logo

သစ္စာပါရမီ

ဓမ္မရိပ်သာ

တဏှာပြောတိုင်း လိုက်မလုပ်နဲ့ ကိုယ့်ကိုယ်ကိုယ် ချိန်ဆပါ

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
8/13/2026
တဏှာပြောတိုင်း လိုက်မလုပ်နဲ့ ကိုယ့်ကိုယ်ကိုယ် ချိန်ဆပါ

❖ ကိုယ့်ရှိတဲ့ကုသိုလ်ဓါတ်နဲ့ ဖြစ်ချင်တာနဲ့က အချိုးကျရဲ့လား၊ ချိန်တတ်ရတယ်။ ချိတ်တတ်လို့ရှိရင် မှားစရာမရှိဘူးပေါ့။ ဖြစ်ချင်တာကတော့ ချဲ့တာပေါ့။ တွေးတာပေါ့နော်။ တဏှာအဆင့်က တွေးပေးမှာပဲ။ ကိုယ့်ရဲ့ကုသိုလ်အင်အားနဲ့ ပမာဏနဲ့ ဒီဟာဖြစ်နိုင်သလားဆိုတာကို ဉာဏ်နဲ့နားထောင်ရတာ၊ သုံးသပ်ရတာ။ 

❖ ရှိတယ်ဗျာ သင်္ဘောသားတစ်ယောက် တွေ့ဖူးတယ်၊ အခုတော့ သေသွားရှာကြပါပြီ။ ဘုန်းဘုန်းရယ် ဒကာမက သူလည်းပါပါတယ်၊ အိမ်က အကြီးကြီးဆောက်ချင်တာ၊ သူဌေးလိုပေါ့။ သူ့ သင်္ဘောသားလည်းဖြစ် ပိုက်ဆံလည်းရတယ်ဆိုတော့ စိတ်ကူးယဥ်က ကျယ်သွားတာကိုး။ ဆောက်တဲ့အိမ်ကြီးက မနိုင်မနင်းကြီးဖြစ်နေတာ၊ အကြီးကြီးပဲ။ 

❖ ၁၀နှစ်ရှိနေပြီဘုရား၊ အိမ်မပြီးသေးဘူး၊ ကြွေးက တင်သေးတယ်။ အိမ်ထဲမှာမြှုပ်နေတာ။ သြော် ဆရာတော်ကြီးမှန်တယ်လို့။ တဏှာတရားဟောတာကို ဉာဏ်နဲ့ မထိန်းတာပေါ့။ ချဲ့ချင်တာ လျှောက်တွေးချဲ့မှာနော်။ ငါ့ရဲ့ကုသိုလ်အင်အားနဲ့ ပမဏာနဲ့မျှရဲ့လား၊ တွက်ပါ တွက်ရသေးတယ်။ ဘယ်လောက်ရှိနေပြီ။ ရောဂါလည်း ကြည့်ရသေးတယ်။ သေနိုင်တယ်၊ မသေခင် ဖြစ်ပါ့မလား။ အများကြီးချိန်ဆရတာပေါ့။

❖ ချိန်ဆပြီး လုပ်သင့်မှလုပ်၊ လျော့သင့်လျော့ရတာပေါ့။ မလျော့ရင် ပူလိမ့်မယ်လေ။ ပူမှာ မနိုင်မနင်းဆိုရင် ကုသိုလ်က ရှိတာက ၅၀ ဆွဲအား၊ ချဲ့တာက ၁၀၀ ဆိုရင် ၅၀ ကြွေးတင်မှာပဲ၊ မနိုင်တော့ဘူး။ ပူရလိမ့်မယ်။ တဏှာတရားဟောတာကို ဉာဏ်နဲ့နားထောင်တတ်ရတယ်။ ဒါ ကံအကျိုးပေးပေါ့နော်။ 

