★ ဒီချိန်မှာ ဘုန်းဘုန်းက ဘာလေးလုပ်ချင်တုန်းဆိုတော့ exercise လေးတစ်ခုလုပ်ချင်တယ်။ အဓိက အရေးကြီးတာတော့ fixed mindset ကို မကြောက်မရွံ့ မြင်အောင်ရှာတွေ့ဖို့။ အဲဒီ fixed mindset ကို growth mindset ဖြစ်အောင် ပြုပြင်ဖို့။ အဲဒီဟာဆိုရင် ကိုယ့်အတွက်လည်းကောင်းတယ်၊ ကိုယ့်ကျောင်းသားကျောင်းသူအတွက်လည်း ကောင်းတယ်။ သူတို့ရဲ့ မိသားစုအတွက်လည်း ကောင်းတယ်။ နိုင်ငံအတွက်လည်း ကောင်းတယ်ပေါ့။
★ ဘုန်းဘုန်းတို့ အမြဲတမ်းမှားနေကြပါ။ ဒါ မလုပ်နိုင်ဘူးလို့ ပြောတာများတယ်။ ဒါ မလုပ်နိုင်သေးဘူးလို့ ပြောတဲ့လူ ကြားတာတော့ကြားတယ် ဒါပေမဲ့နည်းတာပေါ့။ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ ပြောတဲ့အခါလား၊ ဒါမှမဟုတ် ကလေးတွေကို ကိုယ်ဝေဖန်တဲ့အခါမှာလား ကိုယ်ဘယ်လိုပြောတုံး။
★ Math နဲ့ eng မှာ math ကရတယ်၊ eng မရသေးဘူးဆိုရင် မရသေးတဲ့ eng နဲ့ ပတ်သက်ပြီးတော့ fixed mindset ဝင်ရင် မတတ်နိုင်တော့ဘူး။ တချို့ဘာသာရပ်တွေမှာ growth mindset ရှိချင်ရှိနိုင်မယ်၊ တချို့ဘာသာရပ်မှာ fixed mindset ပဲ ဝင်နေသေးတာ ဖြစ်နိုင်တယ်။ အဲဒါကြောင့်မို့လို့ ၃မိနစ်လောက် ဘုန်းဘုန်းတို့ reflection လုပ်လိုက်ရအောင်။ ပြီးရင်တော့ မုဒိတာအကြောင်းဆက်ပြောပြီးတော့ မုဒိတာ လေ့ကျင့်ပါမယ်။
★ တရားထိုင်တဲ့ပုံစံမျိုးနဲ့ ဘုန်းဘုန်းတို့ ၃မိနစ်လောက် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ စဥ်းစားပါမယ်။ နေ့စဥ် ကိုယ့်ကိုယ်ကိုယ် ပြောတဲ့စကား၊ ဒါမှမဟုတ် အချင်းချင်း ပြောတဲ့စကား၊ ကိုယ့်တပည့်တွေကို ပြောတဲ့စကားတွေထဲမှာ growth mindset ထဲပါလား၊ fixed mindset ထဲပါလား၊ အဓိကကတော့ ငါ နားမလည်ဘူး၊ ငါ နားမလည်သေးဘူး။ ငါ မလုပ်နိုင်ဘူး၊ ငါ မလုပ်နိုင်သေးဘူး အဲဒီနှစ်ခုကို ကြည့်ကြည့်ပါ။
★ တခါတခါကျတော့ ဒါလေးတောင် မလုပ်နိုင်ဘူးလားဆိုတဲ့ အတွေးတွေ ပေါ်လာတယ်။ အဲဒါဆိုရင်လည်း fixed ထဲ ဝင်တာပေါ့။ အဲဒါ give up လုပ်တာ၊ frustrated ဖြစ်တာပါ၊ စိတ်တိုတာ။ ဘုန်းဘုန်းတို့လည်း အကြိမ်ကြိမ်ဖြစ်တယ်။ အဲဒီဟာကို ပြန်ပြီးတော့ အေးအေးဆေးဆေးရှိတဲ့အခါမှာ ပြန်သုံးသပ်ကြည့်တော့ အဲဒီမှာ ငါ ငါ ဆိုပြီး လုပ်မိတယ်။ အကြောင်းလုပ်တယ်ပေါ့။
