နိဝါနအကြောင်း
▬▬▬▬▬▬▬
ဒီတော့မှတ်ပါ။ ဘုန်းဘုန်းတို့မကြာသေးခင်က ခန္ဓာဝန်ချသွားတဲ့ စာပေပရိယတ်ရော အလွန်ကြည်ညိုစရာကောင်းတဲ့ အသက်(၁၀၄)နှစ်ရှိတဲ့ ရွှေဟင်္သာဆရာတော်ဘုရားကြီးကို ကြားဖူးပါလိမ့်မယ်။ ရွှေကျင်သာသနာပိုင်ကြီးနော်။ အားလုံးက ရဟန္တာလို့ပဲ သမုတ်ကြတယ်။ ဓါတ်တော်ကျသွားတာကိုး။ မိုးကုတ်ဆရာတော်ဘုရားကြီးလိုပဲ။ ပျားတွေ၊ ငှက်တွေလာတယ်။ အင်မတန်အံ့သြစရာကောင်းတယ်။ ဆရာတော်ဘုရားကြီးက မသေခင်ကတည်းက သူများအကြံတွေသိတယ်။ ထူးခြားတဲ့ ဆရာတော်ဘုရားကြီးဆိုတော့ သိနေတာပေါ့။ ဆရာတော်ဘုရားကြီး ဆုံးမတဲ့စကား အင်မတန်မှတ်စရာကောင်းတယ်။
နိဗ္ဗာန်ကောက်ယူပုံကိုရေးပြမယ်နော်။
နိဗ္ဗာန်ဆိုတဲ့စကားသည်
နိ (+) ဝါန
နိ + ဗ + -ါ + န
နိ +ဗ္ဗ + -ါ + န
နိဗ္ဗာန = နိဗ္ဗာန်
နိဗ္ဗာန် = နိအပေါင်း (+) ဝါန၊ နိဝါနက လာတာလို့ပြပါတယ်။ ဒါဟာ စာပေနဲ့အညီပေါ့နော်။ ‘နိ’ ဆိုတာ မြန်မာလို မရှိခြင်းတဲ့။ ‘ဝါန’က တဏှာလို့ ခေါ်ပါတယ်။ ပေါင်းလိုက်တော့ တဏှာမရှိခြင်း။ နောက် စာပေအရ ‘ဝ’ ကို ‘ဗ’ ပြုတာပါတဲ့။
သဒ္ဒါနည်းအရ ဗောဝဿသုတ်ဆိုတာ ရှိတယ်။ ပြီးတော့ ဒွေးဘော် ပြု + ဗ ထပ်တယ်။ ရေးချ (- ါ)က သဒ္ဒါနည်းအရ ဗောဝဿသုတ် ဆိုတာရှိတယ်။ ပြီးတော့ ဒွေးဘော်ပြု + ‘ဗ’ ထပ်တယ်။ ရေးချ (- ါ) က အရေးချ ‘အာ’ ကို သုံးတာနော်။ နောက်တစ်ခါ ‘ဗ’ ထည့်တယ်။ ဒီဘက်က ‘နိ’ လို့ရေးတယ်နော်။ နောက်တခါပြန်ပြီးကပ်ကြတယ်။ ပြန်ကပ်တဲ့အခါ ‘နိ-ဗ-က’ အသတ်ဖြစ်သွားတယ်။ နိဗ်ခေါ်တယ်။
‘ဗ’ကို ရေးချပေါင်းတော့ ‘ဗာ’ - ‘နိဗ်ဗာ’ နငယ်ရေ န- နိဗ္ဗာန၊ နိဝါန ကနေ နိဗ္ဗာန်နဖြစ်တာတဲ့။ ပြီးတော့ မြန်မာတွေဟာ တံခွန်ထည့်သုံးကြပါတယ်တဲ့။ တံခွန်ဆိုတာ အသတ်ကိုပြောတာ။ နငယ်မှာ အသတ်ထည့်လိုက်တော့ ဗာန် ဖြစ်သွားရော။ နိဗ္ဗာန်လို့ သုံးကြတယ်။
တဏှာမရှိခြင်း သဘောတရားကိုသာ ခေါ်တာပါတဲ့။ တဏှာမရှိတဲ့ သဘောတရားကို ရောက်ပြီဆိုရင် ဘုန်းဘုန်းတို့ နိဗ္ဗာန်ပေါ်ပြီ။ တစ်ခုတော့ အထူးသတိပြုစရာရှိတယ်။ "နိဗ္ဗာန်ဆိုတာ မြင်စရာမဟုတ်ဘူး။ ခံစားစရာမဟုတ်ဘူး။" ပရိယာယ်အားဖြင့်သာ မျက်မှောက်ပြုတယ်။ မြင်တယ် ပြောတာပါတဲ့။ မြင်ရမှာ နိဗ္ဗာန်ကို မြင်ရမှာ မဟုတ်ဘူး။ ခံစားစရာ မဟုတ်ဘူး။ နိဗ္ဗာန်ကို မြင်စရာ ခံစားစရာအဖြစ်နဲ့ ရှာကြတယ်။ တစ်သက်လုံးတွေ့မှာမဟုတ်ဘူး။ သဘောပေါက်ရဲ့လား။ ပရိယာယ်နဲ့ ဟောထားတာကို နားလည်ရတယ်။ စာပေမှာ ပရိယာယ်က နည်(၄၀)တာင် ရှိတာကိုး။ တကယ့်အရှိ အမှန်ကို အမှန်အတိုင်း မြင်ဖို့ဘဲရှိတယ်။ ဒီတော့ တဏှာဆိုတာသည် ဘယ်လိုဟာလဲ အရင်ကြည့်ရအောင်။
