ပါရမီဓာတ်ခံအရေးကြီးပုံ

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
10/23/2026
ပါရမီဓာတ်ခံအရေးကြီးပုံ

အသက်ရှုလိုက်တယ်ဆိုရင် ကိုယ်မှာထိတာနဲ့ မျက်နှာ ကိုယ်အမူအရာ အရိပ်ဟာ တံလျှပ်လိုပဲလို့ ဆုံးဖြတ်ရမယ်။ ငါလို့ ပြာပါတော့မလား? (မပြောပါဘူး ဘုရား....)။ ကျွန်တော်ဟာ ခင်ဗျားနှာခေါင်းပါလို့ ပြောရဲ့လား? ငါလို့ရော ဝန်ခံရဲ့လား? (ဝန်မခံပါဘူးဘုရား....)။ ပြီးရင် တံလျှပ်ကဲ့သို့ အနှစ်သာရရှိပါ့မလား။ အဲဒီအတိုင်း သိလိုက်တယ် ဆိုရင် အာရုံဟာ မတည်မြဲတော့ဘူး။ ပျောက်သွားတယ်။ ပျောက်သွားပြီဆိုရင် ငါ-သူ မရှိသောကြောင့် မာနရော လာပါ့မလား၊ (မလာပါဘူး ဘုရား.....)။ မလာရင် တဏှာရော လာလို့ရပါ့မလား။ (မရပါဘူး ဘုရား......)။ ဒီလောက်သိတယ်ဆိုရင် နိဗ္ဗာန် ပေါ်သွားပြီ၊ ရပြီလား။

ဒါဖြင့်၊ အရှင်ဘုရားလွယ်လှချည်လား၊ အခုပဲ ပေါ်တယ်ဆိုတော့ မြန်လှချည်လားလို့ အောင်းမေ့မယ်နော်၊ တကယ်တော့ ဒါတွေသိလို့ရတာနော်။ ဒီအသိရတယ်ဆိုရင် ရပြီ။ ဒီအသိမရသေးရင်တော့ နိဗ္ဗာန်ပေါ်မှာ မဟုတ်ဘူးနော်။ အရှင်ဘုရား… ဒီအသိဟာလည်း အရှင်ဘုရားပြောတော့ လွယ်လွယ်လေးပါလားလို့ အောက်မေ့တယ်၊ မလွယ်ဘူး။ ဘုန်းဘုန်း ဒီပုံစံလေးနဲ့ ဒီအသိဟောနိုင်ဖို့ အချိန်အများကြီးပေးပြီး ကြိုးစားလေ့လာခဲ့ရတယ်။ နောက်စာပေတွေလည်း လေ့လာခဲ့ရတယ်။ အထူးသဖြင့် ရဟန္တာ သမုတ်ခံရတဲ့ မထေရ်ကြီးတွေရဲ့ သြဝါဒတွေကိုလည်း ခံယူရတယ်။ အကုန်ညှိရတယ်။ ဒီလိုညှိပြီး နှစ်ပေါင်းအကြာကြီး စုဆောင်းတော့မှ ဒီဟောစဉ်ကို ဖော်ထုတ်နိုင်တာပါ။

အခုဟောစဉ်လေးရဖို့အတွက် အလွယ်လေးရတာ မဟုတ်ပါဘူး။ အများကြီး ရှာထားရတာ နားလည်ပြီနော်။ ဒီလိုနှစ်တွေ အများကြီးစုထားခဲ့တာကို တစ်ထိုင်တည်းပြန်ပြီး ဖောက်သည်ချတာ ပြန်ပေးနေတာမှတ်။ အာနန္ဒာမထေရ်လိုတော့ မပြောရဘူးနော်။ (အရှင်မြတ်က ခန္ဓာငါးပါးဆိုတာသည် ဒါပဲဆိုတာကို သိသွားပြီတဲ့၊ ပြန်ရေကြည့်ကြ....။ ရုပ်၊ ဝေဒနာ သညာ၊ သင်္ခါရ၊ ဝိညာဏ် ပါနေတယ်နော်။ အဲ့ဒါကို တစ်ဖက်ကကြည့်ပြန်တော့ ဝိညာဏ်ပါမနေဘူးလား။ ဒါကနာမ်၊ ဒါကရုပ် ၊ နာမ်-ရုပ် ပါမနေဘူးလား။ (ပါနေပါတယ်ဘုရား.....)၊ 

