logo

သစ္စာပါရမီ

ဓမ္မရိပ်သာ

ဘယ်လုပ်ငန်းပဲလုပ်လုပ် ကုသိုလ်အမြတ်မရရင် မလုပ်ပါနဲ့

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
9/9/2026
ဘယ်လုပ်ငန်းပဲလုပ်လုပ် ကုသိုလ်အမြတ်မရရင် မလုပ်ပါနဲ့

❖ ပြဿနာပေါ်တိုင်းပေါ်တိုင်းမှာ ပြီးပြီးသား တကယ်ပြီးနိုင်ရမယ်နော်။ အမြဲတမ်းပြန်တွေးပြီးတော့ ပူနေရင် ဘယ်သူရှုံးတုံး။ (ကိုယ်ပဲရှုံးပါတယ် ဘုရား)။ ရှေ့ကြိုပူလည်း ဘယ်သူရှုံးတာတုံး။ (ကိုယ်ပဲ ရှုံးပါတယ် ဘုရား)။ ကြိုပူရင် ဘဝပြောင်းတာ တန်းနားလည်ရမှာပေါ့။ ပူရင် ဘဝပြောင်းတာ တန်းနားလည်ရမှာပေါ့။ ပူရင် ဘဝပြောင်းသွားပြီ၊ ညံ့သွားပြီ သိရမှာပေါ့။ 

❖ တခါ စိတ်ကူးတွေပေါ်လို့ လုပ်ငန်းတွေ စီမံနေရင်လည်း ငါ မဟုတ်ဘူးနော်၊ တဏှာက စီမံနေတာ။ တဏှာအဆင့်ခေါ်တယ်၊ အဝိဇ္ဇာ တဏှာ တရားဟောနေတာ။ ဘာလုပ်ပါ ဘာလုပ်ပါ စသည်ဖြင့် စီမံကိန်းတွေ မချဘူးလား။ ချရင် ဉာဏ်နဲ့ပြန်စစ်ဆေးရတယ်။ ကိုယ့်အတွက် အမြတ်ရမှာလား၊ ကုသိုလ်အမြတ်လား စဥ်းစားပေါ့။ 

❖ ကုသိုလ်အမြတ်မရရင် မလုပ်နဲ့။ အမြတ်မရရင် လုပ်ကို မလုပ်ဘူး။ ကုသိုလ်မဖြစ်ဘူးဆိုရင် လုပ်ကို မလုပ်ဘူး။ နားထားတာပဲ။ အဆောက်အဦးဆောက်လည်း တူတူပဲ မရှိ နားထားလိုက်တာ။ သေလည်းထားခဲ့ရမှာ တန်းလန်းလည်း ဘာဖြစ်တုံး။ အကုသိုလ်ဖြစ်တဲ့အလုပ်ဆို လုပ်ကို မလုပ်တာ။ ပူရမယ်ဆို မလုပ်ဘူးပေါ့။ အေးအေးချမ်းချမ်းပေါ့။ 

❖ ကုသိုလ်အမြတ်ရမှ လုပ်ရမှာပေါ့။ သူခိုင်းတိုင်းမလုပ်နဲ့လေ၊ သူကတော့ ထင်ပေါ်ချင်တယ်၊ ကျော်ဇောချင်တယ်၊ ငါ့လက်နဲ့မှ ပြီးတယ်ဆိုတဲ့ ဂုဏ်လိုချင်တယ်၊ ဆိုင်းပုဒ်တပ်တာလေ။ မပြီးလည်း ဘာဖြစ်လည်း။ တဏှာက မရဘူးနော်၊ ထင်ပေါ်ချင်တယ်။ ဘယ်လောက် အောင်မြင်တယ်ဆိုတာ ဆိုင်းပုဒ်ချိတ်ချင်တာလေ။ အဲဒါ လက်မခံရဘူး။ 

❖ သေလည်းထားခဲ့ရမှာဆိုတော့ ဒီတိုင်းထားမှာပေါ့။ မျက်စိမလည်ရဘူးနော်။ ကုသိုလ်မရရင် အမြတ်မရရင် လုပ်ကိုမလုပ်နဲ့။ အမြတ်ရမှ လုပ်ရမှာပေါ့။ သဘောပေါက်ကြလား။ တဏှာအခိုင်းမခံရဘူးနော်။ ဉာဏ်နဲ့ဖယ်ရမယ်။ ကုသိုလ်ဖြစ်ရင်တော့ လုပ်ပေါ့။ 

❖ ဥပါဒါန်က ရှိတော့ရှိတယ်၊ အများချမ်းသာအောင်တော့ စီမံကောင်းပါတယ်။ သို့သော် လုပ်ရင်းနဲ့ ခုနလို ကွာဟလာရင် ရပ်ပလိုက်၊ မလုပ်ဘဲထား ရတာပဲနော်။ အမြတ်ရ ဆက်လုပ်မှာပေါ့။ ဒီဘက်ကမရ ဒီဘက်လှည့်လုပ်မှာပေါ့။ ကိုယ့်ကိုယ်ကိုယ်တော့ အကင်းပါးပါး နေကြပေါ့။ 

