ရိုးရိုးကျင့်မြင့်မြင့်ကြံ

အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ
10/13/2026
ရိုးရိုးကျင့်မြင့်မြင့်ကြံ

★ ကားသူဌေးကြီး Chung Ju-yung ဒါ အားလုံးသိတဲ့အတိုင်း၊ မောင်နှမ ၈ယောက်မှာ အကြီးဆုံး။ စားစရာသောက်စရာလည်း မဝဘူး။ မြို့တစ်ခါပဲ ရောက်ဖူးတယ်။ မြို့ထဲမှာ ဒီလိုလမ်းရှိတယ်ဆိုပြီး မြို့ထဲကလူတွေကို မနာလိုဝန်တိုတဲ့စိတ်မဖြစ်ဘူး။ အားကျတဲ့စိတ် မုဒိတာစိတ်ဖြစ်တယ်။ အဲဒါနဲ့ ငါ အဲဒီလို တိုးတက်အောင် လုပ်မယ်ဆိုပြီးတော့ အိမ်ကနေ ထွက်ပြေးတယ်၊ လေးကြိမ် ထွက်ပြေးတယ်။ သူ့ အတ္ထုပ္ပတိမှာ ပြန်ကြည့်တာ။

★ အဲဒီလေးကြိမ်ထဲမှာ တခါကတော့ သူ မိုင်ပေါင်း ရာချီပြီးတော့ လမ်းလျှောက်ရတယ်၊ ကားခ ရထားခ မရှိလို့။ နောက်ပြီးတော့ ဂျပန်တွေအုပ်စိုးတဲ့အချိန်လည်း ဖြစ်နေတယ်။ တစ်ချိန်ကျတော့ သူ့အဖေနဲ့ နွားတစ်ကောင်းခိုးရောင်းပြီးတော့ ရထားလက်မှတ်ဝယ်တယ်။ ပြောချင်တာ ဘာပြောချင်တာတုန်းဆိုတော့ ရထားလက်မှတ်လည်း မရှိဘူး၊ အသိလည်း မရှိဘူး၊ ဆိုးလ်မြို့ကို ရောက်လာတယ်။ ကြုံရာအလုပ်ကို ဝင်လုပ်တယ်။ ကြိုးစားပမ်းစားလုပ်တယ်။

★ သူ့စိတ်ထဲမှာ မြို့ထဲက လူနဲ့ သူ့ဘဝနှိုင်း ယှဥ်ကြည့်မယ်ဆိုရင် ခါးသီးတဲ့စိတ်ထားမယ်ဆိုရင် ထားနိုင်တယ်။ ဒီလူတွေ မတရားဘူး၊ ဒီလူတွေ အလိုတော်ရိဆိုတာ ရှိတယ်။ ဂျပန်တွေကို လိုက်လျောပြီးတော့ ပိုက်ဆံရှိတဲ့သူတွေ ရှိတယ်လေ။ အဲဒီလူတွေကို သူ စိတ်နာအောင် တွေးမယ်ဆို တွေးနိုင်တယ်။ သူက အဲဒီလို မတွေးဘူး။ 

★ ဆန်ရောင်းတဲ့ဆိုင်မှာ သွားလုပ်တယ်။ အဲဒါ ဆိုင်မဖွင့်ခင်ကတည်းက သူ ရောက်နေတယ်။ ပြီးတော့ ဆိုင်ရှေ့မှာ တံမြက်စည်းတွေဘာတွေ လှည်းနေတယ်။ ပြီးတော့ အလုပ်ကို ကြိုးစားလုပ်တယ်။ နောက်ပိုင်းကျတော့ ဆိုင်ပိုင်ရှင် အဘိုးကြီးက အငြိမ်းစားယူတော့မယ်ဆိုတော့ အဲဒီဆန်ဆိုင်ကြီးကို သူ့ကို ပေးခဲ့တာ။ ယုံကြည်မှုရအောင် တည်ဆောက်တယ်။ သူကိုယ်တိုင်လည်း အလုပ်ကို တာဝန်ကျေကျေလုပ်တယ်။

