စိတ်စုစည်းမှုအတွက် ၃ မိနစ် တရားရှုမှတ်နည်း

အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ
10/25/2026
စိတ်စုစည်းမှုအတွက် ၃ မိနစ် တရားရှုမှတ်နည်း

★ ဒီနေ့ တရားပွဲကို ပထမဆုံး စိတ်စုစည်းမှုနဲ့ စတင်ကြရအောင်။ စိတ်စုစည်းမယ် ၃ မိနစ်ပဲ။ ဝင်လေထွက်လေ ကြည့်တဲ့အခါမှာ ရည်ရွယ်ချက်တစ်ခုနဲ့ ဝင်လေထွက်လေ ရှုမယ်။ အဲဒီရည်ရွယ်ချက်က ဘာတုန်းဆိုတာ့ အမေမွေးကတည်းက စပြီးတော့ တစ်ခါမှ မနားရတဲ့ နှလုံးလေ၊ နှလုံးအလုပ်လုပ်တာ သွေးတွေကို တကိုယ်လုံးပို့ပေးတယ်၊ pump လုပ်ပေးတယ်ပေါ့။ 

★ အဲဒီထဲမှာ လေဆိုတဲ့ အောက်ဆီဂျင် ထည့်ပြီးတော့ တကိုယ်လုံးကို ပို့ပေးတယ်။ ဦးနှောက်အထိ ပို့ပေးတယ်၊ အဆုတ်အထိ ပို့ပေးတယ်။ ပြီးရင် ပါးပြင်တွေ ဝါးလို့ရအောင် ပို့ပေးတယ်။ တကိုယ်လုံး သွေးကြောတွေ၊ အစာအိမ်သွေးကြောတွေဆီ ပို့ပေးတယ်။ ဟိုး ခြေဖျားအထိ ခြေထောက်တွေ ဒူးတွေ၊ ကွေးလို့ဆန့်လို့ရအောင် လမ်းလျှောက်လို့ရအောင် ထိုင်လို့ရအောင် ပို့ပေးတယ်။ 

★ ကိုယ့်ရဲ့နှလုံးကို မျက်စိထဲမှာ မြင်အောင်ပြန်ကြည့်။ ပုံထဲမှာ မြင်ရတဲ့အတိုင်းပေါ့နော်။ ကိုယ့်ထဲမှာရှိတဲ့ နှလုံး၊ အဲဒီနှလုံးကို မျက်စိထဲမြင်အောင် ကြည့်ပြီးတော့ အဲဒီနှလုံးကို အောက်ဆီဂျင်ပေးမယ်။ သူ့ရဲ့အလုပ်က အရေးကြီးဆုံး။ သူ့ရဲ့အလုပ်ကို တန်ဖိုးထားတဲ့အနေနဲ့ သူ့ကို ကူညီတဲ့အနေနဲ့ ဝင်လေထွက်လေလေး ရှူပေးနော်။ 

★ ဝင်လေထွက်လေကို ရှူတဲ့အခါမှာ နှလုံးအထိ ရှူပေးတဲ့ ပုံစံမျိုး၊ အေးအေးဆေးဆေး နက်နက်ရှိုင်းရှိုင်း ရှူပေးနော်။ အေးအေးဆေးဆေးနဲ့ နက်နက်ရှိုင်းရှိုင်း၊ တစ်ချက်ရှူရင်ကို ဟိုးနှလုံးအထိ ရှူပေးတဲ့ ပုံစံမျိုး၊ တကိုယ်လုံးကိုရှူပေးတာ။ ဒါပေမဲ့ အဲဒီနှလုံးကိုပဲ အာရုံထားနော်။ နှလုံးမှာ အာရုံထား။ 