❖ ဒါကြောင့် ဘုရားက မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား။ နားလည်ပြီလား သဘောပေါက်ပြီနော်။ ဒါဖြင့်ရင် သိ ပယ် ဆိုက် ပွားရော နားလည်ပြီလား။ 

❖ တလောကလုံးမှာ သတ္တဝါအကုန်လုံးကို ဉာဏ်နဲ့သိမ်းရင် ဒွါရဘယ်နှစ်ပါးတဲ့တုံး။ (၆ပါးပါ ဘုရား)။ အခု ရှိမနေဘူးလား။ အချိန်နဲ့ကြည့်ပါတဲ့။ အာရုံ ဒွါရတိုက်တဲ့အခါမှာ သိတဲ့သဘောသက်သက်လေးက သတ္တဝါပါလား။ (မပါပါဘူး ဘုရား)။ ငါးဌာနပေါ်ရင် မနောတံခါး နောက်ဆုံးပေါ့။ တွေးစရာမပေါ်ဘူးလား။ (ပေါ်ပါတယ် ဘုရား)။ ပေါ်တာကို အဖြေထုတ်တဲ့နေရာ အရေးကြီးဆုံးပဲတဲ့။ 

❖ နောက်စိတ်မှာ အမှောင်ဖုံးရင်တော့ ဧတံမမ - ဒါဟာ ငါပိုင်တာတဲ့ဗျ၊ ငါ့ကိုယ်လုံးကြီးတဲ့။ သတ္တဝါထင်ပြီးတော့ ဆက်တော့တာပဲ။ ဝဋ်သုံးပါး ပြေးတော့တာနော်။ ဉာဏ်လည်းပေါ်ရော ပေါ်တဲ့အမူအရာသည် ကျွန်တော် ခင်ဗျားပိုင်တဲ့ မျက်နှာလို့ ပြောလား။ (မပြောပါဘူး ဘုရား)။ ငါလို့ရော အော်လား။ (မအော်ပါဘူး ဘုရား)။ သတ္တဝါဟုတ်လို့လား မဟုတ်လို့လား။ (မဟုတ်လို့ပါ ဘုရား)။

❖ ဖွဲ့ရင်းနဲ့ ရှေ့ဆက်မှာလား ငြိမ်းပြတာလား။ (ငြိမ်းပြတာပါ ဘုရား)။ တောင်းဆိုချက်ရှိလား။ (မရှိပါဘူး ဘုရား)။ ပြင်ပါ ပြောင်းပါ တော်လောက်ပြီ ပြောတာ ပါလား။ (မပါပါဘူး ဘုရား)။ ဟုတ်တယ် အေးအေးချမ်းချမ်းပဲ။ အဲဒီမှာ ခန္ဓာနိရောဓပေါ်ပြီ။ ဉာဏ်နဲ့မျက်မှောက်ပြုနေတယ် ခေါ်ပါတယ်။ မြင်တာက ဝယဓမ္မာသင်္ခါရာကို ဉာဏ်နဲ့မြင်နေတာပါ။ 

❖ တဏှာမရှိလို့ နိဗ္ဗာနဓါတ်ပေါ်တယ် ပြောတာပါ။ နိဗ္ဗာန်တိုက်ရိုက် မြင်တာ မဟုတ်ဘူးနော်။ စကားလုံးအားဖြင့် ဝယဓမ္မာသင်္ခါရာ ကိုပဲ ဉာဏ်နဲ့မြင်နေတာပါ။ တဏှာမလာလို့ နိဗ္ဗာနဓါတ်လို့ ခေါ်တာ။ နိဗ္ဗာန်မြင်တယ်ဆိုတာ ပရိယာယ်နဲ့ပြောတာ။ တိုက်ရိုက်မြင်တာက ဝယဓမ္မာသင်္ခါရာ မြင်တာ။

❖ ဒါကြောင့် ဘုရားနောက်ဆုံးမှာတာ အဲဒါပေါ့။ ဝယဓမ္မာသင်္ခါရာ၊ အပ္ပမ္မာဒေန သမ္ပာဒေထ။ နိဗ္ဗာန်ကြည့်နေလို့ မှာလား။ မမှာပါဘူး။ ဝယဓမ္မာသင်္ခါရာ ဆိုတာ ခန္ဓာအားလုံးဟာ ပေါ်သမျှအားလုံးဟာ ရှေ့ဆက်မှာလား၊ ငြိမ်းပြတာလား။ (ငြိမ်းပြတာပါ ဘုရား)။ ပြီးရင် ပြန်မလာတော့ဘူး။ အဲဒါပဲ နှလုံးသွင်းပြီးတော့ မြင်နေတာပါတဲ့။ 

