❖ တို့ရဲ့အားက မေတ္တာအခြေခံထားရတယ်၊ သီလလုံရတယ်၊ ပြီးရင် သစ္စာလည်း အားကိုးရတယ်။ ကုသိုလ်အားလုံး မေတ္တာနဲ့ယှဥ် ဒါနပါရတယ်၊ သီလလုံရမယ်၊ ပြီးရင် ပြန်သစ္စာဆိုတတ်ရမယ်။ ဒါနကို ပြန်အသုံးချရတာ။ အသုံးချရတာလည်း ရှိပါတယ်။
❖ အသုံးချတာလည်း ရှိပါတယ်။ သိဝိမင်း ဘုရင်လက်ထက်တုန်းက မျက်လုံးဖောက်လှူတုန်းက ဖြစ်ခဲ့ဘူးတယ်။ တအားလှူချင်လွန်းအားကြီးတော့ ဆန္ဒပြင်းတော့ သိကြားမင်းကျောက်ဖျာက လှုပ်ရှားတော့ အလှူခံမဏ္ဍပ်မှာ ပုဏ္ဏားယောင်ဆောင်ပြီး လာအလှူခံရတာ။ မျက်စိကွယ်တဲ့ပုံစံနဲ့လာရတာ။ နန်းတော်ခေါ်သွားတယ်။
❖ ဆေးဆရာတွေတော်တယ်ဗျာ၊ ဖောက်ပေးပါဆိုတော့ ဆေးညှစ်ပြီး မျက်လုံးအကောင်းရအောင် တခါညှစ်ပြီး ကြွတက်လာတယ်။ ပြင်လို့ရသေးတယ် မင်းကြီး။ ငါ့ကို ကြာအောင် မလုပ်နဲ့။ နှစ်ခါ ကြွတက်လာတယ်။ ပြင်လို့ရသေးတယ် မင်းကြီး။ သုံးခါကျတော့ မျက်လုံးထွက်သွားတာမှာ လက်ဝါးထဲထည့်လိုက်တာမှာ သဘောကျ၊ ဟိုကနတ်ပဲ ကပ်လိုက်တော့ အရောင်တောက်သွားတော့ ဝမ်းသာလိုက်တာ၊ ပီတိဖြစ်လွန်းတော့ နတ်မှန်းတောင် မရိပ်မိအောင် ပျော်တာတဲ့။
❖ နောက်တစ်လုံး ဖောက်တော့ ဆိုတော့ ဖောက်လိုက်တယ်။ အဲဒီတော့ အသားနီရဲရဲဖြစ်တော့ကား ဘုရင်လုပ်လို့ မရတော့ဘူး။ ဥယျာဥ်တောကြီးထဲမှာ နေရတာပေါ့။ တနေ့တော့ သူက ပြန်တွေးတာ။ နေ့စဥ်လှူတဲ့အလှူတွေ ပြန်တွေး ပျော်လိုက်တာ။ မျက်လုံးလှူတာလည်း မျက်လုံးလှတာလေး တွေး ပြီး ပျော်လိုက်တာ။
❖ အဲဒီပီတိလှိုင်းတွေက ရိုက်ခတ်တော့ သိကြားမင်း နေ့လို့မရပြန်ဘူး။ လှိုင်းဘယ်လောက်ကြီးလဲ ဆိုတော့။ ဆင်းလာ ခြေသံပေးတဲ့အခါမှာ သိကြားမင်းဖြစ်တဲ့အကြောင်းပြောတော့ ဘာအတွက်လာလဲ ဆိုတော့ ဆုပေးမလို့ လိုရဆုတောင်းပါဆိုတော့ ငါ သေဆု လိုချင်တယ်တဲ့။ သေချင်တယ်တဲ့။
