★ မုဒိတာအကြောင်း ဘုန်းဘုန်းတို့ သိပ္ပံနည်းကျ ဗီဒီယို clip လေးတွေ မကြည့်ခင်မှာ မုဒိတာလေး ခဏလုပ်ကြည့်ရအောင်။ ၅မိနစ်လောက် မုဒိတာ တရားထိုင်မယ်။
★ ဒီလိုထိုင်တဲ့အခါမှာ ကိုယ်ငယ်ငယ်တည်းက စပြီးတော့ အခု ဒီအခြေအနေထိရောက်အောင် ကိုယ်ဘာတွေကြိုးစားခဲ့တယ်ဆိုတာ၊ ကိုယ်ကြိုးစားခဲ့တဲ့အထဲမှာ အခက်အခဲကို ကြိုးစားပြီးတော့ ကျော်လွှားတဲ့ အရာတစ်ခုနှစ်ခု တစ်ချက်နှစ်ချက် ကို ပြန်တွေးပြီးတော့ ကိုယ့်လုံ့လဝီရိယကို အသိအမှတ်ပြုပါ။ နံပါတ်တစ်။
★ နံပါတ်နှစ် အဲဒီလိုကြိုးစားနိုင်အောင် ကိုယ့်ကို မြေတောင်မြှောက်ပေးတဲ့ မိဘ၊ ဆရာသမားတွေ တစ်ယောက်နှစ်ယောက် သူတို့ကို အသိအမှတ်ပြုပေးပါ။
★ ဒီအချိန်မှာ myself နဲ့ the people I know ကိုယ်နဲ့သိတဲ့လူ မုဒိတာလုပ်ဖို့ အရေးကြီးတယ်။ ရန်ဖြစ်တယ်ဆိုတော့ ဘယ်သူနဲ့ဖြစ်တာတုံး။ သိတဲ့လူနဲ့ချည်း ဖြစ်တာ။ jealous ဖြစ်တာ ဘယ်သူနဲ့ဖြစ်တာတုံး။ သိတဲ့လူနဲ့ချည်းဖြစ်တာ။ စကားများတာ သိတဲ့လူနဲ့ချည်းဖြစ်တာ။
★ ဟိုး ယူဂိုဆလားဗီးယားနိုင်ငံအဟောင်းထဲမှာရှိတဲ့ တချို့နိုင်ငံတွေ တချို့ကနိုင်ငံက ပြိုကွဲပြီးတော့ ၆နိုင်ငံ ၇ နိုင်ငံ ဖြစ်သွားတာ။ တချို့နိုင်ငံတွေလေ နာမည်တောင် မမှတ်မိဘူး။ ဘုန်းဘုန်းက ဆားဗီးယားနိုင်ငံမှာ ကျောင်းရှိတယ်။
★ အဲဒီနိုင်ငံကို ဘုန်းဘုန်းက ခဏခဏ ရောက်တယ်။ အဲဒီနားမှာရှိတဲ့ ခရိုအေးရှားတို့ အဲဒါတွေသိတယ်၊ မက်စီတိုးနီးယား သိတယ်။ အဲဒီလောက်ပဲသိတာ။ နောက်ထပ်နိုင်ံ သိပ်မသိဘူး။ အဲဒီ မသိတဲ့နိုင်ငံက လူတွေနဲ့ မန္တလေးမြို့သူမြို့သားတွေ ရန်ဖြစ်ဖို့ဆိုတာ နည်းပါတယ်။ အကုသိုလ် မဖြစ်နိုင်ဘူး။
★ ဖြစ်ချင်းဖြစ် ဘယ်သူနဲ့ဖြစ်မှာတုံးဆို မန္တလေးသား အချင်းချင်းဖြစ်မှာပြ။ ရန်ကုန်သွားရင် ရန်ကုန်က လူတွေနဲ့သိတဲ့အခါကျတော့ သူတို့နဲ့လည်းပဲ ရန်ဖြစ်ဖို့အခြေအနေတွေ တိုးလာတာ။ အဲဒါကြောင့် စိုသောလက် မခြောက်စေနဲ့ဆိုတာ မုဒိတာရှိမှ ဖြစ်ပါတယ်။
★ သူတို့ကြိုးစားတာ အသိအမှတ်ပြုတာ၊ အထူးသဖြင့်ကိုယ့်ရဲ့မိဘတွေ၊ ဆရာသမားတွေ ကြိုးစားတာ၊ ဘယ်သူ ဘယ်လိုကြိုးစားပြီးတော့ ဒီအထိ ရောက်လာတယ်ဆိုတာလေး စဥ်းစားပေးပါ။ ဒီနှစ်ခုကို ၅မိနစ်လောက် မုဒိတာ တရားထိုင်မယ်နော်။
ဝင်လေ ထွက်လေလေး ကျကျနန ရှူသွင်းပါ။
★ အသက်ရှူတဲ့စနစ် အသက်ရှူတဲ့ system - respiratory system ကောင်းကောင်းအလုပ်လုပ်နေတာ၊ အဲဒီဟာလေးကို အသိအမှတ်ပြုပေးပါ။ ဝင်လေထွက်လေ ကျကျနန ရှူရှိုက်ပေးပါ။ လုံလုံလောက်လောက် အသက်ရှူသွင်းပေး။ စိတ်တည်ငြိမ်အောင် လုပ်တာ မဟုတ်ပါဘူး။ ဒီခန္ဓာကိုယ် ကောင်းကောင်းမွန်မွန်အလုပ်လုပ်နေသေးတယ်ဆိုတာကို အသိအမှတ်ပြုတာ။
