ဓမ္မာရုံအကြောင်း

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
10/16/2026
ဓမ္မာရုံအကြောင်း

ဓမ္မာရုံအကြောင်း

▬▬▬▬▬▬▬

မနောတံခါးမှာ ဓမ္မာရုံဆိုတာကို သိဖို့အရေးကြီးသေးတယ်။ သူက အဓိကနော်။ ဓမ္မာရုံဆိုတာသည် ပါဠိစကားက ဓမ္မ + အာရုံ "သဘောမျှ ဖြစ်တဲ့အာရုံ" ကိုင်လို့မရဘူး။ နူးညံ့တဲ့အာရုံ၊ နားလည်အောင် ပြောရရင် ဓမ္မာရုံထဲမှာ စာပေအရက ရုပ် နာမ် ပညတ် နိဗ္ဗာန်အထိ ပါတယ်။ စိတ်ရဲ့ကျက်စားရာအာရုံ နိဗ္ဗာန်ပါ ထည့်ထားသေးတယ်။ (ဒါကြောင့်သိရမှာ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုကြတဲ့အခါ ဘုန်းဘုန်းတို့ အိပ်ပျော်တာ မဟုတ်ဘူးဆိုတာတော့ သေချာတယ်။ အိပ်ပျော်သကဲ့သို့လည်း မဟုတ်ဘူး။ ဘာမှမသိတာလည်းမဟုတ်ဘူး။ သိနေရမယ်နော်။ စိတ်ရဲ့ကျက်စားရာ အာရုံဖြစ်နေတာကိုး) 

ဓမ္မာရုံကို အရပ်စကားနဲ့ ဘုန်းဘုန်းတို့ နားလည်လွယ်အောင် ပြောမယ်ဆိုရင် (နိဗ္ဗာန်ကို ခဏဖယ်ထားဦး) မျက်စိနဲ့မကြည့်ဘဲ ပေါ်နေတဲ့ ပုံသဏ္ဌာန်မှန်သမျှ ဓမ္မာရုံထဲကို ထည့်လိုက်ပါ။ ဥပမာ ခုထိုင်နေရင်းနဲ့လဲ ဘုန်းဘုန်းတို့ တွေးလို့ရတယ်။ ဘုန်းဘုန်းတို့ ဒီကို ဘာနဲ့လာသလဲ။ ဘယ်ကားစီးပြီး ဘယ်လိုလာသလဲလို့ မေးလိုက်တယ် ဆိုပါတော့။ ဒီတော့မေးလိုက်ရင် ပုံပေါ်မလာဘူးလား။ (ပေါ်လာပါတယ် ဘုရား...)။ ဒီမနက် ဘာဟင်းနဲ့စားခဲ့လဲ ဆိုရင်ရော၊ (ပေါ်လာပါတယ်ဘုရား...)။ စိတ်ကညွတ်လိုက်တာ၊ နားလည်ပြီလား။ စိတ်ရဲ့ကျက်စားရာ အာရုံ ဓမ္မာရုံဆိုတာ အဲဒါပဲ။ သဘောပေါက်ပြီနော်။

ဘုရားဟောနဲ့ ပြန်ကြည့်ရင်တော့ ဓမ္မပဒမှာ ပါတာ “ဒူရင်္ဂမံဧကစာရံ” စတဲ့ပါဠိရှိတယ်။ အဓိပ္ပါယ်က အင်မတန်ဝေးတဲ့အရပ်က အာရုံကိုလည်းပဲ ဆွဲယူကျက်စားနိုင်တယ်တဲ့။ အာရုံဆိုတာ ဒီမှာကျတော့ အရိပ်လေးနော်။ ပုံရိပ်လေး မဟုတ်လား။ ပြီးရင် စိတ်ဟာ အကောင်အထည်မရှိဘူးတဲ့။ စိတ်က တစ်ခါပေါ်ရင် တစ်စိတ်ပဲပေါ်တယ်တဲ့။ မှီတာသည် နှလုံးအိမ်ထဲမှာ မှီထားတာတဲ့။ အဲဒီစိတ်ကိုဆုံးမနိုင်ရင် သေခြင်းတရားက လွတ်တယ်။ ဇာတိမလာဘူးတဲ့။ 

