ပေါ်တဲ့အရိပ်ကို တံလျှပ်လိုပါပဲ ပေါ်ရင်းပျောက်နေတယ်လို့ ဉာဏ်ကစိုက်ပြီးသိလိုက်ရင် ပါတ်ဝန်းကျင်ရော၊ ငါရော၊ ပျောက်နေတယ်။ အခု ပြတ်နေမှန်းသိပြီနော်။ ဒီလိုသိလိုက်တာကို လွယ်တယ်လို့ ပြောမှာလား၊ (မပြောပါဘူး ဘုရား.....)။ အာနန္ဒာမထေရ်လိုတော့ လွယ်တယ်လို့ မပြောလိုက်နဲ့နော်။ အခုလို သဘောပေါက်အောင် ပါရမီရင့်ခဲ့လို့ စွမ်းအားကောင်းလို့ သဘောပေါက်ကြတာလို့ မှတ်ပါ။
သို့သော် အတိုင်းအတာအရ ရာခိုင်နှုန်း ပြည့်ချင်မှပြည့်မယ်နော်။ ဒီတရားကို အကြောင်းညီညွတ်လို့ ဘုန်းဘုန်း မသေသေးဘူး ဆိုရင်တော့ ဆက်ဟောဦးမှာပဲ။ အခုတခါ တရားနာတာနဲ့ နောက်တစ်ခါ တရားနာတာ တူမှာမဟုတ်ဘူး။ ပိုပြီးသဘောပေါက်လာလိမ့်မယ်။ သိပ်အံ့သြစရာ ကောင်းတယ်နော်။
ဘုရားရဲ့သာသနာ၊ ဘုရားရဲ့အဆုံးအမတွေဟာ သမုဒ္ဒရာရေလိုပဲတဲ့။ အရသာကတော့ ကမ်းစပ်မှာလဲ အငန်ဓာတ်ရှိတယ်။ ရေလယ်မှာလည်း ဒီအတိုင်းပဲ။ သို့သော် အနက်ချင်းတော့ မတူဘူး။ သဘောပေါက်ရဲ့လား။ တဏှာအစပ် ပြတ်တာတော့ အတူတူပဲနော်။ နိဗ္ဗာန်ပဲနော်။ သို့သော် နက်ရှိုင်းပုံချင်းတော့ မတူဘူး၊ နှစ်ကြာလေ ပိုနက်ရှိုင်းလေပဲနော်၊ သဘောပေါက်ရဲ့လား။
သို့သော် ဒီအသိလေးကိုတော့ လွယ်တယ်လို့ သွားမပြောလိုက်နဲ့။ လွယ်တယ်ဆိုရင် ဘုရားရှင်မေးတဲ့အတိုင်းပဲ မေးရလိမ့်မယ်။ "ပြတ်ပါတော့လား ၊ ချက်ချင်းရဟန္တာပါတော့လား" လို့မေးရလိမ့်မယ်။ အပြီးပြတ်သွားတယ်ဆိုရင် အရဟန္တာလို့ ခေါ်တယ်လေ၊ သဘောပေါက်တယ်နော်။ ဖြတ်နိုင်ပါ့မလား။ မရသေးဘူး။ မေ့ပြီး ပါ-ပါသွားဦးမှာပဲနော်။
သို့သော် ဒါလောက်သိတယ်ဆိုရင်ပဲ ဝမ်းသာရလိမ့်မယ်။ ဒီလောက်သိတယ်ဆိုရင်ပဲ ဘုရားရှင်က အမိန့်ရှိတယ်။ စူဠသောတာပန်ဉာဏ် လို့ခေါ်တယ်။ လူကိုပေးတာ မဟုတ်ဘူးနော်၊ ဉာဏ်ကိုပေးထားတဲ့ အမည်နော်၊ ဘာကြောင့်လဲဆိုတော့ ‘သောတာ’ ဆိုတာ ‘နိဗ္ဗာန်ရေအလျင်’ လို့ ပြောတာတဲ့။ နဂိုရှိပြီးသား လမ်းကြောင်းကြီးနော်။
