့။ မီးပဲတဲ့။ အဲဒါကို မသိလိုက်လို့ အမှောင်းဖုံးလို့ရှိရင် ဒီမီးက ဆက်သွားလိမ့်မယ်။
❖ မနောတံခါးမှာ အမှိုက်မီးလို ဆက်လို့ရှိရင် တဖန်ဇာတိ ဖြစ်လိမ့်အုန်းမယ်။ ဒါကြောင့် ဒီမီးငြိမ်းတာကို ဉာဏ်နဲ့ကြည့်တော့မှ ဒီမီးသည် ငြိမ်းပြတာအမှန်ပဲလို့ ဒုက္ခရဲ့ငြိမ်းရာကို ဉာဏ်နဲ့တွေ့ပြီ။ လောကရဲ့အဆုံး၊ အကျိုးတရားကို ဝိပါကခေါ်တယ်။ ဝိပါကဝဋ်ရဲ့အဆုံးတဲ့ဗျ။ ဘုရားတွေ့ပြီ။
❖ အဲဒါကို သစ္စာဖွဲ့ပြီတဲ့။ ဒုက္ခသစ္စာကို ပိုင်းခြားသိတဲ့ဉာဏ်အလင်းပေါ်သောကြောင့် ဒီမီးငြိမ်းတာ တွေ့တာပါတဲ့။ တဖန် ခန္ဓာမီးလောင်တာကို ဖြစ်စေတဲ့ အကြောင်းသစ္စာက အမြင်မှားတွေလေ။ အဝိဇ္ဇာအုပ်စုနော်၊ အမှောင်အုပ်စုက အလင်းလာရင် လာသေးလား။ အမှန်အတိုင်းမြင်လို့ ချုပ်ငြိမ်းတာ မြင်တဲ့အချိန် ဒီဘက်က အုပ်စုက မလာနိုင်တော့ဘူးလေ။
❖ ဆရာတော်ကြီးက ဘုရားဟောအတိုင်း တဏှာနိရောဓဆိုတာဗျာတဲ့ မလာချုပ်ကို ပြောတာလေ။ သူမလာနိုင်တော့ဘူးလေ။ တွန်းပြီးတိုက်စရာလိုသေးလား။ မလိုဘူး။ အဲဒါကို မှတ်ရလွယ်အောင် ရှင်းအောင်လို့ ပုံလေးထုတ်ထားတာ။
❖ ဒီပုံလေးက ဘုန်းဘုန်း ရဟန်းတစ်ဝါမှာ အိပ်မက်ရလို့ပုံချဆွဲထားရတာ။ ပြန်ဟောရမှာတဲ့ မှတ်တမ်းလုပ်ဆိုလို့ စာအုပ်မှာ ဆွဲထားရတာနော်။ သတ္တဝါ အားလုံးမှာ ဒွါရဘယ်နှစ်ပါးတုံး။ ခြောက်ပါး။ အကုန်နော်၊ လျော့ရင်သာလျော့မှာ။ အာရုံတိုက်တော့ နောက်ဆုံး မနောတံခါးမှာ လမ်းဆုံးတာပဲလေ။ တခြားလား ခန္ဓာငါးပါးဖြစ်ပျက်လား။ (ခန္ဓာငါးပါး ဖြစ်ပျက်ပါ ဘုရား)။
❖ ကဲ လောကတစ်ခုလုံးကို ဉာဏ်နဲ့သိမ်းရင် ခန္ဓာငါးပါး တစ်ခုပဲရှိတာ။ ဒုက္ခသစ္စာလို့ ခေါ်တယ်နော်။ ဟုတ်မဟုတ် စဥ်းစား။ ကိုယ့်ရဲ့အမေလို့ ပြောလိုက်မယ်။ နားမှာ ကိုယ့်ရဲ့အမေ၊ အသံ အမေ မကြားလိုက်ဘူးလား။ ပုံသဏ္ဌာန်အမေ မပေါ်ဘူးလား။ ကဲ ဉာဏ်နဲ့စစ်ဆေးတော့ အမေလား ခန္ဓာဖြစ်ပျက်လား။ (ခန္ဓာဖြစ်ပျက်ပါ ဘုရား)။ ဟုတ်တယ်။