❖ ဘာလို့လဲဆိုတော့ မမြင်ရတော့ဘူးလေ၊ ပီတိမစားရတော့ဘူးတဲ့။ မျက်လုံးအတွက်လား၊ ဟုတ်တယ်။ ဒါဆိုရင် မျက်လုံးအတွက်ဆို ရနိုင်တယ်။ လှူပြီးသား ငါ မလိုချင်ဘူးပေါ့။ မဟုတ်ဘူး။ သစ္စာပြုရတယ်တဲ့။ မှတ်ထားနော် သစ္စာဆိုရတာ။
❖ ဆွဲအားကို ပြောင်းလိုက်တာနော်။ ဖန်ဆင်းတာပဲ။ ငါ လှူတုန်းက တကယ်ပျော်တာ အမှန်ပါတဲ့။ နေ့စဥ် လှူတာ ပျော်တာ အမှန်ပါ။ ဤသစ္စာစကားကြောင့် လင်းပါစေဆို ချက်ချင်း နတ်မျက်လုံးပေါ်လာတာ။ မျက်လုံးလှူတုန်းကလည်း တကယ်ပျော်တာ အမှန်ပါ။ ဤသစ္စာစကားကြောင့် လင်းပါစေဆိုတော့ မျက်လုံးပြန်ရတာ နတ်မျက်လုံးပြန်ရတာဗျာ။
❖ သူတော်ကောင်းတွေမှာ အဲဒါပဲရှိတာနော်။ မေတ္တာနဲ့ ဒါနအားရှိကြတယ်။ သည်းခံတယ်ဆိုတာ ဘယ်သူ့အပေါ်ဖြစ်ဖြစ် ခွင့်လွှတ်ချစ်ဖို့ ကြိုးစားရမယ်။ သီလလုံရမယ်နော်။ သစ္စာဆိုရင် ရတယ်။ ဒါနဲ့ သွားကြရမှာ။ တခြား ယတြာဓါတ်တွေ လိုသေးလား။ (မလိုတော့ပါဘူး ဘုရား)။ ဘာမှလိုဘူး။
❖ မှတ်ထားပါ နည်းနည်းလေး မအီမလည်နဲ့ အခက်အခဲရှိလာပြီဆိုရင် ငါ့ကို ဖြည့်ခိုင်းနေပြီ။ သီလပိုဖြည့်၊ မေတ္တာပိုတိုး။ လိုတာဖြည့်ပေါ့။ ငွေလိုရင် ငွေဖြည့်ပေါ့။ ရွှေလိုရင် ရွှေဖြည့်ပေါ့။ အဆောက်အဦးလိုရင် အဆောက်အဦးဖြည့်ပေါ့။ လိုရာဖြည့်ပေါ့၊ ဖြည့်လို့ မရနိုင်ဘူးလား။ လုပ်ကြ။ ကိုယ်လုပ်မှ ကိုယ်ရတာ။ နားလည်ပြီနော်။
❖ ဘုန်းဘုန်းတို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် မှန်းကြည့်တော့ ဆရာတော်ကြီးတွေ ကြည့်ပြီး ဘုန်းဘုန်းက အံ့သြခဲ့တာ။ ဝေဘူဆရာတော်ဘုရားကြီးတို့ ရှိတယ်။ တောထဲမှာနေတာနော်။ နောက်ပိုင်းကျတော့ မြို့ကြီးလိုဖြစ်သွားတာ၊ အဆောက်အဦးတွေ အများကြီးဖြစ်ကုန်တာ။
❖ မင်းကွန်းဆရာတော်ကြီးတို့ဆိုလည်း နေစရာအပြည့်၊ တပြည်လုံးက အပ်ထားတဲ့ကျောင်းတွေ အများကြီးပဲ။ နေစရာပေါလိုက်တာ။ ငွေကြေးလည်း တအားပေါတာပဲ။ ဘဏ်မှာသိန်းပေါင်း သောင်းချီ အပ်ထားပြီးတော့ ဘဏ်တိုးနဲ့လှူနေတာ။ လှူခိုင်းတာဗျ။ အဲဒီလောက် အားကြီးတဲ့ပုဂ္ဂိုလ်ကြီးတွေ။
