တရားကျင့်မည့်သူတို့အဓိကသိရန်

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
10/18/2026
တရားကျင့်မည့်သူတို့အဓိကသိရန်

တရားကျင့်မည့်သူတို့အဓိကသိရန်

▬▬▬▬▬▬▬▬▬▬▬▬▬▬

အရှုခံဖြစ်တဲ့ နံပါတ် ၂ အကွက်သည် ဘုရားရှင်ဉာဏ်တော်နဲ့ အခက်ခဲဆုံး ကျက်စားခဲ့တဲ့အလုပ် ဒါကို ဘုန်းဘုန်းတို့ ဘုရားဟောအတိုင်း ပြန်သင်ရမှာ ဒီလိုသင်တဲ့အခါ အဘိဓမ္မာကျမ်းကို အခြေခံရတယ်။ အဘိဓမ္မာကျမ်းဟာ မပါလို့မရဘူး။ ဘုရားက အမိန့်ရှိပြီးသား။ ဒါဟာ ငါဘုရားကိုယ်စား ထားခဲ့တာလို့နော်။ စာပေ ကျမ်းဂန်ကို လက်လွှတ်လို့မရဘူး။ စာမတတ်လို့လည်း မဖြစ်ဘူး။ တတ်စရာမလိုဘူးလို့ ပြောတဲ့ပုဂ္ဂိုလ်ဟာ အမှားပဲ။ အရေးကြီးတယ်နော်။ ဒါတွေဟာ ဘုရားဟောတွေပဲ။ အဓိက ကျမ်းဂန် ကိုအခြေခံရတယ်နော်။

ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို အာနန္ဒာမထေရ်က မေးတယ်။ အရှင်ဘုရား.... ဘုရားမရှိတဲ့နောက်မှာ (အိန္ဒိယဆိုတာ သိတဲ့အတိုင်းပါပဲ) ကျင့်စဉ်တွေအများကြီး ပေါ်လာလိမ့်မယ် ဘုရားတဲ့။ ရှုပ်ရှက်ခတ်ကုန်မှာ သိတယ်နော်။ ဒီတော့ ဘယ်ကျင့်စဉ်ဟာ ဘုရားဟောအစစ်ဆိုတာကို တပည့်တော်တို့ ခံယူရင်ကောင်းမလဲလို့ အရှင်အာနန္ဒာမထေရ်က ကြိုမေးထားတယ်။ 

ဘုရားရှင်က အာနန္ဒာတဲ့ ဘယ်နေရာကလာလာ၊ ဘယ်ကမ္မဌာန်းရိပ်သာကလာလာ၊ ပြောချင်တာက ဘယ်လောက် နာမည်ကြီးပစေပေါ့နော်။ သူတို့နိုင်ငံမှာ အစုံရှိတာကိုး။ ဒီလိုလာပြီး နည်းပေးပါစေ၊ သူပေးတဲ့နည်းတွေကို ချက်ချင်းလည်း မငြင်းလိုက်ပါနဲ့။ ချက်ချင်းလည်း လက်မခံလိုက်ပါနဲ့။ လက်ခံပြီးလည်းမကျင့်နဲ့၊ ငြင်းလည်း မငြင်းနဲ့ဦးတဲ့။ ငါဘုရားဟောခဲ့တဲ့ ကျမ်းစာတွေရှိတယ်။ သုတ္တံရယ်၊ ဝိနည်းနဲ့ အဘိဓမ္မာရယ်ရှိတယ်၊ ညီတယ်ဆိုရင် ငါဘုရားတရားလို့မှတ်ပြီး ကျင့်ပါတဲ့။ မညီရင် မကျင့်ပါနဲ့တဲ့နော်.... နားလည်ပြီနော် ။

