မြတ်စွာဘုရားရှင် ပြုခဲ့သောခဲယဉ်းသောအရာ

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
10/17/2026
မြတ်စွာဘုရားရှင် ပြုခဲ့သောခဲယဉ်းသောအရာ

မြတ်စွာဘုရားရှင် ပြုခဲ့သောခဲယဉ်းသောအရာ

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

ဒီတော့ မိလိန္ဒမင်းကြီးနဲ့ ရှင်နာဂသိန် အမေးအဖြေ ဟိုတုန်းက ရှိတယ်နော်။ မိလိန္ဒပညာကျမ်း စာအုပ်ထဲပါတယ်။ အဲဒီအထဲမှာ မိလိန္ဒမင်းကြီးက ရှင်နာဂသိန်ကို မေးတယ်။ 

မေး။ ။ အရှင်ဘုရား၊ မြတ်စွာဘုရားရှင် ပြုခဲ့သော အင်မတန်ပြုနိုင်ခဲသော ခဲယဉ်းသောအရာ ရှိပါသလားတဲ့ မေးတယ်။ 

ဖြေ။ ။ ရှိပါတယ် မင်းကြီး တဲ့။

မေး။ ။ ဘယ်လိုအရာပါလဲ ဘုရား။

ဖြေ။ ။အာရုံသိတဲ့နေရာမှာ အခဲယဉ်းဆုံးပဲတဲ့။ အဲ့ဒါကိုဖော်ထုတ်တာတဲ့။ 

ကျမ်းကိုး (အရူပဓမ္မဝဝတ္ထာနဒုက္ကရပဉှာ - နာမ်တရားကို ပိုင်းခြားခြင်း၌ ခဲယဥ်းပုံပြဿနာ)

(၁၆။ မိလိန္ဒမင်းသည် “အလျှင်ဘုရားနာဂသေန မြတ်စွာဘုရား ပြုလုပ်ခဲ့သော ခဲယဉ်းသော အရာ ရှိအပ်ပါသလော” ဟု မေးလျှောက်၏။ နာဂသေနမထေရ်သည် မင်းမြတ် မြတ်စွာဘုရား ပြုလုပ်ခဲ့သော ခဲယဉ်းသောအရာရှိ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားနာဂသေန မြတ်စွာဘုရား ခဲယဉ်းစွာ ပြုခဲ့သော အရာသည် အဘယ်နည်းဟု (လျှောက်၏)။ မင်းမြတ် မြတ်စွာဘုရားသည် တစ်ခုတည်းသော အာရုံ၌ ဖြစ်ကုန်သော၊ နာမ်ဖြစ်ကုန်သော ဤစိတ် စေတသိက်တရားတို့ကို “ဤတရားသဘောကား ဖဿတည်း၊ ဤတရားသဘောကား ဝေဒနာတည်း၊ ဤတရားသဘောကား သညာတည်း၊ ဤတရားသဘောကား စေတနာတည်း၊ ဤတရားသဘောကား စိတ်တည်း” ဟု ပိုင်းခြား ဝေဖန်လျက် ဟောကြားတော်မူရခြင်းသည် ခဲယဉ်းစွာ ပြုအပ်သော အရာမည်၏ဟု (မိန့်တော်မူ၏)။