❖ ကိုယ့်ကိုယ်ကိုယ် ချိန်ဆကြနော်၊ မမှားတဲ့နည်းနော်။ ဘုန်းကြီးက အမြဲတမ်းကပ်ပြီး မသင်ပေးနိုင်ဘူး။ တခါတည်းမှတ်ထားကြ။ တွေးတိုင်းတွေးတိုင်း ကိုယ့်ဟာကိုယ် စဥ်းစားပြီး ချိန်ကြပါ။ ဘုန်းဘုန်းလည်း အသက်ကရလာတော့ သိပ်လည်း မဟောနိုင် နည်းနည်းပဲ သင်နေရတော့ မမေ့ကြနဲ့နော်။

❖ တခါ ဒီထက်မကသေးဘူးတဲ့၊ ကြိုက်တဲ့ပုံစံ ရောက်လည်းရောက်ရောတဲ့ ဒီပုံစံကို အကောင်အထည်ဖော်မယ် ဆုံးဖြတ်ချက်ချလိုက်တာကို ဥပါဒါန်ခေါ်တယ်။ မပေါ်မချင်းကို အားထုတ်နေတာက ကမ္မဘဝ။ သင်္ဘောသားမိန်းမဆိုရင် ဆုံးဖြတ်ချက်ချထားတာ အိမ်ပြီးအောင်လုပ်မယ်ဆိုတော့ကား မနိုင်တော့ အကြွေးတွေဆွဲ၊ လုပ်ကြတာ။ 

❖ အဲဒါ တဏှာ့ကျွန်လို့ခေါ်တယ်။ မသုံးသပ်တတ်ဘူးလေ။ ပင်ပန်းတာပေါ့။ ကိုယ့်ကိုယ်ကိုယ် ချိန်ဆရတယ်။ အဲဒီအချိန်မှာ ဥပါဒါန်နေရာကို ဆရာတော်ကြီးက ဖျက်ပစ်လို့ရတယ်ဗျာတဲ့။ ဒါပေမဲ့ မသိကြဘူးလေ။ ဖြစ်ချင်တာကြီးကို ကိုင်ထားတော့ကား လုပ်ကိုလုပ်မှဆိုတော့ကား မလျော့တတ်ကြတော့ဘူး၊ ပင်ပန်းကြတယ်။ ဥပါဒါန်ကို ဖျက်လို့ရတယ်။ အဲဒီမှာဖျက်ရင် မှီတယ်လို့ ဆုံးမပါတယ်။

❖ ကလေးတစ်ယောက်ဆို သူပြောပြတာ ဘုန်းဘုန်းက သဘောကျတာ။ သမီးက တရားနာရင်းနဲ့ ရုပ်ရှင်ထဲမှာ အဝတ်လေး လှလှလေးဝတ်တော့ ဒီဇိုင်းလေးသဘောကျပြီးတော့ အတွေးနယ်မှာ ဝတ်ချင်လိုက်တာတဲ့၊ တဏှာအစပ်ပေါ့နော်။ အဲဒီပုံစံကို သူကရွေးချယ်တာ။ အရမ်းသဘောကျပြီး ဆုံးဖြတ်ချက်ချလိုက်တာ။ 

❖ နောက်နေ့ကျ အဖေ့ခေါ်ပြီး ကားနဲ့မြို့ထဲပတ်ရှာတာ ဘုရားတဲ့။ shopping mall လေးငါးခု ပတ်လည်းပတ်ပြီးရော မောတာနဲ့ ကဲ မရနေတော့ဟာလဲ ဆိုလဲဆိုလိုက်ရော အေးအေးချမ်းချမ်း အိမ်ပြန်လို့ရတယ်ဘုရားတဲ့။ ဥပါဒါန်ကို ဖြုတ်လိုက်မှ နေလို့ရတော့တာ။ ကိုယ့်ကိုယ်ကိုယ် ပြင်ရလိမ့်မယ်နော်။ သတိထားရမယ်။ အဲဒီတော့ ချိန်ဆရမယ်။ သဘောပေါက်တယ်နော်။ ကောင်းပြီ။ 