❖ ဘာကြောင့်လဲမေးတဲ့အခါမှာ ခုနက အတွေးပဲပေါ့။ ဆရာတော်ဘုရားကြီးနည်းတွေ ဘုန်းဘုန်းက ယူထားရတာပေါ့နော်။ ယူထားတာက ကျောင်းဆိုရင်လည်းပဲတဲ့ တို့ကို ဆုံးမထားတာက ဘယ်လောက်ပဲ လူ့ဘဝချမ်းသာချမ်းသာ သိမ်ထဲကထွက်တည်းက ရဟန်းက ဘာမှမရှိဘူး။
❖ လှူသူမရှိရင် သပိတ်ပိုက်ပြီး ဆွမ်းခံစားပါတဲ့။ အစားနဲ့ ပတ်သက်လို့နော်။ ဝတ်စရာမရှိရင် လှူသူမရှိရင် သင်္ချိုင်းကုန်းသွား အဝတ်တွေရှာ မကောင်းတာဖယ် ကောင်းတာဖြတ်သိမ်း၊ တကိုယ်စာရမှ ချုပ်စပ်ဆေးဆိုးဝတ်ပါ၊ ဘုရားက ဆုံးမထားတာ။
❖ တခါ ကျောင်းဆိုလည်း လှူသူမရှိရင် သစ်ခက်တဲတွေထိုး၊ ဇရပ်မှာနေပြီး အားထုတ်ပါ။ ဘုရားဆုံးမတာ။ ပြီးရင်ဖြင့် ဆေးဆိုလည်း မနက်စောစော နွားကျင်ငယ်ရေသောက်၊ ဇီးဖြူသီးရှာ စိမ်ပြီးစားပါ။ လှူသူမရှိရင်ပေါ့နော်၊ အဆုံးချထားတာ။
❖ အဲဒီတော့ ကျောင်းဆိုရင် ဘုန်းဘုန်းတို့က ကျောင်းတွေဆောက်တာရော ဘုရားဆိုတော့ ဆရာတော်ကြီးတွေဆုံးမထားတာ ကျောင်းပိုင် မဟုတ်ဘူးတဲ့။ ကျောင်းစောင့်တဲ့ မှတ်ထားနော်တဲ့။ ကျောင်းစောင့်တဲ့။
❖ ဒါကြောင့် ရွှေဘိုဘက်မှာ ဆရာတော်တပါးရှိတယ်၊ ဟိုတုန်းကအစိုးရလက်ထက်တုန်းက သွားပြီးတော့ ကျောင်းလှူပါရစေ ဘုရားဆိုတော့ အေးတဲ့ အသက်ကြီးပြီကွာတဲ့၊ တစ်ကျောင်းတောင် ငါ မနည်းစောင့်နေရတာ နောက်ထပ်မစောင့်နိုင်ဘူးကွာ၊ မဆောက်ဘူးတဲ့။ ကျောင်းစောင့် ပဲ သတ်မှတ်ထားတာလေ။
❖ ငါ မစောင့်နိုင်တော့ဘူး မင်း ထပ်မလှူတော့နဲ့ အဲဒီလိုပြောပြစ်တာ။ ကိုယ့်အတွက် မဟုတ်ဘူးလေ၊ လာတဲ့ဒကာမတွေ စိတ်ချမ်းသာမယ်၊ တရားရကြမယ်၊ သာသနာထွန်းကားအောင် စောင့်ရှောက်ပေးရတာ။ နှလုံးမွေ့လျော် ပျော်ဖွယ်ရာဆိုတာ သာယာအောင် လုပ်ပေးရတယ်။ စောင့်ရှောက်ရတာ။ ပင်ပန်းခံလုပ်ပေးရတာနော်။ ကိုယ့်အတွက်က မလိုဘူးလေ။ နားလည်ကြရဲ့လား။