ဝိပဿနာလည်း ဒီအတိုင်းမှတ်ရမယ်။ ကျမ်းနဲ့ညီမှ ဝိပဿနာ ဖြစ်ရမယ်။ မညီရင် မမှန်ဘူးလို့ မှတ်လိုက်ပါ။ ရဲရဲတင်းတင်းပဲ ကိုင်ရလိမ့်မယ်။ အခု ဘုန်းဘုန်းတို့ ကြည့်ရမှာ ကျမ်းနဲ့အညီ နိဗ္ဗာန် ဆိုတာ ဘာလဲဆိုတော့ နိ-ဝါန။ ဒါဟာ ကျမ်းနဲ့ညီပြီးသား။ သူက တဏှာမရှိခြင်းသဘော၊ တဏှာမရှိဘူးဆိုတော့ တဏှာ မရှိအောင်လည်း ရှေ့မှာပေါ်တဲ့ အာရုံအသိမှာ စိတ်-စေတသိက် ရုပ်တွေ ပေါင်းစပ်ထားတယ်ဆိုတာ သိရင် ဒီအာရုံပေါ်မှာ အမှန်သိရင် တဏှာမရှိဘူး။ အမှန်သိဖို့ အရေးကြီးတယ်။ အဲ့ဒါကို သမ္မာဒိဋ္ဌိခေါ်တယ်။ မဂ္ဂင်ခေါင်းဆောင်ဆိုတာ အမြင်မှန်ကိုပြောတာ။ 

တစ်နည်းအားဖြင့် ဒီငါးခုဟာ ဝိဉာဏ်၊ နာမ်ရုပ် ၊ သဠာယတန၊ ဖဿ၊ ဝေဒနာ အဲ့ဒီငါးခုကို တစ်နည်းအားဖြင့် ခန္ဓာငါးပါး လို့ခေါ်တယ်။ ဘယ်လိုခေါ်လဲ ။ (ခန္ဓာငါးပါး ပါဘုရား....)။ အဲဒီခန္ဓာငါးပါး ဆိုတဲ့စကားမှာပဲ လည်တော့တာပဲ။ ခန္ဓာဆိုတဲ့ စကားဟာ ရှေ့မှာခံထားတော့ လူတွေမျက်စိ လည်နေကြတယ်။

ခန္ဓာရှင်းတမ်း

▬▬▬▬▬

ဘုန်းဘုန်းမေးမယ်၊ ခန္ဓာဆိုတာသည် မြန်မာစကားလို့ ထင်မနေဘူးလား။ (ထင်ပါတယ် ဘုရား) ။ မဟုတ်ဘူး။ ပါဠိစကားပါ။ ခန္ဓာဆိုတာ အပေါင်းစုလို့ အဓိပ္ပာယ် ရတယ်။ အစုမှန်ရင် ခန္ဓာလို့သုံးတယ်၊ ပြတယ်။ အဘိဓာန်ကျမ်းမှာ ခန္ဓာ = အစုအပေါင်းလို့ ပြတယ်။ 

ဥပမာ “ဓမ္မက္ခန္ဓာ” ဆိုတာ ကြားဖူးတယ်နော်၊ တရားအစုတဲ့။ ဘယ်လိုဟာလဲလို့ ဆရာတော်ကြီးများ မေးကြည့်တော့ မင်္ဂလသုတ် မှာဆိုရင် "ပဋိရူပဒေသ ဝါသောစ၊ ပုဗ္ဗေစ ကတပုညတာ အတ္တသမ္မာပဏီဓိစ... ဧတံမင်္ဂလမုတ္တမံ" ဆိုရင် တစ်စု။ အဲဒါကို တစ်ခန္ဓာခေါ်တယ်။ ဂါထာလေးတွေစုထားတယ် မဟုတ်လား။ အဲဒီလို တစ်ခန္ဓာ တစ်ခန္ဓာလေးတွေကို စုပြီး ဘုရားဟောထားတာ (၈၄၀၀၀) ရှိတယ်တဲ့။ ဒီတော့ ခန္ဓာဆိုတဲ့ စကားသည် အပေါင်းအစုမှန်ရင် သုံးခွင့်ရှိတဲ့စကား။ ဒီကိုယ်လုံးကြီးလည်း ခန္ဓာပဲ။ ဆံပင်ကနေ ကျင်ကြီး ကျင်ငယ်ထိ အကုန်ပါတယ်။ (၃၂)ပါးသော ကောဋ္ဌာသတွေ aပါင်းစုထားတာ၊ ထသွားရင်ရော ကွဲပါ့မလား (မကွဲပါဘုရား....)။ ဟုတ်တယ်။ ဒါ့ကြောင့် ခန္ဓာလို့ ပြောတာ။