❖ အဲဒီဥပါဒါန် တခါ ပြီးရောလားဆို မဟုတ်ဘူး။ သတ္တိကိန်းပြန်တယ်။ သတ္တိကိန်းတော့ကား အသွေးအသားမှာ ရာနှုန်းက များးသွားပြီလေ။ များတော့ အရှိန်ရအားပြည့်တော့ ဒါပဲထက်ခါထပ်ခါပေါ်မှာတဲ့။ အရက်သမားတွေ အဲဒါ၊ ဘုန်းဘုန်း တပည့်လေးတစ်ယောက်ဆို သေသွားရှာပြီ။ အစက တအားလိမ်မာတဲ့ကလေးလေး။ အပေါင်းအသင်းက အဓိကပေါ့။ 

❖ ပထမတော့ အပျော်သောက်တာပေါ့။ နောက် သွေးကတောင်းတော့ အရက်က လူကို သောက်တော့တာ။ မသောက်ရ မနေနိုင်ဖြစ်။ ဘယ်လိုမှ ပြောလို့မရဘူး။ ပိန်ချုံးလည်း သောက်တာပဲ။ အသည်းတွေယောင်လို့ ဗိုက်ကဖောလည်း သောက်တုံး။ ဆေးရုံမှာမေ့မြောသွား၊ သတိလည်းရလည်းရရော မိန်းမကို ဝယ်ထားလား ထပ်မေးတာ။ မနိုင်တော့ဘူး။

❖ တပတ်လည်တော့ အရှိန်ပြင်းသွားတာကိုး။ အရမ်းကြောက်စရာကောင်းတယ်နော်၊ သတိထားကြပါ။ စိတ်ကလည်း ငါ မဟုတ်ဘူး၊ ရုပ်ကလည်း ငါ မဟုတ်ဘူးလေ။ အဲဒါ ပြောချင်တာနော်။ စိတ်ကလည်း ငါ မဟုတ်ဘူး။ ရုပ်ကလည်း ငါ မဟုတ်ဘူး။ သတ္တိနဲ့ဆိုင်တယ်။ သတ္တိညံ့သွားရင် ညံ့တဲ့စိတ် ထပ်ပေါ်တာပဲ။ မနိုင်တော့ဘူးဗျာ။ အရှိန်ပြင်းသွားရင် ထိန်းရခက်တယ်။ နားလည်တယ်နော်။ သတိမထားကြလို့။

❖ ရုပ်ရှင်ကြည့်စဆိုရင် ကြည့်ပြီးရင် ကြည့်ချင်ရင်း။ ကြာရင် မနိုင်တော့ဘူး။ မကြည့်ရမနေနိုင် ဖြစ်သွားရော။ ကလေးတွေဆိုရင် ဂိမ်းဆော့တာ ဘယ်လိုမှ တားမရဘူး။ ဆော့ပြီးရင်း ဆော့ချင်ရင်း။ သွေးသားထဲကိန်းသွားမှ သတ္တိက ဆော့ပြီးရင်းဆော့ချင်ရင်၊ သတ္တိက ပြန်တောင်းတာလေ။ အဲဒါ သတိထားရမှာ။ အခြေခံအစ အဲဒါပဲ။

❖ ဒါကြောင့် ဘုရားက မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား။ ကိုယ်တွေးတဲ့အတွေးတွေကို သုံးသပ်ရမယ်နော်။ သဘာဝကျကျ စိတ်ကူးတာဟုတ်ရဲ့လားလို့ ဉာဏ်နဲ့ထိန်းချုပ်ရတယ်။ ဖြစ်နိုင် မဖြစ်နိုင် ချိန်ဆရယ်၊ အင်အားနဲ့အသက်နဲ့ ကျန်းမာရေးကအစ ထည့်စဥ်းစားရတယ်။ ဘက်စုံစဥ်းစားပြီးတော့ ဆုံးဖြတ်ချက်ချမယ်ဆိုရင် သတိထားရတယ်။

