တဏှာလာပုံ

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
10/16/2026
တဏှာလာပုံ

တဏှာလာပုံ

▬▬▬▬▬

ပေါ်လာတဲ့အာရုံကို ဆက်ရန်အတွက် ဒီကတဏှာလာဖို့အရေး၊ ထိုထို ပုံသဏ္ဌာန် အရိပ်တွေကို ပထမ အတုံးအခဲ အထည်လို့ ထင်မှတ်ရသေးတယ်တဲ့။ အထင်မှားရသေးတယ်။ ဒီလို အထင်မှားတော့မှ ငါ ငါ့အိမ် ဒီလိုထင်တာ။ သဘောပေါက်ရဲ့လား။ ပေါ်တဲ့ အာရုံအရိပ်ကို အကောင်ထင်သေးတာ၊ ဒီလို အကောင်ထင်တော့မှ ဒါဟာ ငါ့အိမ် ငါ့သားသမီးလို့ သတ်မှတ်တာ။ သဘောပေါက်တယ်နော်။ အဲဒီနှစ်ခုကို ဘုရားရှင်က ဘယ်လိုအမိန့်ရှိလဲဆိုရင် အစိုင်အခဲ၊ အတုံးအခဲလို့ ထင်မှတ်တယ်ဆိုရင် သက္ကာယဒိဋ္ဌိလို့ခေါ်တယ်။ အာရုံသိသဘောလေးကို အကောင်အထည်လို့ ထင်တာနဲ့ သက္ကာယဒိဋ္ဌိလို့ခေါ်တယ်။ သေသေချာချာ မှတ်ပါနော်။ အာရုံသိဆိုတာ ဘာကြောင့်လဲဆိုတာ နောက်တော့ရှင်းပြပါမယ်။ 

တစ်ခါပေါ်တာကို အကောင်အထည်လို့ ထင်တာနဲ့ တစ်ပြိုင်နက် နယ်နိမိတ်ဆိုတာ ပေါ်လာတော့ ငါ ငါ့အိမ်လို့ထင်မှတ်တာ ဒိဋ္ဌိ၊ နယ်နိမိတ်ခြားလိုက်တယ်ဆိုရင် ဒိဋ္ဌိပေါ်တာပဲ။ ဒီတော့မှ တဏှာက ဒီအာရုံကို ကပ်ထားပြီး ဆက်မယ်တဲ့။ ငါ့အိမ်အတွက် ငါပိုင်တဲ့အိမ်အတွက် ဘာလုပ်ဦးမယ်လို့ ဆက်တာ။ ဒီလို ဆက်ပြီးတော့မှ ဆုံးဖြတ်ချက်ကို ချလိုက်တယ်။ ဥပါဒါန်ကိုကူးတော့တာနော်။ ဒါဟာ ငါ့အိမ်ကြီးပဲ၊ ငါ့အိမ်အတွက် ဥပါဒါန်ကိုကူးလိုက်ပြီ၊ လက်ဆင့်ကမ်းပြီးတော့ ဘာလုပ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ရင် နှလုံးအိမ်က အရှိန်ထွက်လာပြီ၊ နားလည်ပြီနော်။ အင်မတန်သိမ်မွေ့တယ်နော်။

ဘုရားရှင်ရဲ့ဉာဏ်တော်ကြီးက အင်မတန်မြင်နိုင်ခဲတဲ့ တရားကို မြင်ခဲ့တယ်။ တဏှာဆိုတာသည် အကောင်အထည် ရှာလို့မရဘူးနော်။ အမြင်မှား အထင်မှား နယ်ပယ်က ဒီတော့ ပေါ်တဲ့အာရုံကို အကောင်အထည် ထင်လိုက်ကာမှ တဏှာကဝင်တာ၊ အာရုံကို ဆက်လို့ရတာ၊ ပေါ်တဲ့အာရုံကို အမှန်အတိုင်းသိလို့ရှိရင် တဏှာဟာ လာလို့မရဘူး၊ နားလည်တယ်နော်။