အာယတနဆိုတာ စိတ်-စေတသိက် ဖြစ်ခွင့်ရတဲ့အကြောင်း၊ အာရုံ-ဒွါရကို ပြောတာနော်။ ဒါလည်းပါနေတယ်နော်။ အာယတနခြောက်ပါးကို ပြောတာနော်။ ပေါင်းလောင်တော့ ဖဿရော ပါမနေဘူးလား၊ (ပါနေပါတယ်ဘုရား.... )။ ဝေဒနာလည်းပါတယ်နော်။ ဒါဖြင့် ဒါသည် နံပါတ် (၂) အကွက်ပေါ့။ (တင့်ပါဘုရား....)။ ဒါကဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ တစ်ပေါင်းတည်းပါတယ်။ ရပြီနော်။ အဲဒီလိုပါတာကို အမှန်အတိုင်းပိုင်းခြားသိရင် ဒီက အ- ပြုတ်သွားတယ်။ ဝိဇ္ဇာ အလင်းဖြစ်သွားတယ်။ 

ဒီအလင်းဓာတ်နဲ့ (ဘုရားပေးတဲ့အလင်း)နဲ့ ကြည့်လိုက်တော့ ပုံသဏ္ဍာန် အရိပ်တွေဟာ အကောင်ဟုတ်ပါဦးမလား၊ (မဟုတ်ပါဘူး ဘုရား.....)။ တံလျှပ်လို ၊ မြဲမလား ပျောက်မလား။ (ပျောက်ပါမယ်ဘုရား.....)။ ဒီလိုပျောက်တော့ ဒိဋ္ဌိရှိသေးလား။ (မရှိတော့ပါဘူးဘုရား.....)။ မာနရောရှိသေးလား၊ (မရှိတော့ပါဘူးဘုရား....)။ တဏှာရောရှိသေးလား။ (မရှိတော့ပါဘူးဘုရား......)။ ဒါဖြင့် အစပ်ကဖြတ်တာတော့ အမှန်ပဲ။ အဲ့ဒါကိုသိသွားလို့ အာနန္ဒာမထေရ်က ဘုရားကိုလျှောက်တယ်၊ အရှင်ဘုရား....အလွယ်လေးပါလားလို့သွား လျှောက်တယ်၊ ပြောမိခဲ့တယ်နော်။ ဘုရားက ဒီလိုမဆိုနဲ့ ဒီလိုမဆိုနဲ့တဲ့၊ ငါဘုရားဟောတာသိဖို့အတွက် ကမ္ဘာတစ်သိန်းတောင်မှ ပါရမီဖြည့်ခဲ့ရတယ်တဲ့။ 

(အခုဟောစဉ်ကို ရှင်းရှင်းဉာဏ်မီပြီးသွားတဲ့ ပုဂ္ဂိုလ်တွေလည်း ပါလိမ့်မယ်။ ၅၀% ၆၀% အစရှိသဖြင့် ရာခိုင်နှုန်း အစားစားပါပါလိမ့်မယ်၊ လုံးဝမသိတဲ့ ပုဂ္ဂိုလ်လည်း ပါလိမ့်မယ် အကုန်လုံးမရနိုင်ဘူးနော်။)

ဘုန်းဘုန်းဟောတာကို သဘောပေါက်တဲ့သူရှိသလို သဘောမပေါက်တဲ့ သူတွေလည်း ရှိတယ်။ ဘာကွာလည်းဆိုတော့ ရင်ထဲကအခံကွာတယ်၊ (အသွေးအသားမှာ သတ္တိအခံတွေ လိုတယ်နော်)။ အာနန္ဒာမထေရ်ကျတော့ ဒါနစတဲ့ကုသိုလ် အစွမ်းတွေထည့်ထားတာ၊ အဲ့ဒီအားတွေကြောင့် ဘုရားဟောတာကို သဘောပေါက်တာတဲ့။ ဘုရားကအမိန့်ရှိတယ်။ "လွယ်တယ်ဆိုရင် တဏှာအစပ် အပြီးဖြတ်လိုက်ပါလားတဲ့" တဏှာအစပ် အပြီးဖြတ်တယ်ဆိုတာ ပေါ်ချင်တာ ပေါ်တော့ ပြတ်နေတာကို ပြောတာနော်။