❖ မရှိမရှာလေးလည်း ကောင်းတာပဲ။ တခါကြရင်။ မျှတရုံလေး ချိန်ဆပေါ့။ ကိုယ့်ရဲ့ပမာဏနဲ့ ကိုယ့်ရဲ့ဉာဏ၊ ခွန်အား အကုန်ပါတယ်နော်၊ ချိန်ဆပြီးတော့ တဏှာပြောတာကို လိုက်မလုပ်နဲ့နော်။ ချိန်ဆပါ။ ဉာဏ်နဲ့ လျော့သင့်ရင်လျော့ တိုးသင့်ရင်တိုး လုပ်ကြပါ။ နားလည်မလား။ ဒါက နံပါတ်တစ်အချက်။

❖ တဏှာလုံးဝမရှိရင်တော့ ကောင်းတာပေါ့။ သူမရှိရင် နိဗ္ဗာန်ပဲတဲ့ဗျ။ ဇာတိမလာဘူးလို့ ပြောတာ။ ဒီတရားက ဇာတိမလာရေးအတွက် ဟောတာလေ။ ဒီခန္ဓာကိုယ်ကြီးက ဇာတိရှိလို့သာ ခန္ဓာကိုယ် ဖြစ်ပေါ်လာရတာလေ။ ဒီခန္ဓာကိုယ်ဖြစ်ပေါ်လာရင် ဝမ်းမီးကလောင်ပြီ။ စားဖို့လို့ ရှာရပြီ။ ကလေးဘဝထဲက စားဖို့လို့ စရပြီလေ။ ဝတ်ဖို့လို့ လိုလာပြီ။ နေစရာလိုလာပြီ။ ကျန်းမာရေး ဆေးဝါးလိုလာပြီ။ ဟုတ်ရဲ့လား။ ခန္ဓာဝန်စပြီလေ။

❖ ဖြည့်ရင်းဖြည့်ရင်းနဲ့ ကုသိုလ်ရှိရင်တော့ ထိုက်သလောက်ရတာပေါ့။ ဘယ်လောက်ဖြည့်ဖြည့် အိုတာကို တားလို့မရဘူး။ ရောဂါလည်း ကြီးတော့ ဝင်လာမှာပဲလေ။ ဟုတ်ရဲ့လား။ ပြီးရင် ရောဂါနိုင်သွား သေမှာပဲဖြစ်တော့ ဒီလိုနဲ့ပဲ ဖွားလိုက်သေလိုက် ဖြစ်နေတာကို ဘုရားက မြင်တော်မူတယ်တဲ့ဗျ။

❖ အဲဒီတာ့ ဒီခန္ဓာကိုယ်ကြီးရဲ့ ဒုက္ခကို ဘုရားကောင်းစွာမြင်သဖြင့် တော်‌လောက်ပြီ၊ ချမ်းသာလည်းစုံပြီ၊ ဆင်းရဲလည်းစုံပြီ။ သဘောပေါက်ရဲ့လား။ စဥ်းစားစဥ်စားနော်။ အရှင်မြတ်ကြီးတွေ ဘာကြောင့် အေးချမ်းလဲဆိုတော့ တဏှာမရှိလို့ အေးချမ်းတာ။ ဖြစ်ချင်တာ မရှိတော့ဘူး။ ဖြစ်ချင်တာ မရှိလို့ အေးချမ်းတာ။