တဏှာ၊ မာန၊ ဒိဋ္ဌိ တစ်ပေါင်းတည်း

▬▬▬▬▬▬▬▬▬▬▬▬▬

မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ကျေးဇူးနော်။ ဆရာတော်ကြီးက တဏှာရယ်၊ မာနရယ်၊ ဒိဋ္ဌိရယ်ကလည်းပဲ တပေါင်းတည်းပဲတဲ့။ ကိုယ်တိုင်ကိုယ်ဆိုရင် ဒီအမြင်မရဘူးနော်။ ကြိုက်တဲ့စာပေဖတ် တပေါင်းတည်းဆိုတဲ့စကားကို သုံးနိုင်ဖို့ဆိုရင် နောက်ထပ်နှစ်ပေါင်းများစွာ လေ့လာလိုက်ဦး။ မလွယ်ဘူး။ ဆရာတော်ကြီးက ဆရာကောင်းတွေဆီက နှစ်ပေါင်းများစွာ ကျင့်ရင်းနဲ့ ပြောတဲ့စကားမို့လို့ ဘုန်းဘုန်းတို့လဲပြောနိုင်တာ၊ နားလည်ပြီလား။ (နားလည်ပါပြီဘုရား...)။ တဏှာရယ်၊ မာနရယ်၊ ဒိဋ္ဌိရယ်က တစ်ပေါင်းတည်းနော်။ အဲဒီ၃ခုဟာ ခွဲလို့မရဘူးတဲ့။ 

နှုတ်တစ်ရာ စာတစ်လုံး၊ စာတစ်ရာ ပုံတစ်ချပ်၊ ရှေးစကားအတိုင်း ပုံစံထုတ်ရင် ဒီပုံစံဆိုရင် သဘောပေါက်လွယ်မယ်။ (ပုံအညွှန်းပါ)

သူတို့ဝင်လာပြီဆိုရင် သံသရာချဲ့ပြီ၊ သူက အာရုံပေါ်မှာ၊ အမြင်မှားတာ၊ အမြင်မှားတာက အထည်ထင်လိုက်တယ်။ သူ - ငါ ထင်လိုက်တယ်။ သိတဲ့ အာရုံတစ်ခုပေါ်မှာ လက်ခံဆုံးဖြတ်လိုက်တယ်ဆိုရင် ဒီသုံးခု တစ်ခါတည်း ပါသွားတာပဲ။ ထပ်ပြောမယ်၊ အာရုံ လက်ခံဆုံးဖြတ်တဲ့အခါ အရေးကြီးတယ်။ ဒီလို လက်ခံဆုံးဖြတ်တယ်ဆိုရင် အထည်ထင်တယ်။ သူ - ငါ ထင်တယ်ဆိုရင် တဏှာပါတော့မယ်၊ မနိုင်တော့ဘူး။ ဒါဖြင့် အာရုံအပေါ်မှာ “အမှန်အတိုင်း” ဆုံးဖြတ်နိုင်ရင် သူတို့မလာဘူးလို့ မှတ်၊ နားလည်ပြီနော်။

အာရုံအပေါ်၌ အမှန်အတိုင်း ဆုံးဖြတ်နိုင်သော ပညာအလင်း

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

အာရုံအပေါ်မှာ အမှန်အတိုင်း ဆုံးဖြတ်နိုင်တဲ့ပညာက ဘုရားပွင့်မှ ပေါ်မှာနော်။ ဒီတော့ အဲ့ဒီအာရုံကို အမှန်အတိုင်းသိအာင် အာရုံအကြောင်းကို ဘုန်းဘုန်းတို့ လေ့လာလိုက်တဲ့အခါ နံပါတ်(၂)အကွက်ကို ဘုန်းဘုန်းတို့ လေ့လာရမယ်။ အာရုံသည် နံပါတ်(၂)အကွက်မှာပဲ ဘုန်းဘုန်းတို့ အဖြေပေါ်တယ်။ 