❖ အဲဒီလိုစိတ်ထားမျိုးနဲ့ ဘုန်းဘုန်းတို့က လုပ်တော့ကား အံ့တော့ အံ့သြစရာကောင်းတယ် မေတ္တာကြောင့် ဆွဲအားများတော့ ကျောင်းတွေများများလာတာပေါ့နော်။ များတော့လည်း စိတ်ထဲမှာ ကိုယ့်ကျောင်းမှ မဟုတ်တာ သိနေတာကြီးကို။ မလိုချင်လေ များလေပဲ။ အဲဒါ ဘုန်းကြီးတယ်ထင်တာ၊ ဒီမှာတော့ ကျောင်းစောင့်ရတာ ပင်ပန်းနေပြီ။ စောင့်ရှောက်ရတာ ပင်ပန်းနေပြီ။
❖ အကုန်ဖြည့်ရတာလေ။ နောင်ရေးလည်း ကောင်းအောင်ပေါ။ ပုံစံချပြီးတော့ ကြာရှည်ကောင်းအောင် စီမံရတာ ပင်ပန်းနေပြီ။ ဘုန်းကြီးတယ်ပြောတာ အမှန်က ပင်ပန်းနေတာနော်။ ဒါပေမဲ့လို့ မေတ္တာနဲ့သွားရတာကိုး။
❖ အဓိကဘာလဲဆိုတော့ ကိုယ်ရတဲ့တရားတွေ ဒီတရားအစစ်အမှန်တွေက တစ်ဖက်သားရင်ထဲရောက်အောင် ပို့တာ အဓိကပဲ။ နောက်ဆုံးပိတ်ကတော့ ဇာတိမလာရေး မှတ်ထားပါ။ ဘယ်လောက်ချမ်းသာချမ်းသာ အိုနာသေ လွတ်ပါ့မလား။ (မလွတ်ပါဘူး ဘုရား)။ သေရင် ကိုယ့်နောက် ပစ္စည်းဥစ္စာတွေ ပါသွားပါ့မလား။ (မပါပါဘူး ဘုရား)။ ပါဘူးဗျ။
❖ အဲဒီလိုနဲ့များစွာသေခဲ့ဖူးပြီ၊ အထက်ဆန် အောက်စုန်နဲ့ သေခဲ့ပေါင်း များလှပြီ၊ တော်လောက်ပြီ။ ဇာတိမလာတဲ့ လမ်းကြောင်းကို ဘုရားက ပြခဲ့တာ။ အဲဒီလမ်းကို တို့က ပေးရမှာ။ အဲဒါကို ပေးချင်လို့ ရစေချင်လို့ ဘုန်းကြီးတို့က မျှားခေါ်တယ်ခေါ်တာပေါ့။ အဲဒါလေးပါပဲ။ ချမ်းသာလမ်းက အလွယ်လေးပဲ မခက်ပါဘူး။
❖ ဘယ်သူ့ကိုဖြစ်ဖြစ် တကယ်တန်ဖိုးထား၊ တကယ်ချစ်ရမယ်။ ဖုန်းများ software ထည့်သလိုပေါ့။ လိုချင်တာဖြည့်ပေါ့နော်။ အဆောက်အဦးကောင်းချင်ရင်လည်း ကောင်းအောင်ထပ်ဖြည့်ပေါ့။ များများဖြည့်လေ ကောင်းလေပေါ့။ ကိုယ့်ဟာကိုယ်ဖြည့်မှ ကိုယ်ရမှာနော်။ အဝတ်လည်း အဝတ်မို့လို့ ဖြည့်သာဖြည့်။ ငွေလည်း ငွေကိုဖြည့်၊ ရွှေလည်းရွှေကိုဖြည့်ပေါ့။ ဖြည့်လေ ကောင်းလေပေါ့။