နဂိုသဘာဝသည် ပေါ်သမျှ ပျောက်ပြတာပဲရှိတယ်။ အထည်သတ္တဝါ မဟုတ်ဘူး။ တံလျှပ်လိုပဲ ပျောက်ပြတာပဲရှိတယ်။ အဲဒီရေအလျင်လို အမြင်မှား အထင်မှားတွေကို ဖယ်လိုက်တဲ့ (ပညာအလင်းနဲ့)။ ‘ပတ္တိ’ဆိုတာ ဉာဏ်နဲ့ထိတွေ့သွားပြီ၊ ဆိုက်တွေ့သွားပြီ။ ရတော့ ရသွားပြီနော်။
အခုနေ မျက်စိမှိတ်ပြီး ကိုယ့်အိမ်တွေ ၊ ကိုယ့်ကိုယ်လုံးတွေကို ဖော်ကြည့်လိုက်ပါဦး။ မဟုတ်မှန်းသိလိုက်ရင် ဉာဏ်နဲ့ထိတွေ့ပြီး ပျောက်သွားတယ်နော်။ တံလျှပ်လို့ သိလိုက်ရင် ပျောက်သွားတယ်။ ဒီလောက်သိဖို့တောင် လွယ်တာမှ မဟုတ်တာ။ ပါရမီဉာဏ်ပါလို့သာ သိရတာလို့မှတ်ပါ။
တစ်လောကလုံး သိမ်းလိုက်လည်းရတယ်။ မျက်စိလေးမှိတ်ပြီး တစ်လောကလုံး ခြုံကြည့်လိုက်၊ ကိုယ့်မျက်နှာကအစ အကုန်လုံးခြုံကြည့်လိုက်၊ ပေါ်တာမြင်ကွင်း တစ်ခုတည်း ဒီမှာပေါ်တာ မဟုတ်လား။ ပေါ်တာကို တံလျှပ်လိုပဲလို့ သိလိုက်တယ်ဆိုရင်ပဲ မြဲမလား ပျောက်မလား... မမြဲဘူး ပျောက်သွားတယ်နော်။ အဲ့ဒီအခါကို တဏှာလာပါ့မလား.... ရတော့ရနေပြီနော်။ သဘောပေါက်တယ်နော်။ သို့သော် အားနည်းတယ်။
ဝိပဿနာဉာဏ် တော့ရပြီ။ လောကီမဂ်ဉာဏ်တော့ ရပြီ။ လောကီမဂ်ဉာဏ်လို့ ခေါ်တယ်တဲ့။ ဒီကစရမှာနော်။ ဒီအချိန်မှာ နိဗ္ဗာန်လို့ရော ဆုံးဖြတ်ချက် မချနိုင်ဘူးလား။ ရဲရဲဆုံးဖြတ်ချက်ချလိုက်ပါ။ အဲဒီလိုမြင်တဲ့ အခိုက်မှာ တဏှာမလာသောကြောင့် နိဗ္ဗာန်ပေါ်သွားပြီ၊ မြင်တာသည် နိဗ္ဗာန် မြင်တာတော့ မဟုတ်ဘူးနော်၊ ခန္ဓာချုပ်တာကို မြင်လိုက်တာ။
ဒီခန္ဓာအပေါင်းအစုရဲ့ သဘောကြောင့် အာရုံသိလိုက်တဲ့အခါ ပျောက်သွားတာနော်။ ပျောက်သွားတာသည် ခန္ဓာချုပ်တာ။ ဘဝတစ်ခုလုံး ချုပ်လိုက်တာ၊ ပြန်မလာတော့ဘူး။ ရုပ်-နာမ် ပေါင်းလောင်းတဲ့ သဘောတရားဟာ ပြန်လာပါ့မလား။ ပြန်မလာတော့ဘူးနော် ။ မလာတာကို နိရောဓ ခေါ်တယ်။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
🙏🙏🙏
“ဇာတိမလာရေးနှင့် နိဗ္ဗာန်အမြင်” တရားတော်စာအုပ်မှ ကုသိုလ်ယူရိုက်ကူးဖော်ပြခြင်း ဖြစ်ပါသည်။