❖ ကဲ လောကကြီးရှိတယ်လို့ အသံကြားလိုက်တယ်။ အသံလည်း နားမှာ ခန္ဓာမီးလောင်၊ ဖွဲ့လိုက်တော့ ရေမြေတောတောင်တွေပေါ်တာပေါ့။ ပေါ်တာဉာဏ်နဲ့ကြည့်လိုက်တော့ကား လောကလား ခန္ဓာဖြစ်ပျက်လား။ (ခန္ဓာဖြစ်ပျက်ပါ ဘုရား)။ ဒါပဲရှိတာလေ။ ကြိုက်တာကို တွေးလိုက်ပါ။
❖ ပေါ်ချင်တာပေါ်တော့နော် ဘုရားက ဉာဏ်နဲ့ကြည့်တော့ကား သတ္တဝါအကောင်အထည်ရှိသေးလား။ ခန္ဓာမီးရဲ့ ငြိမ်းရာကို ဉာဏ်နဲ့တွေ့တာပဲရှိတယ်။ တလောကလုံးကို သိမ်းလိုက်တော့ ခန္ဓာငါးပါး တစ်ခုတည်းမှာ အကုန်သွားစုတာပဲ။ တကယ်ရှိတာက ခန္ဓာငါးပါး ဖြစ်ပျက်ပဲရှိတာလို့ မှတ်ရမယ်။ သေချာလား။
❖ စဥ်းစားလေ၊ မြင်တာလည်းပဲ ခန္ဓာမီးလောင်လို့သိရတာ။ မနောအထိ မလောင်ဘူးလား။ အသံကြားလည်း မနောမှာလောင် မနောအထိ မလောင်ဘူးလား။ စဥ်းစားနော်။ အနံ့နံလည်း နှာခေါင်းမှာလောင် မနောအထိ မလောင်ဘူးလား။ လျှာမှာလောင်လည်း မနောအထိ မလောင်ဘူးလား။
❖ ကိုယ်မှာတောက်လျှောက်လောင် မနောအထိ ပေါ်မနေဘူးလား။ ပေါ်တာကို ဉာဏ်နဲ့ကြည့်တော့ တခြားလား ခန္ဓာငါးပါးလား။ (ခန္ဓာငါးပါးပါ ဘုရား)။ ဟုတ်တယ်။ ဉာဏ်နဲ့ကြည့်တော့ ရှေ့ဆက်မှာလား ငြိမ်းပြမှာလား။ (ငြိမ်းပြတာပါ ဘုရား)။ ဒါပဲ ရှိတာကြီးကို။
❖ တကယ့်အရှိက ခန္ဓာငါးပါးဖြစ်ပျက် တစ်ခုတည်းပဲရှိတာ။ ဒီထက် အပို ရှိလား။ မရှိဘူးဗျ။ ဒီတော့ အကုန်လုံးသိမ်းကြုံးပြီးတော့ “ယံ ကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံတံ နိရောဓ ဓမ္မန္တိ” - အကြောင်းကြောင့် ပေါ်သမျှအားလုံးဟာ ခန္ဓာငါးပါး တစ်ခုပဲ ပေါင်းပြီးသားလေ။ အကြောင်းကြောင့် ပေါ်ပြီရင်တဲ့ အားလုံးဟာတဲ့ နိရောဓ ဆိုတဲ့ စကားလေးသုံးရတယ်။
❖ ရောဓ ဆိုတာကတဲ့ မဆုံးဘဲနဲ့ ဆက်ပြီး ပြေးနေတာလို့ ပြောတာ။ နိ လည်းထည့်ရော ပြေးတာ ဆက်တာ မရှိတော့ဘူး၊ တဏှာအဆက်မှာပဲ ငြိမ်းပြသွားပြီ။ နိရောဓအမှန်တဲ့။ လောကအဆုံး၊ သံသရာအဆုံး၊ ဘဝအဆုံး၊ ခန္ဓမီးရဲ့အဆုံး ငြိမ်းပြနေပြီ။ ဒါကို ဉာဏ်နဲ့မျက်မှောက်ပြုတယ်ခေါ်တာ။ တကယ်ရှိနေတာကိုး။
