logo

သစ္စာပါရမီ

ဓမ္မရိပ်သာ

တဖန်ဇာတိဖြစ်မှာကို ကြောက်ရမှာ

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
8/16/2026
တဖန်ဇာတိဖြစ်မှာကို ကြောက်ရမှာ

❖ တဏှာမရှိတာကတော့ အကောင်းဆုံးလမ်းလို့ ဘုရားက ပြထားတာ။ တကယ်လည်း စွမ်းအားပြည့်တာ အကုန်ပြီးတယ်လို့ မှတ်ထားရမယ်။ ဘုရားက တဏှာဟာ သူချည်းမလာပါဘူး ဆုံးဖြတ်ကြလို့ ဆရာတော်ကြီးက ဟောပြန်တယ်။ တဏှာရယ် မာနရယ် ဒိဋ္ဌိရယ် တစ်ပေါင်းတည်း လာတာတဲ့။ ပြောကြည့်ပါဦး။ (တဏှာရယ် မာနရယ် ဒိဋ္ဌိရယ် တစ်ပေါင်းတည်း လာတာပါဘုရား)။ 

❖ သူတို့ရှိလို့ ဇာတိဖြစ်ရတာ၊ သူတို့ကြောင့် ဇာတိဖြစ်ရတာလို့ ပြထားတော့ သာသနာချဲ့တဲ့ တရားက သူတို့ဘဲတဲ့။ အတွေးချဲ့လည်း သူတို့ကြောင့်ချဲ့တာဘဲတဲ့။ ဒိဋ္ဌိက ရှေ့က ပါနေတယ်။ တခြားမဟုတ်ဘူးတဲ့။ ပေါ်တဲ့ အာရုံတွေကို နောက်စိတ်က အမှောင်လည်း ဖုံးရော သစ်ငုတ်တို သရဲထင်သလိုဘဲတဲ့ အကောင်အထည် သတ္တဝါထင်တာ စတာတဲ့ဗျ။ ဘာက စတာတုန်း။ (အကောင်အထည် သတ္တဝါထင်တာ စတာပါဘုရား)။

❖ အဲဒါ သူမရှိရင် သတ္တဝါ သူငါမထင်ရင် ငါမပေါ်ရင် သူပေါ်ပါ့မလား။ (မပေါ်ပါဘူး ဘုရား)။ မာနလည်း မလာတော့ဘူး။ မလာရင် ငါမှ မရှိတော့ ခန္ဓာရဲ့ ချုပ်ငြိမ်းရာ မြင်နေသောကြောင့် တဏှာ လာသေးလား။ (မလာတော့ပါ ဘုရား)။ ဒါကြောင့် ဖြစ်ပျက်မြင်ရင် နိဗ္ဗာန်ပေါ်တယ် ပြောတာတဲ့ဗျ။ ခန္ဓာနိရောဓကို မြင်လိုက်တာနဲ့ တဏှာမလာရင် နိဗ္ဗာန်ပေါ်တယ်‌ ပြောတာပေါ့။ 

❖ တရားက အင်မတန် တိုတိုရှင်းရှင်းလေး။ သို့သော်လည်း ရှင်းလွန်းအားကြီတော့လည်း မလိုက်နိုင်တာလည်း ပါပါတယ်။ တကယ် တိုတိုရှင်းရှင်းလေးပါဘဲ မရှုပ်ပါဘူး။ သို့သော် မရတဲ့ အကြောင်းကို နောက်ပြန်စဉ်းစားတော့ သားသမီးတွေ မလိုက်နိုင်တာ အကြောင်းကြည့်တော့မှ ဘုရားကို ပြန်အကဲခတ်ရတာ။ ဘုရားရှင်က ဒီတရားကို လူတိုင်းလိုက်မဟောဘူးတဲ့။ 

❖ ဉာဏ်တော်ဖြန့်ပြီးတော့မှ ဒီဉာဏ်ကို ပေးရင် ရနိုင်မလား၊ သဘောပေါက်ပါ့မလားလို့ ဘုရားက ကြည့်ရသေးတာနော်။ အကြင်ပုဂ္ဂိုလ်သည် ကုသိုလ်လည်းများထားပြီ စွမ်းအားလည်း များတော့မှ ဒါပေးရင် ရမယ်ဆိုတော့မှ ဘုရားက တစ်ယောက်တည်းအတွက် စကြာဝဋာခြားပါစေ သွားဟောတာတဲ့ဗျ။ တန်ဖိုးထားရမယ့် တရားကိုး။ ဟောတိုင်းမရဘူးတဲ့။ 

