နမော တဿ ဘဂဝတော အရဟတော သမ္မာသဗ္ဗုဒ္ဓဿ။
ရွှေတိဂုံဘုရား ကုန်းတော်ပေါ်မှာ ဝါတွင်း၃လကို ဟောရက်က(၁၂)ရက် တည်းရှိတာနော်။ ဒါ့ကြောင့် ဆရာတော်ဘုရားကြီးတွေ ဆုံးမခဲ့တဲ့ ဘုရားဟောတရားတော်တွေကို လက်လှမ်းမီသရွေ့ ပြန်ပြီးသင်ပေးပါမယ်။ ဝီရိယ စိုက်ပြီး ကြိုးစားနာယူကြပါ။
ဘုရားရှင်ရဲ့ အလိုဆန္ဒအရ အဓိက (၂)ပိုင်းရှိပါတယ်။ မသေခင်ကာလမှာ ဘုန်းဘုန်းအပါအဝင် ယောဂီတွေအားလုံး လောကဓံကို ခံနိုင်ရည်ရှိဖို့နဲ့ သေကာလကျတော့လဲ အပါယ်လေးပါးလွတ်ဖို့၊ နိဗ္ဗာန်ရောက်ဖို့လို့မှတ်ပါ။ တကယ်တမ်း ဝိပဿနာတရားကို အချိန်တိုင်း အချိန်တိုင်း ပွားမယ်ဆိုရင် မနိုင်ကြသေးပါဘူး။ ဒီတော့က ဝိပဿနာတရားရဲ့လွတ်တဲ့အချိန်၊ ကုသိုလ်စိတ်နဲ့နေတတ်ဖို့လဲ လိုအပ်တယ်။ ဒါ့ကြောင့် အခြေခံကုသိုလ်နဲ့ အကုသိုလ် ခွဲခြားသိဖို့ဆိုတာ လိုအပ်တယ်။ ပြီးတော့မှ ဝိပဿနာပညာကို ရှုတတ်ဖို့လည်းလိုအပ်ပါတယ်။ တစ်နည်းအားဖြင့် အချိန်တိုင်း ဘုန်းဘုန်းတို့လျှောက်တာ လမ်းသုံးလမ်းရှိနေတယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။ လမ်း(၃)လမ်းက အစုန်လမ်း၊ အဆန်လမ်း၊ နိဗ္ဗာန်လမ်း (၃)လမ်းလို့မှတ်ကြပါ။ ဒီဝါတွင်း ဥပုသ်ရက်တွေမှာ အတတ်နိုင်ဆုံး သင်ပေးပါမယ်။
လမ်းပျောက်သူနှင့်ဝိစိကိစ္ဆာ
▬▬▬▬▬▬▬▬▬▬▬
ဝိစိကိစ္ဆာဆိုတာ လမ်းပျောက်နေတဲ့ပုဂ္ဂိုလ်ကို ခေါ်တာပါ။ တောနက်ထဲမှာ မျက်စိလည်နေတဲ့ ပုဂ္ဂိုလ်နဲ့တူတယ်လို့ ဘုရားက ဥပမာပေးခဲ့ပါတယ်။ အရှေ့ အနောက် တောင် မြောက်ဆိုတဲ့ လမ်းတွေကိုမသိတော့ အရှေ့ဘက်ကို အနောက်ဘက်ပါလို့ သူများပြောလဲ သွားရမှာပဲ။ တောင် မြောက်ပြောလဲ လိုက်ရမှာပဲနော်။ အဲဒီလိုပဲ ကိုယ်ကိုယ်တိုင်က ကုသိုလ်၊ အကုသိုလ်၊ နိဗ္ဗာန် လမ်းဆိုတာကို မသိတဲ့သူတွေအဖို့ သူများစကားမှာ လမ်းဆုံးရမှာနော်။ ဒါကိုသိဖို့အရေးကြီးတယ်။ ဝိစိကိစ္ဆာဟာလွတ်ပြီ၊ အခြားအကျင့်နဲ့ နိဗ္ဗာန် ရောက်တယ်ပြောလည်း မယုံတော့ဘူးတဲ့။ အခြေခံ (၃)ချက်ပါတယ်နော်။ ဒါကိုအဓိကထားပြီး သင်ကြားရမယ်နော်။
ဒီလိုသင်တဲ့နေရာမှာ ဘုရားရှင်ရဲ့ ဉာဏ်ကျက်စားရာဖြစ်တဲ့ ဒေသနာတော်ကို အခြေခံရလိမ့်မယ်။ "ဓမ္မဘေရီ" ဆိုတဲ့ ကလောင်ရှင် စာရေးဆရာ ရေးထားတာ မှတ်စရာကောင်းတယ်။ "ကိုယ်တိုင် ကိုယ် တရားဗဟုသုတ ရှာတဲ့အခါ ကောက်သင်းကောက်သလို နေလိမ့်မယ်တဲ့နော်။ သို့သော် ဝါရင့်ဆရာတော်ကြီးတွေရဲ့ သြဝါဒကိုခံယူပြီး လိုက်ရင်တော့ စပါးပုံကြီး ရလိုက်သလိုဖြစ်လိမ့်မယ်တဲ့။" ဆုံးမထားတာ မှတ်သားစရာကောင်းတယ်။ ထေရဝါဒသာသနာဆိုတာ တကယ်တော့ မထေရ်မြတ်တွေရဲ့ သြဝါဒအစဉ်အဆက်ကို ခံယူလာတာနော်။ ဘုန်းဘုန်း ခုပြောတဲ့တရားတွေကလည်း ကိုယ်သိကိုယ်တတ် ဟောတာမဟုတ်ပါဘူး။