★ အဆင်မပြေသေးတဲ့အရာကို သွားပြီးတော့ အကြောင်းလုပ်လိုက်တာ၊ identity တည်ဆောက်လိုက်တယ်။ အချိန်စေ့ပါပြီ။ မုဒိတာလေး ဆက်ပြီးတော့ လေ့လာကြရအောင်။
★ မုဒိတာကျတော့ ဘာတုန်းဆို ဒီနေရာမှာ ပျော်ရွှင်တယ်ဆိုတဲ့စကားလုံးထက် ဘုန်းဘုန်းက အသိအမှတ်ပြုတယ်ဆိုတဲ့စကားလုံး သုံးချင်တယ်။ မုဒိတာ အသိအမှတ်ပြုတယ်တဲ့။ ဘာအသိအမှတ်ပြုတာတုန်းဆို ဒီ growth mindset, fixed mindset concept နဲ့ ညီလျော်အောင် ဆိုရင်တော့ လုံ့လဝီရိယကို အသိအမှတ်ပြုရမယ်။
★ မြတ်စွာဘုရားရဲ့ဇာတ်တော်တွေ ပြန်ဖတ်ကြည့်ပါ။ အကုန်လုံး သူ့ရဲ့လုံ့လဝီရိယကို အသုံးပြုတာ။ ဘဝတစ်ဘဝမှာတဲ့ သိန္ဓောမြင်းဖြစ်တယ်တဲ့၊ ဘုရားအလောင်းက။ အဲဒါ သူနေတဲ့ တိုင်းပြည်ကို တိုင်တပါးဘုရင် ၇ဦးကလာဝိုင်းတယ်၊ လက်နက်ချခိုင်းတယ်။ အဲဒါနဲ့ ဘုရင်ကြီးက သိန္ဓောမြင်းကို အားကိုးတယ်။ သိန္ဓောမြင်းနဲ့သွားပြီးတော့ ရန်သူကိုရင်ဆိုင်တယ်၊ နှိမ်နင်းတယ်ပေါ့။
★ ပထမဆုံး ၅ယောက်၊ လွယ်လွယ်ကူကူ နှိမ်နင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ ပင်ပန်းလာပြီးတော့ စတုတ္ထတစ်ယောက်ကို သွားနှိမ်နင်းတဲ့အခါမှာတော့ နိုင်တော့နိုင်တယ်၊ အရင် ၅ ယောက်လိုပဲ လာပြီးတော့ တိုက်ခိုက်တဲ့ရန်သူကို အရှင်ဖမ်းနိုင်တယ်။ စစ်သုံ့ပန်းဖမ်းနိုင်တယ်။ ဒါပေမဲ့သိန္ဓောမြင်းက ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့အခါကျတော့ ဘေးစောင်းအိပ်ရတာပေါ့။ ဆရာဝန်တွေစကားနဲ့ဆိုရင်တော့ recovery position နဲ့အိပ်ရတာပေါ့။
★ အဲဒီလိုဖြစ်တဲ့အခါကျတော့ ရန်သူက နောက်တစ်ယောက်ကျန်နေသေးတယ်၊ ဘယ်လိုလုပ်မှာတုံး။ ဘုရင် တခြားမြင်းအသုံးပြုဖို့ လုပ်တဲ့အခါကျတော့ သိန္ဓောမြင်းကပြောတယ်၊ တခြားမြင်းအသုံးပြုရင် အပြင်ရောက်တာနဲ့ သူတို့က ကြောက်လန့်ပြီးတော့ အရှုံးပေးခဲ့မှာ၊ ဒီတိုင်းပြည်ကျသွားမယ်။ ဒါကြောင့်မို့ ကျနော်ပဲ သွားပါ့မယ်ဆိုပြီးတော့ သိန္ဓောမြင်းက သူ့ကိုယ်သူ volunteer ဆက်လုပ်တယ်။ ဒါဇာတ်တော် first volume ထဲမှာပါတယ်။
★ အဲဒီတော့ ဘုရားအလောင်းက သူ့ရဲ့လုံ့လဝီရိယကို ပြန်ပြီးတော့ ပြောပြတာ။ အဲဒီလိုပြောပြတော့ ပျင်းနေတဲ့ လုံ့လမစိုက်ချင်တဲ့ ရဟန်းတစ်ပါး သူလုံလဝီရိယတွေ အားစိုက်ပြီးတော့ ရဟန္တာဖြစ်သွားတယ်။ ဆိုလိုတာက မြတ်စွာဘုရား သူ့ရဲ့ကြိုးစားမှုတွေကို သူပြန်ပြီးတော့ အကြိမ်ကြိမ် မုဒိတာဖြစ်တယ်ပေါ့။
