ယုံကြည်မှု သဒ္ဓါရှင်းတမ်း

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
10/22/2026
ယုံကြည်မှု သဒ္ဓါရှင်းတမ်း

ယုံကြည်မှု သဒ္ဓါရှင်းတမ်း

▬▬▬▬▬▬▬▬▬▬

ယုံကြည်မှုစကားလေးဟာ အရေးကြီးတယ်နော်။ သဒ္ဓါတရားခေါ်တယ်။ တိပိဋကယောဆရာတော်ဘုရားကြီးရဲ့ ကျေးဇူးအင်မတန်များတယ်။ ဆရာတော်ကြီး ဟောတာကိုမှတ်ရမယ်။ သဒ္ဓါတရားဟာ အရေးကြီးဆုံးလို့ ပြောတဲ့စကား ဘုရားဉာဏ်တော်နဲ့ဟောခဲ့တာ၊ တချို့ကိစ္စ ကိုယ်မြင်တာမဟုတ်ဘူး။ ယုံကြည်မှုနဲ့ သွားရမှာ။ ဘယ်လို ဥပမာပေးလဲဆိုတော့ "ကမ္ဘာ့မြေပုံကြီးကို ပြမယ်ဆိုပါတော့ကွယ်တဲ့၊ ဒီမြေပုံကြီးကို ယုံလားဆိုတော့ အားလုံးဟာ အကုန်လက်ခံယုံကြည်တယ်တဲ့။ မြေပုံကိုကြည့်ပြီး သွားကြတာကို လက်ခံယုံကြည်တယ်တဲ့။ ဒီလိုယုံကြည်တယ် ပြောရအောင်၊ ကမ္ဘာ အနှံ့ကိုရောက်ဖူးလားတဲ့"၊ ဘာလို့ ယုံကြည်လဲ စဉ်းစား၊ အဲဒါကို ယုံကြည်မှု သဒ္ဓါလို့ခေါ်တာပဲတဲ့။ 

မှန်တယ်လို့လက်ခံထားပြီး သွားတော့ ရောက်လည်းရောက်တယ်။ ဒါဟာ သဒ္ဓါတရား။ အကြောင်းအကျိုး ဆက်စပ်ကြည့်တော့ အကုန်မှန်သောကြောင့် လက်ခံယုံကြည်မှု သဒ္ဓါတရား။ ကိုယ်မရောက်သော်လည်း ယုံကြည်ရမယ်နော်။ ဒီအတိုင်းပဲ။ ဘုရားဟာ အရဟတ္ထဖိုလ် ရောက်တယ်ဆိုတာကို ယုံကြည်ထားရမယ်နော်။ နိဗ္ဗာန် ဆိုတာကို ပထမ မသိသေးဘူး၊ မရောက်သေးဘူး ထား။ သို့သော် ဘုရားဟောထားတာ ဒါတွေဟာ ဟုတ်တယ်။ "စိတ်-စေတသိက်" ဆိုတာကို လက်ခံရမယ်။ ကိုယ်တိုင်မမြင်ရသော်လည်း ဘုရားသည် တကယ်မြင်တော်မူခဲ့တဲ့ ဘုရား။ 

အာရုံသိပေါ်တဲ့နေရာမှာ ဒါတွေ ပေါင်းစပ်တယ်ဆိုတာကို ကိုယ်က စိတ်-စေတသိက် မမြင်ရဘူးထား။ "သိ" သဘောပေါ်တာကတော့ အမှန်ပဲ။ အသံကြားလည်း သိလိုက်တယ်။ အရိပ်ထင်တာကိုလဲ သိလိုက်ရတာ အမှန်ပဲ။ ပျောက်တာလဲ အမှန်ပဲ။ အထည်မဟုတ်တာလည်း အမှန်ပဲ။ ဒါဖြင့် တံလျှပ် ကဲ့သို့ဆိုတဲ့ စကားဟာ မှန်မနေဘူးလား။ ဒီတော်လက်ခံရမယ်။ ယုံကြည်ရမယ်၊ နားလည်ပြီနော်။ တံလျှပ်ကဲ့သို့ပဲ ဆိုတဲ့စကားကို လက်ခံယုံကြည်စွာနဲ့ ကျင့်လို့ရှိရင် အာရုံတွေကို ဆက်စရာအကြောင်း မရှိတော့ဘူး။ တဏှာမရှိတော့ဘူး။ သဘောပေါက်ပြီနော် ။