❖ ရှင်သာရိပုတ္တရာဆိုတာက အင်မတန်ချမ်းသာတာ၊ ရှင်မောဂ္ဂလာန်ရော နှစ်ပါးက အင်မတန် ချမ်းသာတာနော်။ စာထဲဖတ်ကြည့်တာ စျာပနပွဲမှာဆို သူ့အမေက ရွှေတွေကို အများကြီးပဲ၊ ပြဿဒ်ကြီးနဲ့ တခါတည်း ပူဇော်တာတဲ့။ သူငယ်ငယ်တုန်းက အပြင်သွားမယ်ဆိုရင်တဲ့ ဟိုတုန်းက ကားအစား မြင်းရထားခေါ်တာပေါ့။ နောက်မှာ အမြဲတမ်း အဖော်တွေက ပါပါလာတာ၊ အခြွေအရံတွေက ၂၅၀၊ ၂၅၀ ပါတာတဲ့။ နောက်မှာ အမြဲတမ်း ၅၀၀ ပါတာလို့ သိရတယ်။ အဲဒီလောက် ချမ်းသာကြပါတယ်။

❖ နောက် သံဝေဂရပြီးတော့ ရဟန္တာသွားတော့ကား တဏှာလုံးဝ မလာတော့ဘူး။ မလာတော့မှ ဥဒါန်းကျူးတယ်တဲ့။ နေ့ခင်းဖက် တရားထိုင်ပြီးတော့မှ အဟော သုခံ၊ အဟော သုခံ - သြော် ချမ်းသာလိုက်တာ ချမ်းသာလိုက်တာတဲ့။ ဘေးက ရဟန်းတပါးက ပုထုဇဥ်ကိုး။ ဘာရှိလို့ ချမ်းသာလဲတဲ့။ သင်္ကန်းလေးသုံးထည်၊ သပိတ်လေးတစ်လုံးနဲ့ ဘာမှလည်း မရှိဘဲနဲ့ ဘာရှိလို့ ချမ်းသာတာလဲတဲ့။

❖ အေးကွာတဲ့ ဖြစ်ချင်တာ မရှိလို့ ချမ်းသာတာတဲ့။ ဘာတဲ့တုံး။ (ဖြစ်ချင်တာ မရှိလို့ ချမ်းသာတာပါ ဘုရား)။ ဖြစ်ချင်တာရှိလို့ရှိရင် တည်ဆောက်နေရပြီလေ။ ဒီပုံစံရ‌အောင် ဘယ်လိုလုပ်ရမလဲ စဥ်းစားရပြီ။ ရှိတဲ့ဥစ္စာ မပျက်စီးအောင် ဆက်ထိန်းရအုန်းမယ်။ နားလည်တယ်နော်။ ရန်သူမျိုးငါးပါးနဲ့ ဆက်ဆံနေတာလေ။ 

❖ ရေဘေးရှိတယ်၊ မီးဘေးရှိတယ်၊ ပြီးရင်ဖြင့် ရန်သူဘေးကလည်း ရှိသေးတယ်၊ မချစ်တဲ့ပုဂ္ဂိုလ်ဘေး ရှိသေးတယ်ဗျာ။ အမွေခံဆိုးကလည်း ရှိသေးတယ်ဗျာ။ မင်းဘေးလည်း ရှိသေးတယ်။ အစုံလေ။ ဒါတွေ အမြဲဆက်ဆံနေရတာ ထိန်းနေရတာ။ ပင်ပန်းတယ်။ ပြီးတော့ အမောဆိုက်တာ အမှန်ပဲ။ 

❖ ရှာရင်းဖွေရင်းနဲ့ အသက်ကကြီးလာ ရောဂါဝင်လာ၊ ဒီလိုနဲ့ပဲ ရှာရင်ဖွေရင်းနဲ့ အသက်ကြီး အမှတ်တမဲ့ သေသွားတာ များတယ်လေ။ အဲဒီလမ်းကြောင်းကို ကိုယ်က သိထားရမယ်။ အဲဒီတော့ အရှင်မြတ်ကြီးတို့ကတော့ အကုန်ထားပစ်ခဲ့ပြီ။ 