★ ဘာဖြစ်လို့တုန်းဆိုတော့ သူက အဲဒီလို သူဌေးဖြစ်ချင်လို့။ အဲဒီလို သူဌေးဖြစ်ချင်တယ်ဆိုရင် သူဌေးရဲ့အကျင့် ရှိရမယ်၊ ကြိုးစားတဲ့အကျင့်ရှိရမယ်။ အဲဒါ သူလုပ်တယ်။ ဘုန်းဘုန်းက အဲဒါကြည့်ပြီး ဒီဒကာကြီး သူ့ရဲ့ စိတ်ဓါတ်အင်အားက ဖြူစင်တဲ့စိတ်ဓါတ်အင်အား ကြိုးစားတဲ့စိတ်ဓါတ်အင်အား။

★ ဂျပန်တွေက စစ်ဖြစ်တဲ့အခါကျတော့ သူ့ရဲ့ဆန်ဆိုင်ကို အကုန်လုံးသိမ်းသွားတယ်။ သူများရဲ့ကားဝပ်ရှော့ခ်မှာ သွားအလုပ်လုပ်ရတယ်။ ဆိုလိုတာက အကြိမ်ကြိမ် အောက်ခြေကနေ ပြန်စခဲ့ရတယ်ဆိုတာ ပြောချင်တာ။ ဒါပေမဲ့ သူ့ရဲ့ရည်ရွယ်ချက်က ရွည်ရွယ်ချက်ကြီးတယ်။ သူ့နိုင်ငံ တည်ဆောက်တဲ့နေရာမှာ သူ ပါချင်တယ်။ ရည်ရွယ်ချက်ကြီးတယ်။

★ အဲဒါကြောင့် ရိုးရိုးကျင့် မြင့်မြင့်ကြံ။ ရိုးရိုးကျင့်ဆိုတာက တစ်နေ့တာမှာ ကိုယ်လုပ်ရမယ့်အလုပ်ကို ကိုယ် ပီပြင်အောင် ကောင်းမွန်အောင် ကိုယ်လုပ်တာ။ အဲဒါကို ရိုးရိုးကျင့်တယ်။ မြင့်မြင့်ကြံတာတော့ အဲဒီထက် “ဗုဒ္ဓေါ လောကေ သမုပ္ပန္နော ၊ ဟိတာယ သဗ္ဗပါဏိနံ” ဗုဒ္ဓမြတ်စွာဘုရားက ဗျာဒိတ် ယူပြီးကတည်းက အများအတွက်ပဲ တွေးတယ်။ 

★ ဘုရားဖြစ်တော့လည်း အများအတွက်ပဲ တွေးတယ်။ မဟာဇနက ဇာတ်တော်ထဲမှာ မဟာဇနက မင်းသား ပင်လယ်ထဲမှာ ၇ရက် ၇လီ ကူးနိုင်တယ်၊ သူများမကူးနိုင်ဘူး။ အများအတွက်တွေးလို့၊ မြင့်မြင့်ကြံလို့။ ရှေ့မှာ ဖခင်ရဲ့တိုင်းပြည်ကြီးရှိနေတယ်၊ နောက်မှာ မိခင်ကြီး ကျန်ရစ်တယ်၊ ငါ သေလို့ မဖြစ်သေးဘူး။ မြင့်မြင့်ကြံတာ။ အဲဒီလို မြင့်မြင့်ကြံတာ။

★ ဒီကနေပြီးတော့ ပညာတွေရတယ်၊ ပိုက်ဆံတွေစုမယ်။ တချိန်ချိန်ကျရင် တို့ရဲ့မြန်မာနိုင်ငံပြန်ပြီးတော့ ထူထောင်မယ်။ ဒီထက်ပိုပြီးတော့ တတ်နိုင်တယ်ဆိုရင် လောကကြီးကို ဒီထက်ပိုပြီးတော့ လှပအောင် လုပ်တဲ့နေရာမှာ တို့ပါမယ်။ အခုပါလည်းပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ကိုယ်က အလုပ်လုပ်တယ်ဆိုရင် ဘယ်စက်ရုံမှာပဲလုပ်လုပ်၊ အဲဒီစက်ရုံကထုတ်တဲ့ပစ္စည်းက customer တွေအတွက်အကျိုးဖြစ်တယ်။ အကျိုးဖြစ်လို့ပဲ သူများတွေက အားပေးတာပေ့ါ။