ပြတ်တာက အကောင်အထည် မယူတော့တာကိုဆိုလိုတာ နားကကြားလဲ၊ မျက်စိဖွင့်လဲ၊ အကောင်မယူနဲ့တော့၊ အသက်ရှူလဲ အကောင်မယူနဲ့တော့၊ ပြတ်နေရမယ်။ လုံးဝပြတ်သွားတာကို ပါဠိလို အရဟတ်လို့ သုံးတယ်။ လေ့ကျင့်ခန်း အောင်သွားရင် တောက်လျှောက်ပြတ်သွားတယ်။ ထိုင်ဆဲလဲ ပြတ်နေမယ်၊ ထိုင်ပြီး တစ်ယောက်ယောက်က ဆဲနေလဲ သူ-ငါ မပေါ်တော့ ပြတ်နေရမယ်၊ ရှုနေရမယ်။ အဲဒီလေ့ကျင့်ခန်းကို အောင်-အောင် လေ့ကျင့်ရမယ်နော်။ ဘုရားက အမိန့်ရှိတယ်။ "သင်ဟာ လွယ်တယ်ဆိုရင် ရဟန္တာဖြစ်ပါတော့လားတဲ့"။ ဒီတော့မှ အာနန္ဒာမထေရ် မာန်ကျတယ်တဲ့။ ချက်ချင်းတော့ မရနိုင်သေးဘူးနော်။ 

"နည်းတော့”သိသွားပြီနော်၊ မဟုတ်မှန်းသိရင် ပြတ်တာတော့ နည်းသိသွားပြီ။ ပြတ်တယ်ဆိုရင် ဆက်ခံစားနေစရာ အကြောင်း ဘာမှမရှိတော့ဘူးလေ လွတ်ပြီမဟုတ်လား။ အခုနေ သေသွားတဲ့အမျိုးထဲက အင်မတန်ချစ်တဲ့အမျိုးပုံကို ဖော်ကြည့်ပါ။ ဒီအခါ အရိပ်ကလေး မျက်လုံး မျက်ခုံး ပုံပေါ်မလာဘူးလား။ (ပေါ်လာပါတယ်ဘုရား...)။ ပေါ်တာကို နောက်စိတ်က တံလျှပ်လိုသိပြီး ရှုနော်၊ မရှုရင် မေးတွေတင်းပြီး မျက်ရည်ကျလိမ့်မယ်။ ဓာတ်လိုက်သလိုပဲ အင်မတန်မြန်တယ်။ 

တဏှာ၊ ဥပါဒါန်၊ ကံဆိုတာသည် လျှပ်စစ်ဓာတ်လိုက်သလိုပဲ အင်မတန်မြန်တယ်။ သဘောပေါက်ရဲ့လား။ အမြင်မှားလိုက်တယ်ဆိုရင် တန်းထိတော့တာပဲ။ သဘောပေါက်ပြီလား။ ပေါ်တဲ့အရိပ်ကို မဟုတ်မှန်းသိလိုက်ရင် မျက်နှာရော အဲ့ဒီအရိပ်ရော ပျောက်သွားတယ်။ နို့မဟုတ်ရင်တော့ မျက်ရည်ကျပြီ။ သဘောပေါက်တယ်နော်။ သေသူရဲ့လက်ရာ၊ ခြေရာလေးတွေမြင်ပြီးတော့ ပုံတွေပေါ်ပြီး ဆက်တယ်ဆိုရင် ဒီပုဂ္ဂိုလ်ဟာ နိုင်ပါဦးမလား။ မနိုင်မှာသေချာတယ်။ ဒီအဆက်မဖြတ်သေးဘူး။ အရိပ်ကို အကောင်ထင်တာနဲ့ သွားတာပဲ။ 

ပေါ်တဲ့အရိပ်ကို တံလျှပ်လိုပါပဲ ပေါ်ရင်းပျောက်နေတယ်လို့ ဉာဏ်ကစိုက်ပြီးသိလိုက်ရင် ပါတ်ဝန်းကျင်ရော၊ ငါရော၊ ပျောက်နေတယ်။ အခု ပြတ်နေမှန်းသိပြီနော်။ ဒီလိုသိလိုက်တာကို လွယ်တယ်လို့ ပြောမှာလား၊ (မပြောပါဘူး ဘုရား.....)။ အာနန္ဒာမထေရ်လိုတော့ လွယ်တယ်လို့ မပြောလိုက်နဲ့နော်။ အခုလို သဘောပေါက်အောင် ပါရမီရင့်ခဲ့လို့ စွမ်းအားကောင်းလို့ သဘောပေါက်ကြတာလို့ မှတ်ပါ။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

🙏🙏🙏

“ဇာတိမလာရေးနှင့် နိဗ္ဗာန်အမြင်” တရားတော်စာအုပ်မှ ကုသိုလ်ယူရိုက်ကူးဖော်ပြခြင်း ဖြစ်ပါသည်။