★ အဲဒီနှလုံးမှာ အာရုံထားပြီးတော့ အသက်ရှူသွင်းတဲ့အခါမှာ တအောင့်လေး အသက်အောင့်ထားလိုက်၊ ခဏလေးပဲ။ ပြီးရင် အသက်ပြန်ပြီးတော့ ရှူထုတ်။ အသက်ရှည်ရှည်ရှူသွင်းပြီးတော့ ခဏလေးအောင့်ထား၊ ပြီးရင် ပြန်ရှူထုတ်ပါ။ အဲဒီလိုလုပ်ပါ။ 

၃ မိနစ် ဝင်လေထွက်လေ နှလုံးအတွက်ရှူမယ်။ 

★ ပင်ပန်းနေတဲ့ ခန္ဓာကိုယ်၊ လေးလံနေတဲ့ ခန္ဓာကိုယ်ကို စိတ်ထဲမှာ ဒီခန္ဓာကိုယ် ပင်ပန်းလို့၊ အလုပ်လုပ်တာ ပင်ပန်းလို့။ အမေမွေးကတည်းက သူ အလုပ်လုပ်ရတဲ့ ဒီခန္ဓာကိုယ် နားနေတယ်ဆိုတဲ့ ညအိပ်တဲ့အချိန်မှာတောင်မှ တကယ်နားရတာ မဟုတ်ဘူး။ ဒီနှလုံး အလုပ်လုပ်ရတယ်။ တညလုံးလုပ်ရတယ်။ 

★ အလုပ်ပြီးလို့ အိမ်ပြန်တဲ့အချိန်၊ အဲဒီအချိန်လည်း သူအလုပ်လုပ်ရတယ်။ ဒါကြောင့် ခန္ဓာကိုယ်လေးလံနေတယ်ဆိုရင် နားလည်ပေးပါ။ ဒီခန္ဓာကိုယ်ကို နားလည်ပေး။ ဝင်လေထွက်လေ ကျကျနန ရှူပေးနော်။ သူ ပင်ပန်းလို့ပါ ဒီခန္ဓာကိုယ်။ 

★ လေးလံတာ ဘယ်နေရာတွေ လေးလံနေတုန်း၊ ‌ခေါင်းလေးတာလား။ လည်ချောင်းက လေးတာလား။ ပခုံးကလေးတာလား၊ လက်ကလေးတာလား၊ ကျောရိုးဘက်က လေးတာလား။ ဘယ်နားမှာခံစားရတုန်း။ စိတ်မညစ်နဲ့။ လေးလံနေတဲ့ဟာ ဒီရုပ်ခန္ဓာကိုယ်က သူ ပင်ပန်းတယ်ဆိုတာကို ပြောပြတာ။ ကိုယ်ချင်းစာစိတ်နဲ့ကြည့်ပေးပါ။

ကိုယ့်ရဲ့ခန္ဓာကိုယ်ကို မေတ္တာထားပါ။ ကိုယ့်ရဲ့ခန္ဓာကိုယ်က မွေးကတည်းက စပြီးတော့ ခုချိန်အထိ မနေ့မနား အလုပ်လုပ်နေတာကို တန်ဖိုးထားပေးပါ။ တန်ဖိုးထားပေးပါ။ 

ကဲ ၃မိနစ် အချိန်ပြည့်ပါပြီ။ မျက်လုံးဖွင့်လို့ရပါပြီ။ 

ဆက်လက်ဖော်ပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်

ပါမောက္ခ ‌ဒေါက်တာအရှင်ဓမ္မသာမိ

🙏🙏🙏

(၈.၁၀.၂၀၂၆) မန္တလေးမြို့ ကြင်းတော်ယန်ဗုဒ္ဓဘာသာကျောင်းတွင် ဟောကြားတော်မူခဲ့သော “အရေးအကြောင်းနဲ့ဆိုရင် မုဒိတာစိတ်ထားအမြင် အားကိုးလို့ရသလား? - Is Appreciative Mindset of Any Use in Critical Situations?” တရားသင်တန်း (ပထမအချိန်) တရားတော်မှ စာစီပူဇော်ပါသည်။