★ ဥပမာ ဒီ ဆက်တီထုတ်လုပ်တဲ့စက်ရုံဆိုရင် ဒီ ဆက်တီ အသုံးပြုဖို့လိုတဲ့လူက ရှိမှဖြစ်မှာ။ ဒီဟာကို လိုတဲ့လူတိုင်း ဒီဆက်တီကို လုပ်ချင်မှ လုပ်တတ်တာ။ အဲဒါကြောင့် လုပ်ပြီဆိုရင်လည်း လုပ်တတ်တာတောင်မှ ဒီထဲမှာ သုံးရတဲ့ပစ္စည်းတွေ လိုက်ပြီးတော့ ဝယ်ရတယ်။ ဒုက္ခများတယ်၊ အချိန်လည်း ပိုကုန်တယ်။ ပိုက်ဆံလည်း ပိုကုန်လောက်တယ်။ 

★ အဲဒါကြောင့်မို့လို့ အဲဒီလူတွေအတွက် သူဌေးတွေက ပိုက်ဆံအရင်းအနှီးမြှုပ်နှံပေးတယ်၊ ဒီလိုဆက်တီအများကြီးထုတ်ထားတယ်။ ကိုယ်က တစ်လုံးလိုရင် တစ်လုံးပဲ သွားဝယ်ရုံပဲ။ နှစ်လုံးလိုရင် နှစ်လုံးပဲ သွားဝယ်ရုံပဲ။ အသုံးပြုတဲ့ customer တွေအတွက် အကျိုးဖြစ်တယ်။

★ အဲဒီဟာတင်မကဘူး ဒီကနေပြီးတော့ ကူးသန်းရောင်းဝယ်ပြီးတော့ ဖြစ်ပေါ်လာတဲ့အခွန်တွေ၊ အခွန်ဆောင်ပေးတယ်၊ အဲဒီအခွန်တွေနဲ့ တခါတည်း တိုင်းပြည်ကို တည်ဆောက်တာ။ ကားတွေ ရထားတွေ ကောင်းလိုက်တာ၊ ဆေးရုံတွေ ကောင်းလိုက်တာ။ တီထွင်မှု နည်းပညာတွေ စက်ရုံတွေကောင်းလိုက်တာ။ 

★ အဲဒီထဲမှာ တို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ လာလုပ်နေတာ တို့ရဲ့ contribution တို့ရဲ့ပါဝင်ကူညီမှု ပါတယ်လေ။ စက်ရုံတိုင်းမှာ တို့တွေရဲ့အင်အားပါတယ်၊ တိုတွေ့ရဲ့ လုပ်အားပါတယ်။ တို့တွေရဲ့ အခွန်ပါတယ်။ ပိုင်ရှင်က အခွန်တွေ အဲဒီလောက်ထိ ထမ်းဆောင်နိုင်တာ အဲဒီလောက်ထိပိုက်ဆံတွေ အဲဒါတွေ အဆင်ပြေနေတာ တို့ရဲ့အင်အားတွေပါတယ်။

★ ဒါကြောင့် တောင်ကိုရီးယားနိုင်ငံကို တည်ဆောက်တဲ့နေရာမှာ တို့ပါတယ်။ အဲဒီလို ဂုဏ်ယူပါ။ ဒီအလုပ်မှာ ၁၀လဲလုပ်လုပ်၊ ၁နှစ်ပဲလုပ်လုပ်၊ လုပ်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာအောင် တွေးရမယ်။ choice ရှိတယ်။ အဲဒီလို choice ရှိတဲ့ဟာကို ကောင်းတဲ့ choice မရွေးဘဲနဲ့ စိတ်ညစ်အောင် ကိုယ့်ဟာကိုယ်တွေးရင် အကျင့်ပါသွားမယ်။ အကျင့်ပါရုံတင်မကဘူး ဦးနောက်ပါပျက်မယ်။ ဘုန်းဘုန်း ခဏနေကျရင် ဗီဒီယိုတစ်ခုပြမယ်။