ဥပမာ ပြုတော်မူပါဦးလော့ဟု (လျှောက်၏)။ မင်းမြတ် ဥပမာအားဖြင့် တစ်စုံတစ်ယောက်သော ယောက်ျားသည် လှေဖြင့် မဟာသမုဒ္ဒရာသို့ သက်ဝင်၍ လက်ခုပ်ဖြင့် ရေကို ယူပြီးလျှင် လျှာဖြင့် လျက်၍ “ဤရေသည် ဂင်္ဂါမြစ်ရေတည်း၊ ဤရေသည် ယမုန်နာမြစ်ရေတည်း၊ ဤရေသည် အစိရဝတီမြစ်ရေတည်း၊ ဤရေသည် သရဘူမြစ်ရေတည်း၊ ဤရေသည် မဟီမြစ်ရေတည်း”ဟု သိနိုင်ရာသလော ဟု (မေးတော်မူ၏)။ အသျှင်ဘုရား သိနိုင်ရန် ခဲယဉ်းလှပါ၏ဟု (လျှောက်၏)။ မင်းမြတ် တစ်ခုသော အာရုံ၌ ဖြစ်ကုန်သော၊ နာမ်ဖြစ်ကုန်သော ဤစိတ် စေတသိက်တရားတို့ကို “ဤတရားသဘောကား ဖဿတည်း၊ ဤတရားသဘောကား ဝေဒနာတည်း၊ ဤတရားသဘောကား သညာတည်း၊ ဤတရားသဘောကား စေတနာတည်း၊ ဤတရားသဘောကား စိတ်တည်း”ဟု ပိုင်းခြား ဝေဖန်လျက် ဟောကြားတော်မူရခြင်းသည် ဤရေကို အသိခက်သည်ထက် အလွန်ခဲယဉ်းစွာ ပြုတော်မူအပ်သော အရာဖြစ်၏ဟု (မိန့်တော်မူ၏)။ မိလိန္ဒမင်းသည် အသျှင်ဘုရားကောင်းလှပါပေ၏ဟု ဝမ်းမြောက်စကား လျှောက်ထား၏။) 

အာရုံသိဆိုတဲ့နေရာမှာ စိတ် စေတသိက်တွေ ပါတာကို ခွဲထုတ်တာဟာ ဘုရား အခဲယဉ်းဆုံး လုပ်ခဲ့တာတဲ့။ 

ဥပမာ လှေလေးနဲ့ ပင်လယ် ထဲကိုသွားတယ်။ တစ်ယောက်ယောက်သော ပုဂ္ဂိုလ်ကို လွှတ်လိုက်တယ်ပေါ့နော်။ ပင်လယ် ရေဆိုတာ အငံဓာတ်အရသာ တစ်မျိုးတည်းမဟုတ်လား။ (ဟုတ်ပါတယ် ဘုရား...)။ အဲဒီ အငံအရသာ တစ်မျိုးထဲကို လျှာနဲ့တို့ကြည့်ပြီး မြစ်ရဲ့အရသာကို ပြန်ခွဲထုတ်ပေးပါတဲ့။ ဒါဟာ ဂဂါၤမြစ်ရဲ့အရသာ၊ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း စသည်ဖြင့်... ခွဲလို့ လွယ်ပါ့မလား။ (မလွယ်ပါဘူး ဘုရား...)။ အဲ့ဒါမှလွယ်ရင် လွယ်လိမ့်ဦးမယ်။ အာရုံသိသဘော တစ်ချက်မှာ ဘာတွေပါဝင် ပေါင်းစပ်တယ်ဆိုတာ ခွဲရအခက်ဆုံးလို့မှတ်ပါ။ 

ဥပမာဆိုရင် ဘုန်းဘုန်းက "ဆင်" လို့ပြောလိုက်တာကို နားမှာကြားလိုက်တယ်နော်။ (တင်ပါ့ဘုရား....)။ မနောမှာပုံမပေါ်လိုက်ဘူးလား။ (ပေါ်ပါတယ် ဘုရား...)။ အဲ့ဒီအချိန်မှာ ဒါဟာဖြင့်စိတ်၊ ဒါဟာ စေတသိက်၊ ဝေဒနာ သညာ ခွဲပါ့မလား။ ရပါ့မလား။ (မရပါဘူးဘုရား....)။ ပင်လယ်ရေကမှ ခွဲရလွယ်ဦးမယ်။ အာရုံသိကို သဘောပေါက်ရင် တဏှာ မလာတော့ဘူး။ ဒါဟာအရေးအကြီးဆုံးပဲ၊ နားလည်ပြီလား ။ ဒီတော့ တဏှာမရှိရင် ဘာပေါ်တာတုန်း။ နိဗ္ဗာန် ပေါ်တာလို့မှတ်ပါ။