★ ဘုရားဖြစ်ခါနီးမှာ မာရ်နတ်တိုက်ခိုက်ခံရတယ်ဆိုတာရှိတယ်။ မာရ်နတ်တိုက်ခိုက်ခံရတဲ့အခါမှာ ဘုရားအလောင်းက အိမ်ရှေ့မင်းသားပါ။ အဲဒါအင်အား ဖခမည်းတော်ဆီပြန်သတင်းပို့ပြီးတော့ အင်အားမသုံးပါဘူး အဲဒီဟာကို။ ရင်ဆိုင်ဖို့အတွက်။ ပိုက်ဆံအင်အား လူအင်အား၊ မသုံးဘူး။ ဘာသုံးတုံးဆိုတော့ မုဒိတာသုံးတယ်။
★ သူ့ကိုလာတိုက်ခိုက်တဲ့မာရ်နတ်တွေက ဒီနေရာ သင်နဲ့မထိုက်တန်ဘူး၊ ထပါ။ ဒီပလ္လင်နဲ့မထိုက်တန်ဘူး ထပါ။ ငါ ဒါတွေ ကြိုးစားခဲ့တယ်၊ ဒါတွေ ကြိုးစားခဲ့တယ်။ ဒီဘဝမှာ ဘယ်လို ကြိုးစားတဲ့တယ်၊ အရင်ဘဝမှာ ဘယ်လိုကြိုးစားခဲ့တယ်။
★ သူကြိုးစားခဲ့တာတွေ သူပြန်တွေးပြီးတော့ မုဒိတာဖြစ်တော့လေ မုဒိတာအင်အားတွေ မုဒိတာလှိုင်းလုံးတွေ အရမ်းကြီးတော့ ဝသုန္ဓရေတ်သမီးက သူ့ရဲ့ဆံပင်ကိုညှစ်တဲ့အခါကျတော့ ဖြစ်ပေါ်လာတဲ့ ရေက flat လို ဖြစ်သွားတယ်ပေါ့ ရေကြီးတယ်ပေါ့။ ဒါတော့ ဥပမာအနေနဲ့ ယူဆလို့ရတယ်။
★ ဆိုလိုတာက မုဒိတာပွားလိုက်တဲ့အခါကျတော့ မုဒိတာလှိုင်းလုံး အရမ်းကြီးတဲ့အခါကျတော့ အပြင်ကနေ လာတိုက်ခိုက်တာတွေ ပြောဆိုကြတာတွေ ဝေဖန်တဲ့ဟာတွေ သူ့ကို မထိခိုက်ဘူးလို့ပြောတာ။ ဘယ်လောက်ထိပြောတုန်းဆို ပစ်လိုက်တဲ့လက်နက်တွေတဲ့ တနည်းအားဖြင့် ပြောမယ်ဆိုရင် ဝေဖန်လိုက်တဲ့ဟာတွေ သူ့ဆီရောက်လာတဲ့အခါကျတော့ ပန်းလေးတွေလိုဖြစ်သွားတယ်၊ impact မရှိဘူးလို့ ပြောချင်တာ။
★ မုဒိတာ အရေးကြီးတယ်၊ ဘုရားအလောင်းလည်းပဲ အဲဒီဟာသုံးတယ်။ မဟာဇနကမင်းလက်ထက်မှာဆိုရင်တော့ ပိုသုံးတာပေါ့ သူ့ရဲ့ကြိုးစားမှု။ တခြားဘဝတွေလည်း ဒီတိုင်းချည်းပါပဲ၊ ဇာတ်တော် ၅၅၀ က ကြိုးစားခဲ့တဲ့ ဝီရိယပါရမီ တခြားပါရမီလည်းပါပါတယ်။ ဝီရိယပါရမီ ပြန်ပြီးတော့ ဖော်ဆောင်ပြတယ်။ ဒါကြောင့်မို့လို့ မုဒိတာအကြောင်း ဘုန်းဘုန်းတို့ သိပ္ပံနည်းကျ ဗီဒီယို clip လေးတွေ မကြည့်ခင်မှာ မုဒိတာလေး ခဏလုပ်ကြည့်ရအောင်။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏
(၁၂.၁၁.၂၀၂၅) မန္တလာတက္ကသိုလ်တွင် ဟောကြားတော်မူခဲ့သော “Fixed Mindset ကို မုဒိတာဖြင့်ကျော်လွှားနိုင်ရေး” ပထမပိုင်း တရားတော် မှ စာစီပူဇော်ပါသည်။