ထေရဝါဒသာသနာ
▬▬▬▬▬▬▬▬
ထေရဝါဒသာသနာဆိုတာ သေသေချာချာ မှတ်ပါဦး။ ဘုရားကိုယ်တော်တိုင် နှုတ်ကနေ သင်ကြားတာကို နားနဲ့ဆတ်ဆတ်ကြားရတဲ့ မထေရ်ကြီးတွေ၊ သံဃာတော်ကြီးတွေ စာပေနဲ့ သေသေချာချာဆောင်ထားကြပြီး ကိုယ်တိုင်ကိုယ်ကျ စာပေရဲ့အနက် အဓိပ္ပါယ်ကိုလည်းမှတ်ယူပြီး ကျင့်ကြံကြတဲ့ ရဟန္တာကြီးတွေ၊ မထေရ်ကြီးတွေ ရှိကြတယ်တဲ့။
ဘုရား ပရိနိဗ္ဗာန်စံပြီး နောက်လဲ ကျန်ခဲ့ကြတယ်။ အရှင်မဟာကဿပမထေရ်ကြီးတို့ အာနန္ဒာမထေရ်တို့ ဆိုပါတော့နော်။ ထိုမထေရ်တွေက အဆင့်ဆင့် လက်ဆင့်ကမ်းပေးပြီး သင်ကြရတယ်။ စာပေရော၊ စာပေရဲ့ အနက်အဓိပ္ပါယ်ရော၊ ကျင့်စဉ်ရော သင်ကြားပေးခဲ့တာတွေရှိတယ်။ အဲ့ဒီ ဆရာတော်မထေရ်ကြီးတွေဆီက အဆင့်ဆင့် နည်းနာနိဿယခံပြီး လာခဲ့ကြတဲ့ ရဟန္တာ ကြီးတွေရှိကြပါတယ်။
သီဟိုဠ်ခေတ်ရောက်တော့ ရှင်မဟိန္ဒ၊ ထေရီမသင်္ဃမိတ္တတို့ ကြားဖူးတယ်နော်။ ရဟန္တာကြီးတွေပဲ။ သီဟိုဠ် ကတစ်ဆင့် သထုံဖက်ကို ကူးတော့လဲ အရှင်သောဏ၊ အရှင်ဥတ္တမမထေရ်တို့… အစရှိတဲ့ရဟန္တာတွေ ရောက်လာတယ်။ နောက်သထုံကနေ ရဟန္တာဖြစ်တဲ့ ရှင်အရဟံကလည်း ပုဂံရောက်၊ အဲ့ဒီနောက်ပုဂံကနေပြီး သာသနာပြန့်ခဲ့တာတွေ ကြားဖူးတယ်နော်။ ဘုန်းဘုန်းတို့ သာသနာဟာ ထေရဝါဒသာသနာလို့ခေါ်တယ်။
ထေရဝါဒသာသနာရဲ့ ထူးခြားချက်ဟာ ဘာလဲဆိုတော့ ဒီလို စာပေတွေကို ဆောင်တဲ့အပြင်၊ ကျက်တဲ့အပြင် သူ့ရဲ့အနက်အဓိပ္ပါယ်ကိုလည်း ဂဃဏန ဆရာများအဆက်ဆက် ရအောင်ယူထားတယ်။ ပြီးတော့ ကျင့်ကြံတယ်။ ဒါကြောင့်မို့ ရှေးဆရာများအဆက်ဆက် ဆုံးမခဲ့ကြတဲ့ဆောင်ပုဒ်ရှိတယ်။ "တရားမနာ ၊ စာပေမသင်၊ ပဍိပတ်ကွာ ၊ ဤငါးဖြာ သာသနာကွယ်ကြောင်းတည်းတဲ့” တရားလည်း နာကြရမယ်နော်။ ဒီစာပေတွေကိုလည်း သင်ရမယ်။ ကျင့်ရမယ်နော်။ ဒါဆိုရင် သာသနာမကွယ်ဘူး။ နားလည်ပြီနော်။ ဒီတော့ ဘုန်းဘုန်းတို့ ၊ အစဉ်အဆက် နည်းခံခဲ့တဲ့အတိုင်း သင်ကြရမယ်။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
🙏🙏🙏
“ဇာတိမလာရေးနှင့် နိဗ္ဗာန်အမြင်” တရားတော်စာအုပ်မှ ကုသိုလ်ယူရိုက်ကူးဖော်ပြခြင်း ဖြစ်ပါသည်။