❖ ဘုန်းဘုန်း စမ်းပြီးသားပါပဲ။ ဟိုတုန်းက စင်ကာပူနိုင်ငံသွားတော့ ကြာပါပြီ လေးငါးဆယ်နှစ်က၊ ကလေးလေးကြည့်ပြီး နာရီမကောင်းဘူးဆိုရင် နာရီလေးဝယ်လာလိုက် ဆင်ပေးလိုက်။ ကလေးပျော်နေတာ၊ ဘုန်းဘုန်းက ဝမ်းသာရင်း ပျော်တာပေါ့။ အမှတ်တမဲ့နဲ့ များသွားတာကိုး။ နောက် တောမှာ သိမ်ဆင်းတဲ့အခါ နာရီတွေပါလာတော့၊ ဘာဖြစ်တာလဲဆိုတော့ နာရီဆွဲအားရှိတော့ နာရီသပိတ်ထဲပါလာတာ ဘာဆန်းလဲ။
❖ အကုန်ရတာဗျ၊ လိုချင်တာရှိ အကုန်ရတာ တွေ့ရတယ်။ ကိုယ်လုပ်မှ ကိုယ်ရတာနော်။ ဘုရားက ဆုံးမထားတာ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား။ နားလည်ပြီနော်။ ကုသိုလ်က ဆွဲအား၊ အကုသိုလ်က ဖျက်အား။ မှတ်မိပြီနော်။
❖ ခဏနားပေးမယ်နော်။ လက်အုပ်ချီကြပါအုန်း။ ဤကဲ့သို့ ဘုရားရှင်ဟောကြားဆုံးမတော်မူတဲ့အတိုင်း မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား။ အမုန်းဓါတ်တွေက ပူလည်းပူလောင်တယ်။ ဆွဲအားဖြစ်တော့ အနာဂတ်မှာ ဆိုးကျိုးဖြစ်သောကြောင့် တဲ့ သာဝဇ္ဇဒုက္ခဝါက လို့ခေါ်ပါတယ်၊ အကုသိုလ်လို့ ခေါ်တာပါတဲ့။
❖ မေတ္တာကတော့ အေးချမ်းတယ်တဲ့၊ ဆွဲအားဖြစ်တော့ အနာဂတ်မှာချမ်းသာစေတယ်။ အနဝဇ္ဇ သုခ ဝိပါကလက္ခဏာ ကုသိုလ်ခေါ်တာတဲ့ မှတ်ကြနော်။ ဘယ်သူ့အပေါ်ဖြစ်ဖြစ်၊ ဘယ်လောက်ဆိုးဆိုး ဘယ်လိုခွင့်လွှတ်ရမလဲ၊ ဘယ်လိုချစ်ရမလဲ။ ဒါ စဥ်းစားရမယ်။ ကြိုးစားကြနော်။ အောင်ဓါတ်ရပါလိမ့်မယ်လို့ မှတ်ကြပါ။
❖ ဤသို့ ပွားများအားထုတ်လျှက် ကုသိုလ်များသောကြောင့် စိတ်တိုင်းကျအားလုံးပြည့်စုံတဲ့အပြင် မဂ်ဉာဏ်ဖိုလ်ဉာဏ်ပါ ဆောင်နိုင်ပြီး၊ အရဟတ္တဖိုလ်တိုင် ပေါက်မြောက်၍ ဇာတိမလာ ခန္ဓာဇာတ်သိမ်း ငြိမ်းနိုင်ကြပါစေ။
(ဆရာတော်ဘုရားပေးတဲ့ဆုနဲ့ ပြည့်စုံရပါလို့၏ အရှင်ဘုရား)။
သာဓု၊ သာဓု၊ သာဓု။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
🙏🙏🙏
GIC မိသားစု (၂)ရက်တရားသင်တန်း (၄.၇.၂၀၂၆ - ပထမအချိန်) ချမ်းသာလမ်း တရားတော်မှ စာစီပူဇော်ပါသည်။
