ဓမ္မဘေရီအရှင်ဝီရိယ၊တောင်စွန်း၊ တကယ်တော့ ခုအခါမှာလူဖြစ်ရတာဟာ-
၁*သာသနာတွင်းကာလဖြစ်တဲ့
ကာလရဲ့ကောင်းခြင်း၊
၂*သာသနာထွန်းကားရာဖြစ်တဲ့
ဒေသရဲ့ကောင်းခြင်း၊
၃*သာသနာဝန်းထမ်းရဟန်းတော်များဖြစ်တဲ့
ပုဂ္ဂိုလ်ရဲ့ကောင်းခြင်းဆိုတဲ့
ကောင်းခြင်းသုံးဖြာနဲ့ပြည်စုံနေတာပါ။
ဒါဟာ လူတယောက်ကို အကောင်းဆုံးဖြစ်အောင်
ကျေးဇူးပြုပေးနိုင်တဲ့”ဥပနိဿယ”ပစ္စည်းများဖြစ်ပါတယ်။
ဒီလိုကောင်းခြင်းသုံဖြာနဲ့ပြည့်စုံစွာ
လူဖြစ်ရတယ်ဆိုတာ-
မိမိတို့ရဲ့”သဒ္ဓါ,ဝီရိယ,သတိ,သမာဓိ,ပညာ”ဆိုတဲ့
ပါရမီမျိုးစေ့ဓာတ်ခံကောင်းကြလို့သာဖြစ်ပါတယ်။
ဒီပုဂ္ဂိုလ်တွေဟာ ကြိုးစားအားထုတ်ရင်
ဥပနိဿယပစ္စည်းအထောက်အပံ့ကောင်း
ပါရမီမျိုးစေ့ဓာတ်ခံကောင်းတို့ကြောင့်
မဂ်ဖိုလ်နိဗ္ဗာန်ထိရောက်နိုင်တဲ့
”လူရတနာ(ရတနာလူ)တွေ”
ဖြစ်ပါတယ်။
အထူးသဖြင့်တော့ ပါရမီမျိုးစေ့များဟာ
ရှင်သန်အောင်စိုက်ပျိုးနိုင်ရင် အရိယာအဆင့်ထိ
မြင့်တက်သွားစေတဲ့ ကိုယ်ပိုင်ရတနာအစစ်တွေပါ။
လူတော်တော်များများဟာ
ကိုယ့်ရဲ့မွေးရာပါမဟုတ်တဲ့
အပြင်လောကကြီးက တည်ထွင်ဖန်တီးထားတဲ့
ကာလပေါ်အသစ်အဆန်းတွေနောက်ကိုသာ
ငန်းငန်းတက်လိုက်နေတတ်ကြပါတယ်၊
အဲဒီအသစ်အဆန်းတွေကို ရယူပိုင်ဆိုင်ထားနိုင်တာကိုပဲ ခေတ်မီသူ၊အဆင့်မြင့်သူအဖြစ်နဲ့
မာန်တက်နေတတ်ကြတယ်။
ဒီအသစ်အဆန်းတွေကို ကိုယ်ကမပိုင်ဆိုင်
မသုံးနိုင်ဘဲ သူများက ပိုင်ဆိုင်နေတာ၊သုံးစွဲနေတာတွေ့ရင်လဲ မနာလိုဝန်တိုဖြစ်နေတတ်ကြတယ်။
အဲဒီလို အပြင်လောကကြီးနောက်လိုက်ပြီး
လောဘဒေါသတွေ မနာလိုဝန်တိုမှုတွေဖြစ်နေလေလေ
မိမိရဲ့မွေးရာပါ’ပါရမီ’အရင်အမြစ်တွေဟာ
စွန့်ပယ်ခံတွေအဖြစ်နဲ့ အချည်းနှီးတိန်မြုတ်
သွားလေလေ ဖြစ်နေကြတယ်၊
အံ့ဩဖို့ကောင်းတာက ကိုယ်အရှိရဲ့တန်ဖိုးကို
ဘယ်သူမှအသိအမှတ်မပြုကြဘဲ
သူများအရှိဖြစ်တဲ့အတုအယောင်တွေကိုသာ
တကယ့်အစစ်တွေလို့ ထင်မှတ်ပြီး လိုက်လို့မဆုံး
ဖြစ်နေကြတာပါပဲ။
လောကကြီးက တည်ထွင်မှုအသစ်အသစ်တွေနဲ့
အမြဲဆန်းသစ်နေကြတာဖြစ်လို့
အသစ်အဆန်းတွေဆိုတာကလဲ ဘယ်တော့မှ
လိုက်လို့ဆုံးမှာမဟုတ်ပါဘူး၊
လိုက်နေရင်”ကူးရင်းမျော”နေကြရမှာပါ။
🌏ဘဝကို ၃၆၀-ဒီကရီကမ္ဘာလုံးကြီးလို
ဥပမာထားပြီးကြည့်မယ်ဆိုရင်…
စက်ဝိုင်းရဲ့ထက်ဝက်ခြမ်းအလည်တည့်တည့်မှာ
လူတိုင်းရောက်နေကြတာပါ၊
တစ်ခြမ်းက မိမိကိုယ်ကိုယ်၊
ကျန်တစ်ခြမ်းကလောကကြီးပေါ့။
