ဒါကြောင့်မို့ ဘုန်းဘုန်းက တရားထိုင်တဲ့ ပုဂ္ဂိုလ်တွေကို မေးချင်တာက တစ်နာရီထိုင်မယ်လို့ ဆုံးဖြတ်ချက်ကို ချတယ် မဟုတ်လား၊ (တင့်ပါဘုရား...)။ ကဲ....ထိုင်ကြပြီ၊ ရှုကြပြီဆိုပါတော့။ ကိုယ်တိုင်ကို ပြန်မေးရအောင်နော်။ ဟာကွက်လေး ဖြည့်ကြရအောင်နော်။ တစ်နာရီအတွင်းမှာ ငါသေမယ်လို့ ထင်ရဲ့လား၊ (မထင်ပါဘူးဘုရား....)။ ဒါဖြင့် မသေသေးဘူးပေါ့ ။ မသေတဲ့ငါ တစ်နာရီပြည့်အောင် ထိုင်မယ်ဆိုတော့ ဥပါဒါန်ပါမနေဘူးလား။ (ပါပါတယ်ဘုရား.....)။ ပါတယ်နော်၊ ဒါဆိုရင် ဝိပဿနာဉာဏ်အဆုံး လမ်းကြောင်းကို ရောက်ပါ့မလား။(မရောက်ပါဘူးဘုရား....)။ သေချာတယ်နော်၊ "ဟာ" တာကိုဖြည့်ကြနော်။
မိုးကုတ်ဆရာတော်ကြီး ပြောခဲ့တဲ့စကားက ဝိပဿနာဆိုတာ ကိုယ့်အသေ ကိုယ်ရှုတာတဲ့။ သေသေချာချာ မှတ်ပါ။ မမေ့ပါနဲ့။ တရားထိုင်နေတဲ့ ပုဂ္ဂိုလ်ဟာ ဒီတစ်နာရီအတွင်းမှာ မဂ်ရအောင်လုပ်မယ်ဆိုရင် ဟုတ်ပါ့မလား။ (မဟုတ်ပါဘူး ဘုရား....)။ ဆုံးဖြတ်ချက်ချတာ လွဲမနေဘူးလား။ (လွဲနေပါတယ်ဘုရား....)။ ဒီတော့ ဥပါဒါန်ပါတာ သေချာနေပြီနော်။ ငါနဲ့သွားတာကိုး။ ဉာဏ်နဲ့ငါနဲ့ ရောသွားတယ်ခေါ်တယ်။ ဉာဏ်နေရာမှာ ငါရောက်နေတယ်လို့ မှတ်ရမယ်၊ သေသေချာချာမှတ်နော်။ နှစ်ပေါင်းများစွာ တရားကျင့်ပြီး တချို့ ခရီးမရောက်တာလည်း အဲ့ဒါပါတယ်။ ကပ်ချော်နေရင် ခရီးမရောက်ဘူး။ နားလည်ကြရဲ့လား။
ဟိုတုန်းကဘုန်းဘုန်း ဒီလောက်မပြောဘူးနော်။ နောက်ပိုင်း အသက်လေးရလာတော့ သေဖို့လည်း နီးနေပြီဆိုတော့ မပြောလို့မရတော့ဘူး။ မပြောလည်း သိမှာမဟုတ်တော့ ပြောရတော့မယ်။ ဟိုတုန်းကပြောရင် ထိုင်တဲ့ပုဂ္ဂိုလ် တွေအများကြီးမှာ တော်တော်များများဟာ ဆန့်ကျင်မှာစိုးလို့ ဘုန်းဘုန်းက ရှောင်ရှောင်ပြီး ဟောပေးရတယ်။ ခုတော့ မရတော့ဘူး။ အချိန်ကသိပ်မရှိတော့ဘူး။ လိုတာလေးတွေ ဖြည့်ရလိမ့်မယ်နော်။ ပြန်ပြောမယ်၊ ကိုယ်လိုတာ ကိုယ်ဖြည့်ကြရမယ်။ ကျမ်းနဲ့ညှိရမယ်နော်။
တရားထိုင်တဲ့အခါ မိုးကုတ်ဆရာတော်ဘုရားကြီးကိုယ်တိုင် ပြောခဲ့တာ။ ဘုရားဟောနဲ့အညီ ရဟန္တာဆရာတော်ဘုရားကြီး ဟောခဲ့တာက ဝိပဿနာဆိုတာသည် ကိုယ့်အသေ ကိုယ်ရှုတာနော်။ အခု ကိုယ့်ဒကာတွေရှုတာက မသေတဲ့ငါ၊ တစ်နာရီပြည့်အောင် ရှုမယ်။ နောက် မဂ်ရအောင် အားထုတ်မယ်လို့ ဆုံးဖြတ်ချက် မချဘူးလား။ ဒီတော့ တည့်ပါ့မလား။ (မတည့်ပါဘူး ဘုရား.. )။ ဥပါဒါန်နေရာယူတာ သေချာသွားပြီ၊ အစထဲက ကပ်ချော်နေတယ်ဆိုရင် ပြင်ရသိပ်ခက်တယ်။ အားရှိတဲ့ ဝိပဿနာ မရောက်ဘူးနော်။ သဘောပေါက်ရဲ့လား။ ကောင်းပြီ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းသည် ဒီဘက်ကိုကြည့်လိုက်ပါ၊ ဘယ်ကအခြေခံတာဲ (တဏှာပါဘုရား.. )။ တဏှာရှိရင် ဥပါဒါန်ရှိတယ်လို့ ပြတယ်။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
🙏🙏🙏
“ဇာတိမလာရေးနှင့် နိဗ္ဗာန်အမြင်” တရားတော်စာအုပ်မှ ကုသိုလ်ယူရိုက်ကူးဖော်ပြခြင်း ဖြစ်ပါသည်။
#တရားတော်နာကြားရန်