❖ ဘုန်းဘုန်းတို့လည်း ဒါကို အမြဲတမ်း ဟောပေးချင်တာ။ မရပါဘူး။ သဘောပေါက်လား။ အချိန်အခါ‌ စောင့်ပြီး ဟောနေရတာ။ အဲ့တော့ သတိထားရမယ့် အချက်ဘဲနော်။ လူတိုင်းမရဘူးဗျာ။ လွယ်တယ်လား ခက်တယ်လား။ လွယ်တယ်လည်းဟုတ်တယ်၊ ခက်တယ်လည်း ဟုတ်တယ်နော်။ 

❖ ပါရမီဓါတ်ခံရှိရင်တော့ တစ်ချက်ထဲ ပေါက်သွားမှာပဲ။ ရသွားနိုင်မှာပဲပေါ့။ နိဗ္ဗာန်စကားက တဏှာမရှိတာ ပြောတာနော်။ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းဒေသနာကို သွားလိုက်ပါအုန်း။ ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလကိုပဲ အကဲခတ်ရတယ်။ ဒီကာလမှာ တို့တတွေက သန္ဓေမှီလို့ ပုံလည်းပေါ်ရော၊ ဒွါရဘယ်နှစ်ပါးရထားတုံး။ (ခြောက်ပါးပါ ဘုရား)။

❖ မျက်စိမှာ အဆင်းတိုက်ပြီးရင် မနောမှာ တွေးစရာမပေါ်ဘူးလား။ (ပေါ်ပါတယ် ဘုရား)။ အခြေခံ သိပြီးသားနော်။ အသံကြားပြီးလည်း တွေးစရာမပေါ်ဘူးလား။ ပေါ်တာပေါ့။ အနံ့ရလည်း တွေးစရာမပေါ်ဘူးလား။ (ပေါ်ပါတယ် ဘုရား)။ စားရင်လည်း တွေးစရာ အမူအရာ မပေါ်ဘူးလား။ (ပေါ်ပါတယ် ဘုရား)။ ပေါ်တာပေါ့။ ဒါက ဧည့်သည်ခေါ်မယ်။ ဘာလို့တုန်းဆို သေခါနီးမှာ မရှိဘူးလေ။

❖ မျက်စိအကြည်က ချုပ်သွားတယ်၊ နားအကြည်က ချုပ်သွားတယ်၊ နှာခေါင်းအကြည် လျှာအကြည် ချုပ်သွားတယ်။ မသိဘူးလေ အဲဒီအတွဲ မလာတော့ဘူးလေ။ ကိုယ်မှာကျတော့ နေရာမလပ် အာရုံကြောတွေ ရှိနေတာကိုး။ ကာယပသာဒ အရေးကြီးဆုံးနော်။ ကိုယ်အနှံ့မှာ အာရုံကြောဆက်သွယ်ထားတော့ သူက အကျယ်ဆုံးဖြစ်နေတယ်တဲ့။ ကာယပသာဒ ပြောတာနော်။ 

❖ အာရုံကြောလေးတွေဟာ သွေးနဲ့အတူ စိမ့်ပျံ့ပြီးတော့သွားတာ၊ ချန်ရမှာကတော့ အကြည်ဓါတ်မရောက်တဲ့နေရာ သုံးနေရာချန်တဲ့။ ဆံပင်မွေးညှင်းချန်ထားရမယ်၊ ဓါးနဲ့ရိတ်တာ နာပါ့မလား။ (မနာပါဘူး ဘုရား)။ 

❖ တခါ လက်သည်းခြေသည်း၊ မင်းကွန်းဆရာတော်ကြီးက အမိန့်ရှိတယ် လက်သည်းခြေသည်းတောင်မှပဲဗျာတဲ့ အဖြူမပါဘူးနော်တဲ့။ အဖြူထဲမှာက သွေးနဲ့အတူ အကြည်ဓါတ်တွေပျံ့တော့ကား ထိရင် သိသေးတယ်။ ရှည်ထွက်တဲ့ လက်သည်းခြေသည်းပြောတာတဲ့။ 

❖ ပြီးရင်ဖြင့် အရေးပြားခြောက်တဲ့။ ဆံပင်မွေးညှင်း၊ လက်သည်းခြေသည်း၊ အရေးပြားခြောက်။ ဖနောင့်တွေမှာဆိုရင် ကြာတော့ ဖိပါများတော့ ကျီးပေါင်းတတ်သလို dead cell ခေါ်တာပေါ့၊ ဓါးနဲ့ခြစ်တာ နာပါတော့မလား။ (မနာပါဘူး ဘုရား)။ အဲဒီသုံးနေရာ ချန်တဲ့။ ကျန်တဲ့နေရာမှာ အာရုံကြောတွေက အပြည့်ပဲ နှလုံးသားဘေးအထိ ရှိပါတယ်။ နှလုံးခုန် မရပ်မချင်း သိကိုသိနေမှာပဲ။ 