တဏှာအကြောင်း
▬▬▬▬▬▬▬
တဏှာရဲ့သဘောတရားကို ဆရာတော်ဘုရားကြီးတို့ ဘာသာပြန်ပေးကြတယ်။ ဆရာတော်ဘုရားကြီးတွေ စုပေါင်းပြီးတော့ မြန်မာလိုဘာသာပြန်ကြတယ်။ ဘာသာပြန်စာပေတွေရှိတယ်နော်။
ပိဋကတ်ဘာသာပြန် စာပေတွေရှိပါတယ်။ အဲဒီမှာ တဏှာကို အနက်အဓိပ္ပါယ်ပြန်ပေးထားတာ အများကြီးတွေ့ရတယ်။ အဲဒီအထဲက အများဆုံးသုံးတဲ့စကားလုံး (၂)ခုကို သွားတွေ့တယ်။ အာရုံ၌ကပ်ညှိခြင်းတဲ့။ ဒါလည်း တဏှာတဲ့။ လောဘလို့လဲ သုံးတယ်နော်။ နောက် အာရုံကို ချုပ်စပ်ခြင်းတဲ့။ အဲဒါကိုလည်း တဏှာတဲ့။ နှစ်ခုနော်။ အာရုံ၌ကပ်ညှိခြင်းနဲ့ အာရုံကိုချုပ်စပ်ခြင်းနော်။
နောက် အာရုံဆိုတာ ဘယ်လိုဟာလဲလို့ တခါကြည့်ရအောင်။ ဒါအရေးကြီးတယ်နော်။ အာရုံဟာ ဘုန်းဘုန်းတို့သဏ္ဌာန်မှာ ဘယ်လိုပေါ်သလဲ။ ဘယ်လိုသိလဲဆိုတာကိုသိဖို့ လိုအပ်တယ်နော်။ အာရုံ = ဒွါရခြောက်ပါးရှိတယ်နော်။ မျက်စိအတွက် အဆင်းအာရုံ၊ နားအတွက် အသံ၊ နှာခေါင်းအတွက် အနံ့၊ လျှာအတွက် အရသာ၊ ကိုယ်အတွက် အတွေ့အထိ၊ အေးတာ ပူတာ ကြမ်းတာ နုတာတွေနော်။ စိတ်အတွက်တော့ ဓမ္မာရုံလို့ခေါ်တယ်။ ၆ ခုရှိတယ်နော်။ ဒီ ၆ ခုကို ပုံလေးဆွဲပြမှ နားလည်လွယ်မယ်နော်။
'မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်’ နှင့် စိတ် မှီတာက နှလုံးအိမ်မှာ မှီတာ၊ ဆက်သွယ်ထားတာဖြစ်သောကြောင့် အဆင်းတိုက်ရင် စိတ်-စေတသိက်တွေက လာပေါင်းတာနော်။ ပြီးရင် ကာလမခြား ပြန်ပြီးပုံရိပ်ပေါ်တယ်။ အသံလည်း ဒီအတိုင်းပဲ၊ စိတ်-စေတသိက်တွေ ပေါင်းခွင့်ရပြီးရင် ထပ်ပုံပေါ်တယ်။ အနံ့လည်း ဒီအတိုင်းပဲမှတ်။ အရသာလည်း ဒီအတိုင်းပဲမှတ်ပါ။ ကိုယ်မှာလည်း ဒီအတိုင်းပဲနော်၊ အာရုံတွေဟာဖြင့် ရှေ့က ငါးဒွါရတိုက်တဲ့အချိန်၊ စိတ်နဲ့စေတသိက် သွားပေါင်းတာနဲ့ တစ်ပြိုင်နက်သိလိုက်တယ်။ ဒီလိုသိပြီးရင် မနောတံခါးမှာ သွားပွင့်တယ်။ ကြံသိစိတ်လို့ ခေါ်တယ်။ ကာလမခြား ဖြစ်ပါတယ်တဲ့။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
🙏🙏🙏
“ဇာတိမလာရေးနှင့် နိဗ္ဗာန်အမြင်” တရားတော်စာအုပ်မှ ကုသိုလ်ယူရိုက်ကူးဖော်ပြခြင်း ဖြစ်ပါသည်။