❖ တဏှာလည်းကုန်သွားရော ဖြစ်ချင်တာမရှိတော့ အေးချမ်းလိုက်တာတဲ့။ အအေးဓါတ်က ပြည့်သွားတာ။ နှလုံးသားမှာအစ အအေးဓါတ်က ပျံ့နှံ့ပြီး ပြည့်လည်းသွားရော စွမ်းအားပြည့်တော့ ဆွဲအားလည်း အားကောင်းတာပေါ့။ တန်ခိုးကြီးလိုက်တာ၊ ဗြဟ္မာလည်း လာကန်တော့ကြရတာ။ စွမ်းအားပြည့်သွားတာကိုး။ 

❖ လျော့မတွက်နဲ့နော် အရှင်မြတ်ကြီးတွေက၊ ယောဆရာတော်ကြီးက ဆုံးမတာ မသိလို့ပါဗျာ ကမ္ဘာမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးတွေပါဗျာ။ အပြီးသတ်မှာ ဘုရားရှင်ကို ပရိနိဗ္ဗာန်စံခါနီး ဘုရားကို သွားလျှောက်တဲ့အခါမှာ တန်ခိုးပြခိုင်းတာ။ ကြီးကျယ်လိုက်တာ တန်ခိုးပြသွားတာ။ စွမ်းအားအပြည့်ပါပဲ။ ဒါပေမဲ့ တဏှာမရှိတော့ တန်ခိုးနဲ့ ဖန်းဆင်းပြီးတော့ မကြွားပါဘူး။ 

❖ အဲဒီတော့ မလိုချင်လေ တဏှာမရှိလေ တန်ခိုးကြီးလေပဲဗျ။ လူမသိတဲ့ အင်အားတွေအပြည့်ရှိနေတာကို သိကြရမှာ။ အဲဒါ အနှစ်သာရပဲလို့ မှတ်ရတယ်။ ဘုန်းဘုန်းတို့ ဘုရားဟောတဲ့လမ်းကြောင်းက အင်မတန်ရှင်းပါတယ်။ ကိုယ့်သားသမီးတွေ စီးပွားဖြစ်တာကို ဘုန်းဘုန်းက ဝမ်းသာပါတယ်၊ အောင်မြင်လည်း ဝမ်းသာပါတယ်။ 

❖ သို့သော် သတိထားရလိမ့်မယ်။ အသက်ကိုလည်း သတိထားပါ။ သက်တမ်း ဘယ်လောက်ရှည်လဲတွက်။ ကိုယ့်ရဲ့ဉာဏ်အားရော ခွန်အားရော ပြန်ကြည့်ပါအုန်း။ ကုသိုလ်အားတွေ ဖြည့်ကြပါအုန်း။ ကြီးရင်ကြီးသလောက် ကုသိုလ်အားချဲ့လိုက်ပြီး ထမ်းနိုင်မှာဗျ။ ချိန်ဆကြရမယ်။ တဏှာတရားဟောကို ဉာဏ်နဲ့ နားထောင်တတ်ရမယ်ပေါ့။ သဘောပေါက်ရဲ့လား။ နားလည်တယ်နော်။ 

❖ ဘုန်းဘုန်းက သားသမီးတွေကို တခါတည်း သင်ထားပါတယ်။ တချို့လည်း လာလာမေးကြတော့ သဘောပေါက်ပါတယ် စိုးရိမ်လို့မေးကြတာပေါ့နော်၊ လုပ်ငန်းချဲ့ရမလား မေးကြတော့။ ဒီပညာကို ယူထားလေ။ ဘုန်းဘုန်း အမြဲတမ်းအနားမရှိတော့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ကြ၊ ချိန်ဆကြနော်။ ပြင်ကြပါ။ 

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

🙏🙏🙏

GIC မိသားစု (၂)ရက်တရားသင်တန်း (၅.၇.၂၀၂၆ - ပထမအချိန်) #သစ္စာလေးပါးတရားတော်မှ စာစီပူဇော်ပါသည်။