❖ ကိုယ်မှာဘယ်နေရာထိထိ ဥပမာပြောရအောင်၊ ညဘက်မအိပ်ခင် အမှောင်ထဲမှာ နဖူးလေးခြင်ကိုက်တယ်။ အာရုံကြောအခြေ ထိသောကြောင့် ပူခနဲမသိလိုက်ရဘူးလား။ မကြည့်ဘဲနဲ့ နဖူးနဲ့ခြင်ပုံ ပေါ်မလာဘူးလား။ သိပ်မြန်တာလေ။ ကိုယ်မှာ ဘယ်နေရာထိထိ လောင်လောင် တွေးစရာမပေါ်ဘူးလား။ (ပေါ်ပါတယ် ဘုရား)။ အဲဒါ လက်ခံထားရမယ်။

❖ အခုလည်းပဲ ရှိနေတယ်၊ မျက်စိမှိတ်အသက်ရှူလိုက်တာနဲ့ မျက်နှာအမူအရာ ပေါ်နေပြီ၊ မသေချာဘူးလား။ အဲဒီတော့ မြင်လည်းပဲ တွေးစရာပေါ်တယ်၊ အသံကြားလည်း တွေးစရာပေါ်တယ်။ အနံ့နံလည်း တွေးစရာပေါ်တယ်။ စားရင်လည်း တွေးစရာပေါ်တယ်။ အဲဒါဖယ်ထား။ 

❖ အခုထိုင်နေရင်း မျက်စိခဏမှိတ်လိုက်ပါနော်။ ကိုယ်မှာအပြည့်လောင်နေတာ နေရာမလပ်လောင်နေတာပါတဲ့။ ပျံ့နှံ့တဲ့ အာရုံကြောအဖျားတွေကို ရုပ်ကလေးတွေအားလုံးက ပေါက်ကွဲပျက်စီးတော့ကား တေဇောဝါယောထွက်ပါတယ်။ တရှိန်းရှိန်းနဲ့ လှုပ်လိုက်၊ တင်းလိုက်၊ အေးလိုက်၊ ပူလိုက် သိနေရတယ်။ ရုပ်နာမ်ပေါင်းလောင်နေတာပါတဲ့။ 

❖ မျက်စိမှတ်ခံစားကြည့်ပါ။ တင်းလာလိုက်၊ သိပ်မြန်တယ်။ မျက်နှာ အမူအရာပါ ပေါ်ပေါ်လာပါတယ်။ ရှူဆဲမှာ အမူအရာ တစ်ထပ်တည်းလို သိပ်မြန်တာ။ အလင်းရဲ့အလျင်လိုပဲ ကိုယ်မှာလောင်တာ ဓါတ်ပဲသိရတယ်။ မျက်နှာအမူအရာက ဖွဲ့လို့ ပေါ်တာပါတဲ့။ တောက်လျှောက်ပေါ်နေပါတယ်။ အဲဒါကို အိမ်သည်လို့ခေါ်တယ်။ မပြတ်မလပ်ရှိနေတာ။ 

❖ အိပ်ချိန်နဲ့မိန်းမောချိန်ကလွှဲရင် မပြတ်မလပ်ရှိနေပါတယ်။ ရပြီနော်။ မျက်လုံးပြန်ဖွင့်ကြမယ်။ ပေါ်တာကို ဘုရားက နောက်စိတ်မှာ အမှောင်ဖုံးရင်တဲ့ သတ္တဝါထင်သွားပြီတဲ့။ အကောင်အထည် ထင်သွားပြီတဲ့။ အကောင်အထည်ထင်တာနဲ့ ငါပေါ်လာပြီ။ ငါ့ ပတ်ဝန်းကျင်ပေါ်လာပြီ။ ဒါဆိုရင် ဒီအစပ် ဝေဒနာနှင့်တဏှာအစပ် မပြတ်တော့ဘူးတဲ့၊ ဟိုဖက်ကူးသွားပြီ။ တဏှာအစပ် ဆက်သွားပြီ။