လက်တွေ့ပြ၍ရှင်းခြင်း

▬▬▬▬▬▬▬▬▬

ဒါဖြင့် အသက်ကို ရှူလိုက်မယ်ဆိုရင် ကိုယ်မှာလှုပ်တာနဲ့ တပြိုင်နက် ဗိုက်တွေ ကိုယ်တွေ ရင်ဘတ်တွေ ပေါ်မနေဘုးလား။ (ပေါ်ပါတယ်ဘုရား.....)။ အဲဒီပေါ်တာကို ဘယ်လိုရှုရမလဲ ဆိုတော့ တံလျှပ်ကဲ့သို့ ဒီအတိုင်းပဲ ရှုရမှာ၊ သိပေးရုံလေးပဲနော်။ နောက်စိတ်အစုက အဖြေထုတ်တယ်လို့ ခေါ်တယ်။ ပေါ်တာကို ရှေ့က အာရုံကို လက်ခံလိုက်တယ်။ အဲဒီလက်ခံလိုက်တာကို နောက်စိတ်အစုက ဆုံးဖြတ်တာ၊ ပေါ်တဲ့အာရုံကို လက်ခံဆုံးဖြတ်တယ်လို့ ခေါ်တယ်။ ဒါကို စာပေအရပြောတာနော်၊ ဘုန်းဘုန်း အရပ်စကားနဲ့ အလွတ်ပြောတာမဟုတ်ဘူး။ 

စိတ်ရဲ့သဘောတရားဟာ အာရုံကိုသိတဲ့နေရာမှာ ဝိဉာဏ်ပြီးရင် သမ္ပဋိစ္ဆိုင်း သန္တရဏ ဝုဋ္ဌော (မနောဒွါရဝဇ္ဇန်း) လို့ အဘိဓမ္မာမှာ ဆိုထားတယ်။ မြန်မာလို.... လက်ခံတယ်၊ စုံစမ်းတယ်၊ ဆုံးဖြတ်တယ်၊ ကျမ်းစာကိုသငိဖူးတဲ့သူတွေ သိလိမ့်မယ်နော်။ ဘာသိသိ အာရုံသိရင်လက်ခံတယ်။ စုံစမ်းတယ်၊ ဆုံးဖြတ်တဲ့ အလေ့အထရှိတယ်။ ဒီတော့ နောက်စိတ်အစုက လက်ခံ စုံစမ်း ဆုံးဖြတ်တော့မှာ။ ဆုံးဖြတ်တဲ့အခါ အမြင်မှန်နဲ့ ဆုံးဖြတ်ရမှာနော်။

အသက်ရှုလိုက်တယ်ဆိုရင် ကိုယ်မှာထိတာနဲ့ မျက်နှာ ကိုယ်အမူအရာ အရိပ်ဟာ တံလျှပ်လိုပဲလို့ ဆုံးဖြတ်ရမယ်။ ငါလို့ ပြာပါတော့မလား? (မပြောပါဘူး ဘုရား....)။ ကျွန်တော်ဟာ ခင်ဗျားနှာခေါင်းပါလို့ ပြောရဲ့လား? ငါလို့ရော ဝန်ခံရဲ့လား? (ဝန်မခံပါဘူးဘုရား....)။ ပြီးရင် တံလျှပ်ကဲ့သို့ အနှစ်သာရရှိပါ့မလား။ အဲဒီအတိုင်း သိလိုက်တယ် ဆိုရင် အာရုံဟာ မတည်မြဲတော့ဘူး။ ပျောက်သွားတယ်။ ပျောက်သွားပြီဆိုရင် ငါ-သူ မရှိသောကြောင့် မာနရော လာပါ့မလား၊ (မလာပါဘူး ဘုရား.....)။ မလာရင် တဏှာရော လာလို့ရပါ့မလား။ (မရပါဘူး ဘုရား......)။ ဒီလောက်သိတယ်ဆိုရင် နိဗ္ဗာန် ပေါ်သွားပြီ၊ ရပြီလား။

ဒါဖြင့်၊ အရှင်ဘုရားလွယ်လှချည်လား၊ အခုပဲ ပေါ်တယ်ဆိုတော့ မြန်လှချည်လားလို့ အောင်းမေ့မယ်နော်၊ တကယ်တော့ ဒါတွေသိလို့ရတာနော်။ ဒီအသိရတယ်ဆိုရင် ရပြီ။ ဒီအသိမရသေးရင်တော့ နိဗ္ဗာန်ပေါ်မှာ မဟုတ်ဘူးနော်။ အရှင်ဘုရား… ဒီအသိဟာလည်း အရှင်ဘုရားပြောတော့ လွယ်လွယ်လေးပါလားလို့ အောက်မေ့တယ်၊ မလွယ်ဘူး။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

🙏🙏🙏

“ဇာတိမလာရေးနှင့် နိဗ္ဗာန်အမြင်” တရားတော်စာအုပ်မှ ကုသိုလ်ယူရိုက်ကူးဖော်ပြခြင်း ဖြစ်ပါသည်။