ဒါဖြင့် အာရုံသိသဘောဆိုတဲ့ ဘဝဟာ ဘယ်လို ပေါင်းစပ်ဖြစ်ပေါ်တယ်ဆိုတာကို ဘုရားဟော အဘိဓမ္မာကျမ်းနဲ့ အကျဉ်းဆုံး နားလည်လွယ်အောင် သင်ရအောင် အဘိဓမ္မာကျမ်းဆိုတာ အားလုံးသိတဲ့အတိုင်းပါပဲ။ ကျယ်လည်း ကျယ်ဝန်းတယ်။ နက်လည်းနက်ရှိုင်းတယ်နော်။ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ဒါကို ခြုံသင်ပေးမယ်နော်။
နှုတ်တရာ စာတစ်လုံး၊ စာတစ်ရာ ပုံတစ်ချပ်တဲ့၊ ရှေးစကားရှိတယ်။ ဒါကြောင့်မို့ ပုံစံနဲ့ သင်တာဟာ ပိုပြီးခရီးရောက်တယ်လို့ မှတ်ပါ။
- ကျောက်ခဲနှစ်လုံးကို အားနဲ့ခတ်ပါက “မီး” ထွက်သကဲ့သို့
- ကောင်းကင်၌ “လျှပ်စစ်လက်” သကဲ့သို့
အဓိက ပရမတ္တတရားသည် ဘယ်နှစ်ပါးရှိလဲဆိုတော့ လေးပါးရှိတယ်။ စိတ်ရယ်၊ စေတသိက်ရယ်၊ ရုပ်ရယ်၊ နိဗ္ဗာန်ရယ် ဒါပဲရှိတယ် မဟုတ်လား။ ဒါသည် တကယ့်အရှိတရားနော်။ စိတ်-စေတသိက်မှာ တခါ အာရုံသိဖြစ်တဲ့အခါမှာ ဒါတွေ ဘယ်လိုပါသလဲ ကြည့်ရအောင်နော်။ အာရုံ-ဒွါရတိုက်ချိန်မှာ (ဒီပဲရင်းဆရာတော်ဘုရားကြီး အဆုံးအမကို ယူရအောင်။ မိုးကုတ်ဆရာတော်ဘုရားရဲ့ အဆုံးအမဟောစဉ်လဲ ပါရမှာပဲ။
ခုလို ဝါရင့်ဆရာတော်တွေရဲ့ အဆုံးအမတွေ ပေါင်းစုပြီးပါတော့ ပိုမကောင်းဘူးလား)၊ (ကောင်းပါတယ်ဘုရား...)။ ပုဂ္ဂိုလ်စွဲ မထားနဲ့နော်။ (တစ်ပါးတည်း ဉာဏ်နဲ့ သုံးတဲ့အခါ၊ စကားလုံးရွေးတာ အားနည်းတဲ့အခါ နည်းသွားတတ်တယ်။ ဒီပဲရင်းဆရာတော်ဘုရားကြီးလဲ ရဟန္တာလို့ သမုတ်တာပဲ။ ရွှေကျင်သာသနာပိုင်ကြီးနော်)။
"အာရုံသိပေါ်တာဟာကွယ် ကျောက်ခဲနှစ်လုံးကို အားနဲ့ခပ်သလိုပဲတဲ့" အာရုံသိဖြစ်ပေါ်ပုံကို အကျဉ်းဆုံးနည်းနဲ့ ပြခဲ့တယ် မှတ်ပါ။ တခြားနည်းနဲ့ ပြမယ်ဆိုရင် အကြာကြီးပြရလိမ့်မယ်။ အဘိဓမ္မာကျမ်းသာ ချပြရင် အကုန် အိပ်ငိုက်ကုန်မယ်။ နောက်၃နာရီနဲ့ မပြီးဘူး။ ဒါကို ကျဉ်းလိုက်တာနော်။
အာရုံသိ သဘောပေါ်တာသည် ကျောက်ခဲနှစ်လုံးကို အားနဲ့ခတ်သလိုတဲ့၊ ကျောက်ခဲနှစ်လုံးကို အားနဲ့ခတ်လိုက်ရင် မီးလေးပွင့်သွားတယ် မဟုတ်လား။ (တင်ပါ့ဘုရား...)။ အာရုံဒွါရတိုက်တဲ့အချိန်။ အဲဒီလိုတိုက်တဲ့ အချိန်မှာ စိတ်-စေတသိက်တွေ ဖြစ်ခွင့်ရသွားတယ်တဲ့။ တပေါင်းတည်း ဖြစ်ခွင့်ရတယ်။ ပုံစံနဲ့ နားလည်မယ်နော်။ ဒီလိုပေါင်းသွားလို့ ဖျတ်ခနဲပေါ်တာကို ဖဿ လို့ခေါ်တယ်။