ဒုက္ခသစ္စာကို ပိုင်းခြားသိမှသာလျှင် တဏှာအစပ်ပြတ်မယ်

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

နိဗ္ဗာန်ပေါ်ရေးသည် မှတ်ပါ။ ဆရာထံ နည်းမခံပဲ ကိုယ်တိုင် ကိုယ်အားထုတ်ရင်တော့ ပေါ်မှာမဟုတ်ဘူး။ ပထမသိအောင်နာရမယ်။ ဉာတပဋိညာဉ် အားဖြင့် ဒါဟာနိဗ္ဗာန်လို့ သိအောင်နာရမယ်။ သိပြီးတော့မှ ကျင့်ရမှာ။ ပြန်ပြောမယ်၊ ဒါဟာ နိဗ္ဗာန် ပဲလို့ ဆုံးဖြတ်ချက် ကျအောင် တရားနာရမယ်။ ဘုရားဟော တရားတော်တွေကို နာရမယ်။ ဟုတ်ပြီ သဘောပေါက်ပြီလို့ သိသွားရင် ဆက်ကျင့်ရုံပဲ ရှိတော့တယ်။ မသိသေးဘဲကျင့်ရင် တစ်သက်လုံး သိလာမှာမဟုတ်ဘူး။ ဘာကြောင့် ဘုန်းဘုန်းပြောလည်းမေး၊ ဒုက္ခသစ္စာကို ပိုင်းခြားသိမှသာလျှင် တဏှာအစပ် ပြတ်မှာ သဘောပေါက်ရဲ့လား။ ဆရာမကူပဲနဲ့ တရားကိုသိလာတာဟာ ဘုရားနဲ့ ပစ္စေကဗုဒ္ဓ နှစ်ပါးပဲရှိပါ တယ်။ နားလည်ပြီနော်။

ကိုယ်တိုင်ကိုယ် နိဗ္ဗာန် မသိဘဲနဲ့ တရားထိုင်တဲ့ ပုဂ္ဂိုလ်များဟာ ဘယ်တော့မှ သိလာမှာမဟုတ်ဘူး။ အားထုတ်ရင်း နိဗ္ဗာန်နီးပြီလို့သာပြော၊ ဘယ်လိုပြောပြော နိဗ္ဗာန်အကြောင်း မသိတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လောက်ပဲ အချိန်ကုန်ခံပြီး အားထုတ်နေပစေ၊ သေသာသွားရော သိလာမှာမဟုတ်ဘူး။ ဆရာမရှိဘဲနဲ့ နိဗ္ဗာန် ကိုသိတာ ဘုရားနဲ့ပစ္စေကဗုဒ္ဓါ နှစ်ဦးပဲရှိတယ်။ ဘာကြောင့်လဲလို့မေးရင် ဘုရားပါရမီ ဖြည့်ခဲ့တဲ့အား လက္ခဏာ ကိုယ့်မှာအပြည့်အစုံ မလာခဲ့လို့ပဲ။ ဘုရားလက္ခဏာ၃၂ပါး ပြည့်စုံတယ် ဆိုရင်တော့ ဟုတ်တာပေါ့။

တစ်ခါ ဘုရားသာသနာအတွင်းမှာ ပစ္စေကဗုဒ္ဓါအလောင်း မရှိကောင်းဘူးတဲ့။ ဒါကြောင့် သတိပေးနေတာပါ။ ဘုန်းဘုန်းတို့အနေနဲ့ ပထမအရေးအကြီးဆုံးက ဒီဘက်က နံပါတ်(၂)အကွက်။ အာရုံသိဆိုတဲ့ သဘောတရားဟာ ဘာကြောင့်ဖြစ်တယ်ဆိုတာကို ဘုရားဟောအတိုင်း ဆရာသမားနဲ့ နည်းခံပြီး ပိုင်းခြားနားလည်အောင် သင်ရမယ်၊ သိလို့သဘောပေါက်ပြီဆိုရင် အာရုံပေါ် အမှန်သိရင် ဒိဋ္ဌိမလာတော့ဘူး၊ (အမြင်မှား)မလာတော့ဘူး။ 