❖ အဲဒီတော့ တွေးပြီပေါ့ ငါ့ပတ်ဝန်းကျင်ပေါ်တော့ ငါ ဘာလုပ်ရအုန်းမယ်၊ ဘယ်လုပ်ငန်းတွေ လုပ်အုန်းမယ်တဲ့ အို သူက တရားဟောပြီတဲ့။ သဘောကျတာကို ဆုံးဖြတ်ချရင် ဥပါဒါန်တဲ့၊ အကောင်အထည်ပေါ်ဖို့ အားထုတ်နော ကမ္မဘဝတဲ့။ သူများအကြောင်းလား ကိုယ့်အကြောင်းလား။ (ကိုယ့်အကြောင်းပါ ဘုရား)။ ဟုတ်တယ်။

❖ အဲဒီတော့ ဥပါဒါန်ကို ပြန်ကြည့်ရမှာနော်။ တဏှာက ခိုင်းတာကို ခံသွားပြီ၊ အ‌ကောင်အထည်ပေါ်ဖို့ ဥပါဒါန်ဖြစ်မှ ကံဖြစ်နေတာကိုး။ ဘုန်းကြီးအခုတရားဟောလည်း ဥပါဒါန်အဆင့်ရောက်သွားမှ အသံထွက်တာလေ။ ရွေးချယ်ရတာ တဏှာအဆင့်က အသံမထွက်သေးဘူးနော်။ ဝစီကံ ထွက်မလာသေးဘူး။ အတွေးစကားပဲရှိသေးတယ်။ 

❖ အကောင်အထည်ပေါ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ကာမှ အသံထွက်တာ။ အခုတရားဟောနေတာ ဘုန်းဘုန်းမှာ ဥပါဒါန်ရှိတယ်။ ကိုယ့်သားသမီးတွေ ဒီနေ့ ဘာဟောရမလဲလို့ ရွေးချယ်ရသေးတာနော်။ သြော် ဒါလေး ရွေးချယ်ပြီးတော့ ဒီတရားဟောရင် ကောင်းမှာလို့။ 

❖ ဘုန်းဘုန်းကလည်း သံဝေဂနည်းနည်းများလာတော့ကား အသက်လေးရတော့ကား တကယ်တော့ ဥစ္စာပစ္စည်းအားလုံးက ရှာတော့ရှာပေါ့နော်၊ ကိုယ့်နောက်မပါပါဘူး။ အချိန်ပေးများသွားရင် အမှောင်ဓါတ်များသွားရင် ကိုယ်ရှုံးမှာပေါ့နော်။ အဲဒီတော့ ကုသိုလ်နဲ့တွဲပြီး ရှာကြပေါ့နော်။ ဆိုလိုတာကတော့ ဇာတိတဖန် ဖြစ်ရမှာကို ကြောက်ရမှာဗျာ။ တဖန်ဇာတိဖြစ်မှာ ကြောက်ရတာ။

❖ ဇာတိဖြစ်လို့ရှိရင် မှတ်ထား ထပ်ပြီးတော့ အို နာ သေ လာအုန်းမှာ။ လောကမှာ ဘယ်ဟာမှ တကယ်တော့ နှစ်သက်စရာ အဆန်းမဟုတ်တော့ဘူး။ ရိုးနေပြီ။ များစွာချမ်းသာဖူးပြီ၊ များစွာဆင်းရဲဖူးပြီ၊ တော်လောက်ပြီလေ ပင်ပန်းလှ‌ပေါ့။ ကုသိုလ်လေးနဲ့တွဲပြီးနေရင် မကောင်းဘူးလား။ အေးအေးချမ်းချမ်းနေတာ ကောင်းတာပေါ့။ နားလည်တယ်နော်။ 

❖ ချဲ့ရင်ချဲ့သ‌လောက်ပေါ့ ရတော့ရတာပေါ့နော်။ ပင်ပန်းတာနဲ့ ချိန်ရတာပေါ့နော်။ ချိန်ဆပေါ့နော်။ ချိန်ဆပြီးတော့ နည်းနည်းအေးအေးချမ်းချမ်းလေးနေရင် မကောင်းဘူးလား။ ရွေးချယ်တာမှန်ရမယ်နော်။ ရွေးချယ်တာ ဉာဏ်ပါမှနော်။ တဏှာတရားဟောကို ဉာဏ်နဲ့ထိန်းချုပ်ရမှာနော်။ 

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

🙏🙏🙏

GIC မိသားစု (၂)ရက်တရားသင်တန်း (၅.၇.၂၀၂၆ - ပထမအချိန်) #သစ္စာလေးပါးတရားတော်မှ စာစီပူဇော်ပါသည်။