ဖဿဆိုတာ ပေါင်းလောင်တာပဲ။ "ပေါင်းလောင်တယ် ဆိုတဲ့စကား" တခြားကရတာ မဟုတ်ဘူး။ လယ်တီဆရာတော်ဘုရားဆီက ရတာမှတ်။ "ခြောက်ပါးဖဿ ဖျန်းဖျန်းထလျက်" ဆိုတာ လျှပ်စစ်လက်သလိုပဲပေါ့၊ လောင်တာပဲပေါ့နော်။ ဒီဘက်က အာရုံဖြစ်မယ်ဆိုရင် ဒီဘက်ကဒွါရဖြစ်မယ်၊ အာရုံ-ဒွါရဆိုတာကို မျက်စိလည်ချင် လည်လိမ့်မယ်။
ဒီဘက်က အသံဖြစ်ခဲ့သော် ဒီဖက်ကနားဖြစ်မယ်၊ သဘောပေါက်တယ်နော်။ အာရုံ-ဒွါရတိုက်တဲ့အချိန် အဲဒီအချိန်ကျမှ ရုပ်တွေပေါင်းလောင်တာနဲ့တစ်ပြိုင်နက် ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ် လေးခုသည် ပေါင်းစုခွင့်ရတယ်တဲ့။ ဝိညာဏ် ဆိုတာသည် ဘယ်ကလာလဲဆိုတော့ သူသည် စိတ်ရဲ့အမည် ဖြစ်နေတယ်။ အဘိဓမ္မာမှာ ဝေဒနာ၊ သညာ၊ သင်္ခါရသည် စေတသိက်ရဲ့အမည်ဖြစ်နေတယ်။ ဘယ်ကလာလဲဆိုတော့ စိတ်တချက်ပေါ်ရင် ပါပြီးသားတဲ့။
ဖျတ်ခနဲပေါ်တဲ့အခါ ဒီမှာပေါ်တဲ့ဆီ လာပေါ်တာတဲ့။ သူ့အလိုလို ပေါ်ခွင့်မရဘူးနော်။ ပင်မစိတ်က ဒါနော်။ အာရုံဖြစ်တဲ့ စေတသိက်က ဒါတွေပဲတဲ့။ နောက် (၅၂)ပါးရှိတယ်ဆိုတာ ဝေဒနာမှာ ၁၊ သညာမှာ ၁၊ သင်္ခါရမှာ ၅၀ လို့ခွဲလိုက်တယ်။ တစ်ပေါင်းတည်းနော်။ ပင်မစိတ်က တစ်ခုတည်းပါတာ။ တပေါင်းတည်းဖြစ်တာ။ သူ့အလိုလိုလည်း စိတ်တစိတ်ထဲပေါ်မနေဘူး။
အာရုံ-ဒွါရ တိုက်ချိန်မှာသာဖြစ်ပြီး တစ်ပေါင်းတည်းပါသွားတာ။ ဒီတော့မှ “သိ” ဆိုတဲ့ သဘောတရားဖြစ်လိုက်တာ။ ဆိုင်ရာအာရုံ သိပေါ့နော်။ နားမှာဆိုရင် အသံအာရုံသိ ဖြစ်လိုက်တယ်။ မျက်စိမှာဆိုရင် အဆင်းအာရုံသိ၊ နှာခေါင်းမှာဆိုရင် အနံ့အာရုံသိ၊ လျှာမှာဆိုရင် အရသာ အာရုံသိ၊ ကိုယ်မှာဆိုရင် အတွေ့ထိ အာရုံသိ၊ စိတ်မှာဆိုရင် ဓမ္မာရုံ အာရုံသိ ဖြစ်လိုက်တယ်။ အဲဒါဟာ အဘိဓမ္မာရဲ့ အနှစ်သာရပဲ။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
🙏🙏🙏
“ဇာတိမလာရေးနှင့် နိဗ္ဗာန်အမြင်” တရားတော်စာအုပ်မှ ကုသိုလ်ယူရိုက်ကူးဖော်ပြခြင်း ဖြစ်ပါသည်။