★ ဗုဒ္ဓမြတ်စွာဘုရားလက်ထက်က အရှင်အနုရုဒ္ဓါမထေရ်ရဲ့အကြောင်းကို နည်းနည်းဆက်ပြောမယ်။ ဘဝတစ်ဘဝမှာတဲ့ သူက ဘယ်လောက်အထိ ဆင်းရဲတုန်းဆို တစ်နေ့အလုပ်လုပ်မှ တစ်နပ်စာပဲစားရတယ်။ သူ့ သူဌေးကတော့ အရမ်းချမ်းသာတယ်။ ဒါပေမဲ့ သူ့သူဌေးကိုကြည့်ပြီးတော့ သူ့စိတ်ထဲမှာလေ မနာလိုဝန်တိုတာ မဖြစ်ဘူး။ 

★ သူ့သူဌေးစားတာသောက်တာ၊ အလှူတွေလုပ်တာ အဲဒါကို ကြည့်ပြီးတော့ သူ ဒီသူဌေး အရင်ဘဝကလည်း ရှေးဘဝကလည်း သူ ကြိုးစားခဲ့လို့နေမှာ၊ အခုလည်း သူကြိုးစားနေတယ်။ အဲဒီလိုကြည့်ပြီးတော့ သူ့ရဲ့သူဌေးကို ကြည့်ပြီးတော့ မုဒိတာဖြစ်တယ်။ သူ့သူဌေးကလည်း သူ့ကို အမျှပေးတာမဟုတ်ဘူး၊ ဘာမှ ပိုပေးတာမဟုတ်ဘူး။ တစ်နေ့လုပ် တစ်နေ့စာပဲ ပေးတယ်။ 

★ ဒါပေမဲ့တစ်နေ့ကျတော့ သူ့သူဌေးလုပ်တဲ့ပုံစံမျိုး ငါ တစ်ကြိမ်တစ်ခါလောက်ဆော့ ဆွမ်းလောင်းချင်တယ်။ ဆွမ်းလောင်းတဲ့အခါကျတော့ ပစ္စေကဗုဒ္ဓါမထေရ်မြတ်တစ်ပါးကို ဆွမ်းလောင်းတဲ့အခါကျတော့ သူ့ မိန့်မကို မေးတယ်။ ငါ့အတွက် ချက်ထားတဲ့ထမင်းရှိလား။ ရှိတယ်။ အဲဒါငါ့ကိုပေး၊ ငါ ဆွမ်းလောင်းမယ်။ ဒီနေ့ သူ မစားတော့ဘူး။

★ ဆွမ်းလောင်းရပြီးတော့ သူ့စိတ်ထဲမှာ ဝမ်းသာတာ၊ ဝမ်းသာတာ။ မျက်နှာမှာ ဘယ်သူပဲကြည့်ကြည့် ပေါ်လွင်နေတယ်။ အဲဒီနေ့ သူ ထမင်းမစားရဘူးဆိုတာ ဘယ်သူမှ မသိဘူး။ သူ့သူဌေးက အဲဒါကို ကြည့်ပြီး သူ့ကို မုဒိတာဖြစ်တယ်။ သူ့သူဌေးက ငါ ဆွမ်းလောင်းတာ နင့်ထက် အများကြီးလောင်းတယ်၊ မင်းလို ဒီတခါပဲ လောင်းဖူးတာ ဒီလောက်ထိ စိတ်မျိုးဖြစ်မနေနဲ့ဆိုတဲ့ စိတ်မျိုး လုံးဝမဖြစ်ဘူး၊ အဲဒီသူဌေးက။

★ သြော်… အငတ်ခံပြီး လောင်းတယ်ဆိုတော့ ငါ့ထက်တောင်မှ ကုသိုလ်ကြီးတယ်။ တွေ့တိုင်းလူတိုင်း သာဓုခေါ်တာ နတ်တောင်မှ သာဓုခေါ်တာ။ အဲဒါနဲ့ ဒီတိုင်းဆိုရင် အဲဒီကုသိုလ် ဒါ သူဌေးဆိုတော့ လုပ်ငန်းရှင် စီးပွားရေးသမားဆိုတော့ စီးပွားရေးစကားပြောတာပေါ့။ အဲဒီကုသိုလ် ငါ့ရောင်းပါလား။ ကျွန်တော် မရောင်းနိုင်ဘူး။ ဒါဖြင့် ငါ သာဓုခေါ်မယ်။ 

