★ သိပ္ပံပညာရှင်တွေ ရေးတဲ့စာအုပ် ဒီစာအုပ်လေး (Envy at Work and in Organizations) အောက်စဖို့ဒ်တက္ကသိုလ်ကနေ ပုံနှိပ်ထားတဲ့ စာအုပ်လေးပါ။ ပြီးခဲ့တဲ့ ၁၅နှစ်က ၂၀၁၁ က ထုတ်ထားတာ။ ရေးထားတဲ့ခေါင်းစည်းကတော့ Envy at Work and in Organizations - လုပ်ငန်းခွင်မှာရယ် အသိုင်းအဝိုင်းထဲမှာရယ် မနာလိုဝန်တိုမှုတွေ အဲဒီအကြောင်းကို ရေးထားတာ။
★ Chapter ပေါင်း ၂၀ ရှိတယ်။ ပညာရှင်ပေါင်း ၄၀ လောက် စုပေါင်းပြီးတော့ သုတေသနလုပ်ပြီးတော့ သူတို့ ဒီဟာတွေ ရေးထားတာ။ မနာလိုဝန်တိုတဲ့စိတ်နဲ့ အတင်းပြောတဲ့ဟာကို ဒီထဲမှာ ခေါင်းစည်းလေးတစ်ခုက Storms of slander - envy ဖြစ်တဲ့စိတ် မနာလိုဝန်တိုတဲ့စိတ် နဲ့ အတင်းအဖျင်းပြောတာ အဲဒါကို storms လို့ခေါ်တာ။
★ ဒါ အင်ဒိုနီးရှားပညာရှင်တွေက မုန်တိုင်းလိုပဲ ရိုက်ခတ်တယ်။ နာဂစ်လိုပဲပေါ့။ အတန်းကျောင်းမှာ ကလေးတစ်ယောက် အဲဒီလို အတင်းပြောခံရတဲ့အခါကျတော့ အဲဒီကလေးက အရမ်းကို စိတ်ထိခိုက်သွားတယ်။ သူ စာမလုပ်နိုင်တော့ဘူး၊ အများနဲ့ ဝင်မဆန့်တော့ဘူး။
★ တကယ်လို့ သူ့မှာ သူငယ်ချင်းရှိတယ်ဆိုရင် သူကလက်စားချေမှာ။ သူ့သူငယ်ချင်းနဲ့ လက်တွဲပြီးတော့ ပေါင်းပြီးတော့ သူ့ကို အတင်းပြောတဲ့လူကို တခါတည်း အပြစ်တွေလိုက်ရှာပြီးတော့ အတင်းတွေပြောမှာ၊ ကြံဖန်ပြီးတော့ ပြောမှာ။ အဲဒီလိုပုံစံမျိုးနဲ့ အဲဒီကျောင်းနဲ့ atmosphere ပတ်ဝန်းကျင်က နေချင်စရာ မဖြစ်အောင် ဖြစ်သွားမှာ။
★ အခု ကလေးတွေပြောတာ toxic ဖြစ်တယ်ဆိုတာပေါ့၊ အဆိပ်သင့်တယ်ပေါ့။ အဆိပ်သင့်တဲ့ပတ်ဝန်းကျင်ပေ့ါ။ အဲဒါဘာကြောင့်တုန်းဆို ပြိုင်ဆိုင်လို့ ဖြစ်လာတဲ့ မနာလိုဝန်တိုမှုတွေ၊ အဲဒီမနာလို ဝန်တိုမှုတွေကြောင့် တစ်ယောက်ကို တစ်ယောက် ဖေးဖေးမမ လုပ်ရမယ့်အစား ကူညီရမယ့်အစား သူတို့က ဘာလုပ်တုန်း။ တစ်ယောက်ကိုတစ်ယောက် မတရားတိုက်ခိုက်တယ်၊ အတင်းပြောတယ်။ ဖျက်လိုဖျက်စီးလုပ်တယ်။
★ အဲဒီလိုပုံစံမျိုးနဲ့ ကျောင်းထွက်သွားတဲ့ကလေးတွေ အများကြီးရှိတယ်။ စာဆက်မကြိုးစားနိုင်ဘဲနဲ့ အများကြီးအောင်မြင်ရမယ့်ကလေးက အလယ်အလတ်လောက်ပဲ အောင်မြင်သွားတယ်။ အလယ်အလတ်လောက် အောင်မြင်ရမယ့်ကလေးက ကျသွားတာတဲ့။ အဲဒါမျိုးတွေရှိတယ်။ သိပ်ဆိုးပါတယ် ပြိုင်ဆိုင်မှုကလေ။