★ အခုတခါ ကိုယ့်ကိုယ်ကိုယ် မုဒိတာပွားပါ။ ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုတာနော်။ ငယ်ကတည်းကစပြီးတော့ ကိုယ့်အတိုင်းအတာနဲ့ကိုယ် အကိုယ့်အခြေအနေနဲ့ကိုယ် အကောင်းဆုံးကြိုးစားခဲ့တာတွေချည်းပဲ။
★ ကိုယ့်ကိုယ်ကိုယ် ရဲရဲရင့်ရင့် အသိအမှတ်ပြုပါ။ ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုမှ သူများကိုလည်း ရက်ရက်ရောရော အသိအမှတ်ပြုနိုင်တာ။ ကိုယ်ဘာတွေလုပ်ခဲ့တယ်။ ဘာတွေ ကျော်လွှားခဲ့တယ်ဆိုတာ ပြန်တွေးပြီးတော့ ကိုယ့်ရဲ့ လုံ့လ ဝီရိယကို အသိအမှတ်ပြုပေးပါ။
★ အားမနာတမ်း အသိအမှတ်ပြုပါ။ ဘာတွေလုပ်ခဲ့တယ်ဆိုတာ ပြန်တွေးတာ။ အနုဿတိ ကမ္မဋ္ဌာန်းလည်း ဟုတ်ပါတယ်။ မုဒိတာ ကမ္မဋ္ဌာန်းလည်း ဟုတ်ပါတယ်။ အခုတခါ ကိုယ့်ဘဝထဲမှာ ကိုယ်သိခဲ့တဲ့ပုဂ္ဂိုလ်တွေ တစ်ယောက်ကို ပထမဆုံးရွေးပြီးတော့ အသိအမှတ်ပြုပါ။ မိဘလား ဆရာသမားလား။ သူငယ်ချင်းလား။ လုပ်ဖော်ကိုင်ဖက်လား။ အကုန်ရတယ်။
★ ကိုယ့်ကို ဘာလုပ်ပေးလို့ ကျေးဇူးတရားအောက်မေ့ဆိုတာက တစ်ခုပါ။ အဲဒါလည်း မုဒိတာထဲပါပါတယ်။ ဒါပေမဲ့ သူက အပေးအယူ ပေါ်မှာ မူတည်ပြီးတာ့ define လုပ်ထားတဲ့ ဆက်ဆံရေးဖြစ်ပါတယ်။
★ အခုဟာကျတာ့ အပေးအယူပေါ်မှာ မူမတည်ဘူး။ ကိုယ့်ရဲ့မိဘတွေ သူတို့ရဲ့ဘဝကို သူတို့ အောင်အောင်မြင်မြင် ဖြစ်ချင်တဲ့ဆန္ဒရှိတယ်။ အဲဒီဆန္ဒက သူတို့ကြိုးစားမှုအားလုံးရဲ့ အခြေခံပဲ၊ foundation ပဲ။ သမ္မာဆန္ဒ ရှိတယ်ပေါ့။ အဲဒီဟာကို မေတ္တသုတ်ကလည်း ချီးမွမ်းထားတယ်။
★ ပုတ္တဒါရဿ သင်္ဂဟော - မိသားစု တိုးတက်အောင် ကြိုးစားတဲ့လူတွေတဲ့ အဲဒါ မင်္ဂလာတရားပဲ၊ ကုသိုလ်တရားပဲ။ နိဗ္ဗာန်ထိရောက်အောင် သွားနိုင်တဲ့လူတွေ။
★ နောက်ထပ်တစ်ယောက်လောက် တွေးနိုင်လဲရတယ်။ နောက်တစ်ယောက်က ဘယ်သူတုံး။ အဲဒီလိုတွေးနိုင်တယ်ဆိုရင် အခုချိန်မှာ ကိုယ့်ရဲ့ မုဒိတာ အတွေးအကြောင့် ဟော်မုန်းတွေလည်း ပြောင်းပါတယ်။ စိတ်ဖိစီးမှု stress ဖြစ်စေတဲ့ cortisol ဟော်မုန်းတွေ ဒီအချိန်မှာ မဖြစ်ပါဘူး။
★ အဲဒီအစား ပီတိကြောင့် မုဒိတာကြောင့် ဖြစ်တဲ့ serotonin ဟော်မုန်းတွေဖြစ်ပါတယ်။
အချိန်စေ့ပါပြီ။ မျက်လုံးဖွင့်လို့ရပါတယ်။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏
(၁၂.၁၁.၂၀၂၅) မန္တလာတက္ကသိုလ်တွင် ဟောကြားတော်မူခဲ့သော “Fixed Mindset ကို မုဒိတာဖြင့်ကျော်လွှားနိုင်ရေး” ပထမပိုင်း တရားတော် မှ စာစီပူဇော်ပါသည်။