★ သာဓုခေါ်ရင် သူက ဆင်းရဲသား education မရှိဘူး၊ အဲဒါနဲ့ ပစ္စေကဗုဒ္ဓမထေရ်မြတ် နောက်ကို လိုက်သွားပြီးတော့ တပည့်တော်သူဌေးက တပည့်တော်ကုသိုလ်ကို ရောင်းဖို့ပြောနေတယ်။ တပည့်တော် ‌မရောင်းနိုင်ဘူး။ အခုကျတော့ အမျှပေးဝေပါ ပြောနေတယ်၊ အမျှပေးလိုက်ရင် တပည့်တော်ဆီမှာ ဘာမှ မကျန်တော့မှာစိုးလို့။

★ အဲဒါနဲ့ ပစ္စေကဗုဒ္ဓမထေရ်က ပြောလိုက်တယ်၊ ဖယောင်းတိုင်မီးထွန်းလိုက်ရင် ကိုယ့်ဖယောင်းတိုင် သူများ လာမီးငြှိရင် ကိုယ့်ဖယောင်းတိုင် မီးမှိန်မသွားဘူး။ နှစ်တိုင်ဆိုတော့ ပိုပြီးတော့တောင်မှ အားကောင်းလာတယ်။ ဒါကြောင့်မို့လို့ အမျှပေးဝေပါဆိုပြီး ပြောလိုက်တော့ သူက ကျေကျေနပ်နပ်ပြန်လာပြီးတော့ သူ့သူဌေးကို အမျှပေးဝေပါ။ 

★ သူဌေးကလည်း အရမ်းသဘောကျပြီးတော့ ဒီလူ ငါ့ရဲ့ဝန်ထမ်းဖြစ်ဖို့ မထိုက်တန်ဘူး။ ငါ့သူငယ်ချင်း ဖြစ်ဖို့သင့်တယ်ဆိုပြီးတော့ သူ့ကို ကုမ္ပဏီလေးတစ်ခု တည်ထောင်ပေးတယ်။ အဲဒီအချိန်က စပြီးတော့ သူတို့နှစ်ယောက် ဘဝအဆက်ဆက် ငရဲမလားဘူး။ ခက်ခဲတဲ့ဘဝတွေ မကြုံရဘူးပေါ့။ သူများတွေ ဘယ်လောက်ခက်ခဲခက်ခဲ ပိုက်ဆံရှာတဲ့အခါ မခက်ခဲဘူး။ လူတွေအုပ်ချုပ်ရမယ်ဆို မခက်ခဲဘူး။

★ အဲဒါ initiate လုပ်တဲ့ပုဂ္ဂိုလ် အဲဒီဆင်းရဲသားကတော့ ဆရာပြန်ဖြစ်တာပေါ့၊ အရှင်အနုရုဒ္ဓါ မဟာသာဝကထဲမှာဖြစ်တယ်။ အဲဒီသူဌေးကတော့ သူ့ရဲ့တပည့် သုဝဏ္ဏသာမဏေလေးဆိုတာ ဖြစ်တယ်။ ဘုန်းဘုန်း အမြဲတမ်းဟောနေကျ။ တခါမှ တရားမထိုင်ရဘူး၊ တခါမှ စာမကျက်ရဘူး၊ ဆံချပြီးတာနဲ့ ရဟန္တာဖြစ်တာတဲ့။ သူဌေးသားလေး။ 

★ ဘုန်းဘုန်းပြောချင်တာ မုဒိတာရဲ့ကောင်းကျိုးကို ပြောချင်တာ။ မုဒိတာ မရှိဘူးဆိုရင် ဦးနှောက်ရဲ့အကြောင်း ပြောပြချင်တယ်။ 

ဆက်လက်ဖော်ပြပါမည်။

(၇.၉.၂၀၂၆) ကိုရီးယားနိုင်ငံ အောက်စဖို့ဒ်ဗုဒ္ဓဝိဟာရ တွင် ဟောကြားတော်မူခဲ့သောတရားတော်မှ စာစီပူဇော်ပါသည်။ 

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်

ပါမောက္ခ ‌ဒေါက်တာအရှင်ဓမ္မသာမိ

🙏🙏🙏