★ အဲဒါကြောင့် မုဒိတာ ပွားတယ်ဆိုတာက ကိုယ့်ကိုယ်ကိုယ် ပထမဆုံး ကိုယ်ကြိုးစားမှုကို ပြန်သတိရပြီးတော့ ကိုယ့်ကိုယ်ကိုယ် အားပေးရမယ်။ အဲဒီလို အားပေးတဲ့အခါကျမှ အများရဲ့ကြားထဲဝင်သွားတဲ့အခါမှာ ပြိုင်ဆိုင်တဲ့လူနဲ့တွေ့ရင် မပြိုင်ဆိုင်ဘဲနဲ့ ကိုယ်က နေလို့ရတယ်။
★ မဟုတ်ဘူးဆိုရင် သွားပြီးတော့ မပြိုင်ဆိုင်ဘူးဆိုရင် ကိုယ်ကပဲ ရှုံးသလို၊ ကိုယ်ကပဲ ညံ့သလို အဲဒီ negative အတွေးတွေဝင်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အားပေးတတ်တဲ့ အကျင့်လေးရှီရမယ်။ အဲဒါတော့ မုဒိတာပဲ။
★ ဒီနေ့ ငါ ဘာအကောင်းဆုံးကြိုးစားတယ်။ မနေ့က ဘာအကောင်းဆုံး ကြိုးစားတယ်။ အရင်တပတ်က ဘာအကောင်းဆုံး ကြိုးစားတယ်။ ကိုယ့်ဟာကိုယ် စာလေးရေးထား။ ဘုန်းဘုန်းကတော့ ဒီဟာကို မုဒိတာဘဏ်တို့ မုဒိတာဂျာနယ်တို့ မုဒိတာဒိုင်ယာရီတို့ အဲဒီလို နာမည်ပေးတယ်။
★ အဲဒီလိုရေးထား။ တစ်နေ့တစ်နေ့ကို နှစ်ခုသုံးခု ရေးထား။ သုံးပတ်ရေးရင်တဲ့ ဦးနှောက်က resilience ဖြစ်သွားတယ်၊ ကြံ့ကြံ့ခံနိုင်စွမ်း ဖြစ်သွားတယ်။ အပြိုင်အဆိုင်တွေကြားထဲမှာ ရိုးရိုးကျင့်ပြီး မြင့်မြင့်မကြံတဲ့လူတွေကြားထဲမှာ ကိုယ်က ရိုးရိုးကျင့် မြင့်မြင့်ကြံတဲ့ လူတစ်ယောက်ဖြစ်နိုင်တယ်။
★ သူတို့တွေ ပြိုင်ဆိုင်တာတွေ၊ သူတို့တွေ တိုက်ခိုက်တာတွေ အဲဒါတွေ ကိုယ့်ကို မထိခိုက်ဘူး။ ထိခိုက်ရင်လည်းပဲ အကြာကြီး စိတ်မထိခိုက်ဘူး။ ဒီဟာအရေးကြီးတယ်။
★ ဒါကြောင့်မို့လို့ ဒီနေ့ အဓိက ပြောချင်တဲ့ဟာကတော့ ရိုးရိုးကျင့် မြင့်မြင့်ကြံ ဆိုတဲ့ဟာက အများအတွက်တွေးပါ။ ကိုရင်လေးတွေ စာကျက်တယ်ဆိုရင် ဆွမ်းခံအိမ်တွေအတွက် တွေးပေးပါ။
★ တို့နိုင်ငံမှာ ဗုဒ္ဓတရားတော် မသိသေးလူ၊ နားမလည်သေးတဲ့လူ၊ မှားမှားယွင်းယွင်း နားလည်နေတဲ့သူတွေ၊ နောက်ပြီးတော့ နိုင်ငံခြားမှာ တို့နိုင်ငံက လူဦးရေ သန်း ၆၀ တောင်မပြည့်ဘူး။ ကမ္ဘာပေါ်မှာ သန်း ၈၀၀၀ ကျော်တယ်၊ တခြားလူတွေကိုလည်း ဗုဒ္ဓတရားတ်ောအကြောင်း ပြောနိုင်အောင် ဟောပြောနိုင်အောင် ပြောပြနိုင်အောင် သူတို့အတွက် စာဖတ်ပါ၊ စာကျက်ပါ။