❖ ဘာမှ မရှိဘူးဆိုပြီး ငြိမ်ခံတာ မဟုတ်ဘူးနော်။ ရှူဆဲပေါ်တဲ့အမူအရာ ထုတ်ဆဲမလိုက်၊ တောက်လျှောက် အသစ်အသစ်ပေါ်သမျှ အဆုံးသတ်တာကို နှလုံးသွင်းနေတာပါ။ သတ္တဝါ မပါဘူးတဲ့။ နိရောဓကို မျက်မှောက်ပြုတယ်ခေါ်တယ်။ 

❖ ဘာမှမရှိတာကြီးကို ဟာလာဟင်းလင်း ပုံပေါ်ကြည့်တာ မဟုတ်ဘူးနော်။ အဲဒီလို မဟုတ်ဘူး။ အဲဒါ သမထ၊ နတ္ထိကိဉ္စိ ခေါ်တယ်ဗျ၊ စျာန်သမားဖြစ်လိမ့်မယ်။ ရှူဆဲပေါ်သမျှ ထုတ်ဆဲ မလိုက်ဘဲနဲ့၊ အသစ်အသစ် အဆုံးသတ်တာ နှလုံးသွင်းပြီး အဲဒါ လွတ်နေတယ် ပြောတာ။ နားလည်မလား။ ရပြီနော်။ လုပ်တတ်ပါ့မလား။ မျက်စိမလည်နဲ့နော်။ 

❖ ဟာလာဟင်းလင်းကြည့်ပြီးတော့ ငြိမ်နေတာ မဟုတ်ဘူးနော်။ ဘာမှ မရှိဘူးဆိုပြီး ငြိမ်ခံတာ မဟုတ်ဘူးနော်။ အဲဒါ သမထ ဖြစ်သွားလိမ့်မယ်။ စျာန်သမား ဖြစ်သွားလိမ့်မယ်နော်။ ဗြဟ္မာဖြစ်သွားလိမ့်မယ်။ မှားလိမ့်မယ်။ 

❖ အဲဒီလို မဟုတ်ဘူးဗျာ တောက်လျှောက်ပေါ်သမျှသည် ရှူဆဲအမူအရာ ထုတ်ဆဲအမူအရာ အားလုံးသည် အချိန်နဲ့အမျှ ရှေ့ဆက်တာလား၊ ငြိမ်းပြတာလား။ (ငြိမ်းပြတာပါ ဘုရား)။ အဲဒီအတိုင်းသွားပါ။ အဲဒီတော့ သိ ပယ် ဆိုက် ပွား၊ ပရိညေယျ၊ ပဟာတဗ္ဗ၊ သစ္ဆိကာတဗ္ဗ၊ ဘာဝေတဗ္ဗ။ တပြိုင်နက်ပြီးတာ အမှန်ဆိုတာ မသေချာဘူးလား။ ဒါဆိုရင် အခြေအနေကောင်းသွားပြီ၊ လမ်းမှန်ပြီလို့ ဆုံးဖြတ်ချက်ချပြီး ကျင့်ကြတော့။ 

❖ ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာဆိုတာ လောင်နေတာ ဘာမှလည်း သုံးမရဘူးလေ။ မကြားချင်လည်း ကြားနေရတယ်။ ကိုယ်မှာလောင် မနောအထိလောင်နေတာ ရှောင်လို့မှမရတာ။ ဆင်းရဲသက်သက်ပဲနော်။ အဲဒါ ငြိမ်းတာကို နှလုံးသွင်းရင် ပြီးပြီ။ ငြိမ်းပြတာကို ဉာဏ်နဲ့ကြည့်ပါတဲ့။ ရမလား။ နားရအောင်နော်။ 

❖ ဤကဲ့သို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြားဆုံးမတော်မူတဲ့အတိုင်း ပြန်ချုပ်တော့ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား။ ကုသိုလ်တရားတွေ များသဖြင့် မသေခင်ကာလမှာ မေတ္တာစွမ်းအားကြောင့် စိတ်တိုင်းကျ ဆွဲအားများပြည့်စုံတဲ့အပြင် မဂ်ဉာဏ်ဖိုလ်ဉာဏ် ရင့်ကျက်အောင် ဆောင်နိုင်ကြပါစေ။ နောက်ဆုံးပိတ် အရဟတ္တဖိုလ်တိုင် ပေါက်မြောက်ပြီး ဇာတိမလာ ခန္ဓာဇာတ်သိမ်းငြိမ်းနိုင်ကြပါစေ။ 

(ဆရာတော်ဘုရားပေးတဲ့ဆုနှင့် ပြည့်စုံရပါလို့၏ အရှင်ဘုရား။)

သာဓု၊ သာဓု၊ သာဓု။ 

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

🙏🙏🙏

GIC မိသားစု (၂)ရက်တရားသင်တန်း (၅.၇.၂၀၂၆ - ဒုတိယအချိန်) #သစ္စာလေးပါးတရားတော်မှ စာစီပူဇော်ပါသည်။