၂-အကွက် ဒုက္ခသစ္စာတဲ့၊ ခန္ဓာငါးပါး ဆိုတာ ဒီခန္ဓာ ဒီကိုယ်လုံးကြီးကို ပြောတာမဟုတ်ပါဘူး။ ဒီဘက်က ငါးပါးအစုကို ပြောတာပါ။ ဒီကိုယ်လုံးကြီးနဲ့ ဒီငါးပါး ရောရင်မရဘူး။ ဒီကိုယ်လုံးကြီးကို ခန္ဓာငါးပါးလို့ ထင်ရင်လွဲပြီ။ မိုးကုတ်ဆရာတော်ဘုရားကြီးက အချို့ကျမ်းတွေမှာ ခန္ဓာငါးပါး တုံးကြီးလို့သုံးတယ်။ တကယ်တမ်း ဆရာတော်ဘုရားကြီး သုံးတဲ့အခါကျတော့ ဪဒီလို မဟုတ်တော့ဘူး ။ အာရုံ - ဒွါရ မွေးတဲ့ခန္ဓာလို့ သုံးသွားတယ်။ ခင်ဗျားတို့ တရားရှုပါဆိုတော့ ကျုပ်က ရှုခိုင်းတာက ခွေးဟောင်တဲ့ခန္ဓာကို ရှုခိုင်းတာမဟုတ်ဘူးလို့လဲ သုံးသွားတယ်။

တချို့ကျမ်းတွေမှာ ဆရာတော်ဘုရားက ခန္ဓာငါးပါးတုံးလို့ သုံးတဲ့အခါသုံးတယ်။ အဓိကလိုရင်းကို နောက်ပိုင်းမှာ ဟောသွားတာက နည်းနည်းတော့ ဉာဏ်ကစားရမယ်နော်။ ရှေ့ပိုင်း ဟောသွားတာနဲ့ မတူဘူး။ နောက်ပိုင်း ခန္ဓာဝန်ချခါနီး ဟောတဲ့တရားတွေဟာ တအားမြင့်တယ်။ ခန္ဓာငါးပါးတုံးလို့ မသုံးတော့ဘဲ အာရုံ-ဒွါရ မွေးတဲ့ခန္ဓာ၊ ခွေးမဟောင်တဲ့ခန္ဓာ လို့ သုံးတယ်။ ဒါဟာ ဒီခန္ဓာငါးပါးကို ရှုခိုင်းတာပဲ။ ဒီခန္ဓာငါးပါး နဲ့ ဒီကိုယ်လုံးကြီး ဟာ မတူဘူး။ တူတယ်ထင်ရင် မှားလိမ့်မယ်။ နားလည်ပြီလား။ (မှန်ပါ့ဘုရား.....)။

စဉ်းစား၊ စကားကိုက ခန္ဓာချုပ်တာမြင်ရင် နိဗ္ဗာန်၊ ခန္ဓာ နိရောဓော နိဗ္ဗာန် ဆိုတော့ စဉ်းစား၊ မသေခင်မှာမြင်ရမဲ့ နိဗ္ဗာန် ဖြစ်နေတာကိုး၊ ဒါကြီး သေမှ မြင်ရမယ် ဆိုရင် ဟုတ်ပါသလား၊ (မဟုတ်ပါဘူး ဘုရား....)။ သဘောပေါက်ပြီနော်။ မသေခင်ထဲက နိဗ္ဗာန် မြင်ရမယ်လို့ ပြောထားတယ် မဟုတ်လား။ ဒီတော့ ဒီခန္ဓာနိရောဓကို တွေ့မှ မသေခင် နိဗ္ဗာန် တွေ့မှာပေါ့။ တွေ့လိုတယ်နော်။

ဒါဖြင့် ဒီခန္ဓာသည် ဘယ်လိုသဘောပေါ်သလဲဆိုတော့ အာရုံဒွါရ တိုက်ချိန်မှာ ပေါ်တာ။ အဲဒီအချိန်ကို ဘုရားက ဘဝလို့ခေါ်တယ်နော်။ အဲဒီ ခန္ဓာကို ဘုန်းဘုန်းတို့ သဘောပေါက်အောင် မှတ်ရမှာနော်။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

🙏🙏🙏

“ဇာတိမလာရေးနှင့် နိဗ္ဗာန်အမြင်” တရားတော်စာအုပ်မှ ကုသိုလ်ယူရိုက်ကူးဖော်ပြခြင်း ဖြစ်ပါသည်။