❖ အဲဒီအချိန်မှာ အမြင်မှားအုပ်စု အမှောင်လာသေးလား။ မလာတော့ဘူးဗျ။ အမှောင်အုပ်စုက တဖန်ခန္ဓာအိမ်ပေါ်မယ်၊ ခန္ဓာမီးပြန်လောင်မှာပေါ့။ ဘယ်ဘဝရရ ဒွါရဘယ်နှစ်ပါးတုံး။ (ခြောက်ပါးပါ ဘုရား)။ ဒီမီးပဲ ပြန်လောင်မှာပေါ့။
❖ ဒါကို ဒုက္ခသစ္စာ ဖြစ်စေတဲ့အကြောင်းသစ္စာက ဒီဘက်ကအမြင်မှားတွေကို ပြောတာတဲ့။ သူက ပယ်ရမယ့်တရားတဲ့။ ဒုက္ခသစ္စာက ပိုင်းခြား၍ သိရမယ့်တရား။ ခွဲထုတ်တာ မဟုတ်ဘူးနော်။ ခန္ဓာငါးပါး သဘောကို ပိုင်းခြားသိတော့မှ သတ္တဝါရှာမရဘူး။ ရုပ်နာမ် တကွဲစီရှိတာကို ခွဲထုတ်တာ မဟုတ်ဘူးနော်။ တပေါင်းတည်းဖြစ် တပေါင်းတည်းချုပ်။
❖ ရုပ်နာမ် ကွဲအောင် ရှုခိုင်းတယ်ထင်တာ မှားနေတယ်။ စကားလုံးလွှဲသွားတာနဲ့ အလုပ်လွှဲတတ်တယ်နော်။ ဘုရားက ပိုင်းခြားသိဖို့ ပြောတာ။ သိလိုက်တော့ သတ္တဝါရှိသေးလား။ (မရှိတော့ပါဘူး ဘုရား)။ သိရမယ့်တရား သိပြီးပြီလို့ ဘုရား ဝန်ခံထားတယ်။
❖ အဲဒီတော့ အသွေးအသားမှာ ဒီဉာဏ်အလင်းက ပြည့်နေသောကြောင့် အာသဝဓါတ်ဆိုတာ အမှောင်ဓါတ်တွေ လာသေးလား။ မလာတော့ဘူး။ ပယ်ပြီးသွားပြီတဲ့ ဘုရား။ ပယ်ရမယ့်တရား ပယ်ပြီးသွားပြီ မလာတော့ဘူး။ ခန္ဓာမီးကငြိမ်း ဉာဏ်နဲ့မျက်မှောက်ပြုပြီးပြီ။ ပြည့်သွားမှတော့ နောက်ထပ် ပွားစရာလိုသေးလား။ ပွားခြင်းကိစ္စ ပြီးသွားပြီ။
❖ ဘုရားအမိန့်ရှိတယ်၊ ဘုရားရှင်က အယမန္တိမာ ဇာတိ - ဒါ နောက်ဆုံးဇာတိ၊ နောက်ထပ် မလာတော့ဘူးကွယ်။ နတ္ထိ ဒါနိ ပုနဗ္ဘဝေါ တိ - ဘဝတဖန် မရှိတော့ဘူးလို့ ဘုရားက အမိန့်ရှိလိုက်တာ။ ဓမ္မစကြာမှာပါ အနှစ်ချည်းပဲနော်။
❖ အဓိပ္ပါယ် လိုရင်းကတော့ “ယံ ကိဉ္စိ သမုဒယ ဓမ္မံ သဗ္ဗံတံ နိရောဓ ဓမ္မန္တိ”။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
🙏🙏🙏
၂၀၂၆ ဇွန်လတရားစခန်းတွင် ဟောကြားတော်မူခဲ့သော ဟောစဥ်(၁၀) #သစ္စာလေးပါးတရားတော်မှ စာစီပူဇော်ပါသည်။