ဘုန်းဘုန်းမေးမယ်၊ အိပ်ပျော်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိတိုက်မယ်။ ခြင်ကိုက်တယ်ဆိုရင် မနောအသိ ပေါ်ပါ့မလား။ (မပေါ်ပါဘူး ဘုရား ...)။ သိပါ့မလား။ (မသိပါဘူး ဘုရား)။ သူ့အတွက် အာရုံဆိုတာ ရှိပါ့မလား။ (မရှိပါဘူး ဘုရား...)။ 

ဒါဖြင့် နိုးတဲ့အခါကျ မရှိဘူးလား။ (ရှိပါတယ်ဘုရား...)။ ဘယ်လိုလုပ်သိသွားသလဲ။ နိုးတဲ့အခါ ဒီအာရုံ ဘာလို့သိလိုက်ရတာတုန်း။ ရိုးရိုးလေးပဲ မေးခွန်းတစ်ခုမေးပါမယ်။ ဖြေကြည့်ပါ။ ဆင်ဆိုပါတော့၊ နားထဲမကြားလိုက်ဘူးလား။ (ကြားပါတယ်ဘုရား...)။ မနောမှာရော မပေါ်လိုက်ဘူးလား။ ဒါဟာ ဘယ်လိုလုပ် ပေါ်တာတုန်း။ ဘာလို့ ကြားရတာတုန်း။ ကြားတာနဲ့တပြိုင်နက် မနောမှာဘာလို့ ပေါ်တာတုန်း။ အဖြေရှာပါ။ သူ့ကိုအဖြေမှန်ထုတ်နိုင်ရန် ဟိုဘက်က(၃)အကွက်ကို မကူးနိုင်ဘူး။ တဏှာ မကူးနိုင်ဘူး။ ဘယ်လိုအကြောင်းကြောင့် သိတာတုန်း။ ဘာလို့သိတာလဲ၊ စဉ်းစားနော်။ 

ခုနေ ကိုယ်နေတဲ့အိမ်ကို တွေးလိုက်ပါဦး။ ဘုန်းဘုန်းပြောတဲ့ ကိုယ်နေတဲ့အိမ်၊ ကြားလိုက်တယ်နော်၊ အိမ်ပုံမပေါ်ဘူးလား။ (ပေါ်ပါတယ်ဘုရား...)။ ဘယ်လိုလုပ်ပေါ်ရတာလဲ။ ကလေးတွေလိုဖြေရင် ကြားလို့ပေါ်တာပါ ဘုရားလို့ ဖြေမယ်နော်။ အကြောင်းတော့ရှိပါတယ်။ ဒီအာရုံအကြောင်းကို ကောင်းကောင်းသိရမယ်။ ဘာလို့ပေါ်တာလဲဆိုတာက ဘုရားဉာဏ်တော်နဲ့ အခက်ခဲဆုံး ကျက်စားခဲ့တဲ့နေရာတဲ့။ နံပါတ် ၂အကွက်နော်။ သစ္စာဟာ ဘာသစ္စာလဲ။ (ဒုက္ခသစ္စာပါ ဘုရား...)။ ဒါဖြင့် အာရုံသိဆိုတာသည် ဒီအချက်ပဲ။ ဒီ (၅)ခုပေါင်းစပ်တာတဲ့။ ဒါဟာဘုရားရဲ့အလုပ်၊ ဘုန်းဘုန်းတို့ အလုပ်မဟုတ်ဘူး။ ကိုယ်တိုင် ကိုယ်တရားရှုမှတ်လို့လဲ ပေါက်မယ်မထင်နဲ့။ သိမှာလည်းမဟုတ်ဘူး။ နားလည်ပြီလား။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

🙏🙏🙏

“ဇာတိမလာရေးနှင့် နိဗ္ဗာန်အမြင်” တရားတော်စာအုပ်မှ ကုသိုလ်ယူရိုက်ကူးဖော်ပြခြင်း ဖြစ်ပါသည်။