★ ပြိုင်ဆိုင်တဲ့အနေနဲ့ မကျက်ပါနဲ့။ ဘယ်သူက ဘယ်နှစ်ဘွဲ့ရတယ်၊ ဘယ်သူက ဘာရတယ်။ အဲဒါတွေက အဓိက မဟုတ်ဘူး။ တကယ့်အဓိကကတော့ ပါရမီတကယ်ဖြစ်တဲ့ဟာက ဗုဒ္ဓတရားတော်ကို ကိုယ်တိုင်လည်းပဲ ဘယ်လောက်နားလည်တယ်။ သူများကိုလည်း နားလည်အောင် ဘယ်လောက်ထိ ကူညီပေးနိုင်တယ်။ အဲဒါမှ ပါရမီဖြစ်တာ။
★ ဘယ်နှစ်ဘွဲ့ရတယ်ဆိုတဲ့ဟာက ပြိုင်ဆိုင်တဲ့စိတ်နဲ့ စာကျက်တယ်ဆိုရင် ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာတောင် ဖြစ်နိုင်တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ စိတ်က ကိုယ့်ရဲ့ပြိုင်ဖက်ဆီမှာပဲ အများစု ရှိတယ်လေ။ ကိုယ့်ပြိုင်ဖက်အကြောင်း တွေးပြီဆိုရင် ကုသိုလ်က မဖြစ်ဘူး။ ကြောက်စိတ်ပဲဖြစ်တာ။
★ ကြောက်စိတ်ဖြစ်တယ်၊ မနာလိုဝန်တိုဖြစ်တယ်။ လောဘ၊ ဒေါသ၊ ဣဿာ၊ မစ္ဆိရိယ အဲဒီလေးခု၊ ဒေါစတုက် ၄ခု အဲဒါတွေဖြစ်တယ်။ ဒါကတော့ အဘိဓမ္မာစကားလုံးတွေ အသုံးပြုပြီးတော့ ကိုရင်လေးတွေပြောပြတာပေါ့။ မပြိုင်ဆိုင်စေချင်လို့။ မပြိုင်စေချင်လို့။ မပြိုင်ဘဲနဲ့စာကြိုးစားစေချင်လို့။
★ ပြိုင်မယ့်ပြိုင်ရင် လူနဲ့မပြိုင်နဲ့၊ ပြဿနာနဲ့ပြိုင်ပါတဲ့။ ပြဿနာတွေ အများကြီးရှိတယ်၊ ဒုက္ခတွေ အများကြီးရှိတယ်။ အဲဒီဒုက္ခ တစ်ခုလောက် ရွေးပြီးတော့ ကိုယ်စိတ်ဝင်စားတဲ့တစ်ခုလောက်ရွေးပြီးတော့ အဲဒီဒုက္ခနဲ့ပြိုင်ပါ။
★ အဲဒီဒုက္ခ ကိုယ့်အတွက်ရော သူများအတွက်ရော နည်းသွားအောင် ငါကြိုးစားမယ်ဆိုပြီးတော့ စာကြိုးစားရင် စာဖတ်တိုင်း စာဖတ်တိုင်း ပါရမီဖြစ်တယ်၊ ကုသိုလ်ဖြစ်တယ်။ အများအတွက်တွေးလို့။ “ဒုက္ခာပနယနာကာရပဝတ္တိလက္ခဏာ ကရုဏာ” ကရုဏာနဲ့စာဖတ်လို့။ ဒါကြောင့် ရိုးရိုးကျင့် မြင့်မြင့်ကြံကြပါ။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏
(၂၈.၈.၂၀၂၆) ဝါခေါင်လပြည့်နေ့ မေတ္တာ အခါတော်နေ့ ဓမ္မလက်ဆောင် အဖြစ် ဟောကြားတော်မူခဲ့သော တရားတော် မှ စာစီပူဇော်ပါသည်။