ဒီတော့ အဓိကအာရုံတွေ ဘယ်မှာသွားစုလည်းဆိုရင် မနောမှာသွားစုတယ်ပေါ့။ မနောတံခါးမှာသွားစုတာ မြင်ဖူးတာ၊ ကြားဖူးတာ၊ စားဖူးတာ၊ နံဖူးတာ၊ ထိဖူးတာ အစုံပေါ့နော်။ ကျမ်းအရကြည့်ပြန်ရင်လဲ ရှေးက ငါးဒွါရတိုက်ပြီးလို့ရှိရင် အသိပေါ်ပြီး ကာလမခြား မနောမှာပေါ်ပါတယ်တဲ့။ ကာလမခြားဆိုတာ တိုက်ရိုက်ပေါ်တာကိုပြောတာ။ ဘုန်းဘုန်းတို့ရှေ့က ငါးခုကို စာရင်းထဲမထည့်တော့ဘူး။ မနောမှာပေါ်တာကိုပဲ ယူရလိမ့်မယ်။

အနန္တရပစ္စည်း ကာလမခြား

▬▬▬▬▬▬▬▬▬▬▬

ကာလမခြားဆိုတဲ့ စကားကိုလည်း နားလည်အောင် ယူပါဦးနော်။ ဥပမာနဲ့ဆို ပိုသဘောပေါက်ပါလိမ့်မယ်။ ဟုတ် မဟုတ်စဉ်းစား။ ဘုရားဟောအတိုင်း ပဋ္ဌာန်းကျမ်းအရ ကာလမခြားဆိုတာ အနန္တရပစ္စည်းပြောတာနော်။ သတ္တဝါတွေကို အရင်ပြောမယ်။

ဥပမာ 'ခို' ဆိုပါတော့ ကြားလိုက်တယ်နော်။ အသံကို ရှုမယ်သာ ကြံတယ်။ ခိုပုံက ပေါ်မနေဘူးလား။ (ပေါ်ပါတယ် ဘုရား...)။ ကာလမခြားသွားပေါ်တာ မဟုတ်လား၊ (မှန်ပါတယ်ဘုရား...)။ အမေလို့ပြောလိုက်မယ်။ အမေဆိုတဲ့စကား မဆုံးသေးဘူး။ ပုံပေါ်မနေဘူးလား၊ (ပေါ်နေပါတယ်ဘုရား)။ ကာလမခြားဆိုတာ အဲဒါကိုပြောတာနော်။ နားလည်တယ်နော်။

ဒီလိုပဲ အသက်ရှူလိုက်တယ်ဆိုရင်ပဲ ကိုယ်မှာသိတာသိတယ်။ ရှူလိုက်တယ်ဆိုရင်ပဲ မျက်နှာ ကိုယ်အမူအရာ ကပ်ပါမနေဘူးလား။ (ပေါ်ပါတယ်ဘုရား...)။ တန်းပေါ်တာနော်။ အဲဒီပေါ်တဲ့ အာရုံသည် စိတ်ကျက်စားရာ အာရုံပဲ၊ နားလည်ပြီလား။ (လည်ပါပြီဘုရား...)။ အဲဒီအာရုံကို ကပ်ငြိနေတယ်ဆိုရင် တဏှာ၊ အဲဒီအာရုံကို ဆက်ရင်လည်း တဏှာ၊ သဘောပေါက်ပြီနော်။

ငါးဒွါရမှာ အာရုံသိပြီး ကာလမခြား မနောတံခါးမှာ အာရုံသိဖြစ်ပုံကို မြတ်စွာဘုရားပေးတဲ့ဥပမာက နေပူချိန်မှာ အရွက်ကျနေတဲ့ သစ်ပင်တစ်ပင်က သစ်ကိုင်းပေါ် ငှက်တစ်ကောင်နားလိုက်တယ် ဆိုပါစို့။ သစ်ကိုင်းလှုပ်သွားချိန် မြေပြင်မှာ အရိပ်ကထင်နေပြီတဲ့။ အဲဒီ ဥပမာအတိုင်းမှတ်ပါ။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

🙏🙏🙏

“ဇာတိမလာရေးနှင့် နိဗ္ဗာန်အမြင်” တရားတော်စာအုပ်မှ ကုသိုလ်ယူရိုက်ကူးဖော်ပြခြင်း ဖြစ်ပါသည်။