သူမလာရင် မာနရော၊ (မလာပါဘူးဘုရား)။ တဏှာရော (မလာပါဘူးဘုရား)။ ဒါဖြင့် တဏှာမရှိရင် ဘာပေါ်တုန်း။ (နိဗ္ဗာန် ပေါ်ပါတယ်ဘုရား)။ ဒါဟာ နိဗ္ဗာန်ပါပဲလို့ ဆုံးဖြတ်ချက်ကျပြီဆိုရင် ဆက်ကျင့်တော့ ရပါပြီ။ မသိသေးပဲနဲ့ ကျင့်လို့တော့တစ်သက်သိမှာ မဟုတ်ဘူးလို့မှတ်၊ နားလည်ပြီနော်၊ ပြန်ပြောမယ်။ ကျမ်းဂန်အရ အရေးကြီးလို့ ပြောနေတာနော်။ ဆရာမရှိဘဲနဲ့ ဒုက္ခသစ္စာကို ပိုင်းခြားနားလည်တာ ပိုင်းခြားသိတာဆိုလို့ ဘုရားနဲ့ ပစ္စေကဗုဒ္ဓေါ နှစ်ဦးပဲရှိတယ်။ သဘောပေါက်ပြီလား ။ အားလုံးဟာ ဆရာအကူအညီနဲ့မှ နိဗ္ဗာန်ကိုသိရတာ။ 

တခြားမကြည့်နဲ့၊ ပညာအရာမှာ အင်မတန်ကြီးတဲ့ သာဝကတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ အရှင်သာရိပုတ္တရာ မထေရ် ကိုပဲကြည့်။ သူ့တိုင်သူ နိဗ္ဗာန်သိလို့လား.....? စဉ်းစားလေ။ အရှင်အဿဇိမထေရ်က တစ်ချက်လေးဟောလိုက်တာနဲ့ သဘောပေါက်သွားပြီ၊ ဟုတ်ပြီလို့ တန်းမြင်တာနော်၊ ဆရာပါရတယ်။ သဘောပေါက်ပြီနော်။ နောက် ရဟန္တာတော့လည်း သူများဟောတာကို ကြားနာရင်းနဲ့ ရဟန္တာ ဖြစ်သွားတာ။

ဒါဖြင့် ပညာအရာမှာ အလွန်ကြီးတဲ့ပုဂ္ဂိုလ်တောင် ဆရာပါသေးတယ်ဆိုတော့ အားလုံးဟာ အရေးမကြီးဘူးလား။ ဒါဖြင့် နိဗ္ဗာန် ဆိုတာ ပထမသိအောင် (ဉာတပဋိညာဉ် ဆိုတာ) သဘောပေါက်အောင် နာရလိမ့်မယ်။ ပိုင်ပြီဆိုမှ ဆက်ကျင့်တော့၊ တစ်နည်းအားဖြင့် ဝိပဿနာဆိုတာ လောကီမဂ် ၊ မဂ်တို့မည်သည် နိဗ္ဗာန်ပေါ်စမြဲ၊ လောကီမဂ်က စပြီးကျင့်မှ လောကုတ္တရာမဂ် ဖြစ်မှာပေါ့ ၊ နားလည်ပြီနော်။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

🙏🙏🙏

“ဇာတိမလာရေးနှင့် နိဗ္ဗာန်အမြင်” တရားတော်စာအုပ်မှ ကုသိုလ်ယူရိုက်ကူးဖော်ပြခြင်း ဖြစ်ပါသည်။