တကယ်လို့ မိမိကလောကကြီးဘက်မျက်နှာမူထားရင်…
မိမိကိုယ်ကိုယ်ကြောခိုင်းထားသလိုဖြစ်နေမယ်၊
လောကကြီးဘက်မျက်နှာမူနေတာဟာ
‘လောဘ’စတဲ့ရဲ့ကိလေသာတိုရဲ့ကျက်စားရာဆီ
မျက်နှာမူနေတာဖြစ်လို့ “ကိလေသာတွေသာတိုးနေမယ်”လို့သဘောပေါက်ရမှာပါ။
ကိလေသာတွေဆိုတာ ပါရမီမျိုးစေ့တို့ရဲ့
ဖြောင့်ဖြောင့်ဆန့်ကျင်ဘက်များဖြစ်ကြလို့
ကိလေသာတွေတိုးနေလေလေ ပါရမီမျိုးစေ့တွေ
အချည်းနှီးဆုံးရှုးရလေလေပါ။
ဒါဆို ကိုယ့်ဘဝကိုယ်ကြောခိုင်းထားခြင်းဟာ
ဘယ်လောက်ထိနစ်နာတယ်ဆိုတာ ခန့်မှန်းလို့
ရနိုင်လောက်ပါပြီ။
ဘဝအဆက်ဆက်နဲ့ရင်းပြီး ဖြည့်ဆည်းခဲ့ရတဲ့
ပါရမီမျိုးစေ့တွေရော၊ပါရမီအလျှောက်ကြုံခွင့်းတဲ့
ဥပနိဿယပစ္စည်းအထောက့်အပံ့ကောင်းတွေပါ
အချည်းနှီးမဖြစ်ဘဲ ရောက်သင့်တဲ့အဆင့်ထိ
ပေါက်ရောက်အောင်မြင်ချင်တယ်ဆိုတဲ့
အသိ,သတိရှိလာပြီဆိုရင်တော့-
လုပ်ရမည်ဘအလုပ်က ရှင်းရှင်းလေးပါ။
လောကကြီးဘက်မျက်နှာမူပြီးလိုက်နေမိလို့
မိမိကိုယ်ကိုယ်ကြောခိုင်းမိနေတာဆိုတော့-
“မိမိကိုယ်ကိုယ်မျက်နှာမူလာစေဖို့ဆိုရင်
လောကကြီးနောက်လိုက်နေမှုတွေကို
ကြောခိုင်းရပ်ဆိုင်းလိုက်ရုံပါပဲ။
(စားဝတ်နေရေးရှာဖွေအားထုတ်မှုတွေကို
ရပ်ရမှာမဟုတ်ပါဘူး။
*လောဘအပို လိုမလိုက်နဲ့၊
ကိုယ်ထိုက်တာနဲ့ကျေနပ်လေ”ဆိုတဲ့
မင်္ဂလာသံပေါက်လို
ခန္ဓာရဲ့လိုအပ်ချက်ထက်ပိုတဲ့အလှအပတွေနောက်လိုက်ပြီး
“မြူးရယ်မာန်ကြွ ရစ်မူးနေကြတာတွေကိုသာ
ကြောခိုင်းလိုက်ရမှာပါ။)
ဒီဥပမာကိုသဘောပေါက်မယ်ဆိုရင်
“နိဗ္ဗာန်ခရီး ဘယ်လောက်ဝေးသလဲ”ဆိုတာလဲ
ခန့်မှန်းနိုင်လောက်ပါတယ်၊
“ကိုယ်မျက်နှာမူနေမိတာကို
၁၈၀-ဒီဂရီလောက်”လှည့်ပေးလိုက်ရုံလေးပါ။
ကိုယ့်ကိုယ်ကိုယ်မျက်နှာမူမိလို့ မိမိစိတ်ကလေး
ပါရမီမျိုးစေ့ဖြစ်တဲ့”သဒ္ဓါ,ဝီရိယ,သတိ,သမာဓိ,ပညာ”ပညာတိုနဲ့
ပေါင်းမိပြီဆိုရင်-
သတိဝီရိယတို့က”သတိပဋ္ဌာန်အကျင့်”နဲ့
ဆုံးမသွန်သင်ပေးလိုက်ရင်’ကိလေသာ’အားလုံးကင်းပြီး
ဝိပဿနာဉာဏ်အဆင့်ဆင့်နဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ်ထိမြင့်တက်ပြီး မျိုးစေ့မှန်၊မြေကောင်းမှန်၊စိုက်ပျိုးနည်းမှန်တို့ထုံးစံအတိုင်း-
နိဗ္ဗာန်ထိဆိုက်ရောက် မျက်မှောက်ပြုကြရမှာပါ။
ဘာကိုမျက်မှောက်ပြုမလဲ၊
ဘယ်သွားမလဲ၊
ကိုယ်ကြိုက်ရာရွေးချယ်
လမ်းနှစ်သွယ်ပါပဲ…
(ဓမ္မဘေရီအရှင်ဝီရိယ၊ တောင်စွန်း)
၂၇.၉.၂၀၂၆

