logo

သစ္စာပါရမီ

ဓမ္မရိပ်သာ

ကုသိုလ်အမြတ်မပါရင် ရှုံးတယ်

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
8/30/2026
ကုသိုလ်အမြတ်မပါရင် ရှုံးတယ်

❖ လုပ်တဲ့အလုပ်အားလုံးဟာ သာသနာနဲ့ယှဥ်ပစေ၊ ကိုယ်လည်း လွတ်မြောက်ရမယ်၊ အများလည်းလွတ်မြောက်ရမယ်ဆို မကောင်းဘူးလား။ စိတ္တသူကြွယ်ကြီးက တအားချမ်းသာတယ်၊ အနာဂါမ်ကြီး‌ဗျ။ သွားလေရာမှာ သူ့ပရိတ်သတ် အပြည့်ပါတာနော်။ အင်မတန် ဘုန်းကံရှိတဲ့ပုဂ္ဂိုလ်ကြီး၊ တအားချမ်းသာတာ။ 

❖ အနာဂါမ်ကြီးက ဘယ်လိုစီးပွားရှာလဲမေးတော့ သာသနာအတွက်ပဲ ဦးတည်တာ။ အားလုံးက တရားနာနိုင်ဖို့ ဘုရားတရားဟောနိုင်ဖို့ ဒီအတွက်ပဲတဲ့။ သူ သွားရင်းလာရင်း ရှာဖွေပြီးတော့ လှူတော့တာပဲ။ လုပ်ရင်းနဲ့ပဲ စီးပွားက မကျတော့ဘူးလေ၊ တက်ပြီးရင် တက်ရင်းပဲ။ မကောင်းဘူးလား။ တဏှာအခိုင်း မခံဘူးနော်။ 

❖ တဏှာက လွတ်လွတ်ကျွတ်ကျွတ်သွားတာ၊ စည်းမဲ့ကမ်းမဲ့ အခြေအမြစ် မရှိတာ၊ ထင်ပေါ်ချင်တာ ကျော်ကြားချင်တာ အကုန်ပါတယ်လေ။ သဘောပေါက်ရဲ့လား။ တဏှာဓာတ်က ကြောက်စရာကောင်းတယ်။ ယောဆရာတော်ကြီးက ဆုံးမတယ်။ အဝိဇ္ဇာကတော့ဗျာတဲ့ အပူလောက ဗိုလ်ချုပ်ကြီးပေါ့ဦ ဥက္ကဌကြီးပေါ့တဲ့။ 

❖ တဏှာက အတွင်းရေးမှူးချုပ်ဗျတဲ့။ သူက တော်တော်ဆိုးတယ်‌ဗျတဲ့။ တစ်ခါတစ်လေကျ သူ ဆိုင်းဘုတ်ခ တောင်းတယ်တဲ့။ ဘာလဲဆိုတော့ လှူရင်တောင်မှပဲ ဆိုင်းဘုတ်ကလေး တင်ပေးတယ်တဲ့။ ဆိုင်းဘုတ်ခ တောင်းတော့ဗျာတဲ့ ရမယ့်ကုသိုလ် တစ်ကျပ်သားမှာ သူက အပြား ၈၀‌ လောက် ထုတ်လိုက်တော့ ၂၀ ဘဲ ကျန်တော့တယ်။ အကြွားအဝါတွေ ပါတာပေါ့နော်။ 

❖ အဲဒီတော့ မာနအကြွားတွေက တဏှာက နေရာယူတတ်တယ်ဆိုတာ သိထားတာနော်။ ဆရာတော်ကြီး သေချာစဉ်းစားပြီးတော့ သြော် တော်လိုက်တာလို့ ကြံဖန်ဟောတတ်တယ်။ ဘာလုပ်လုပ်ပေါ့နော် လုပ်လို့ရှိရင် တဏှာကျွန် မဖြစ်စေရဘူးနော်။ 

❖ သဘာဝတရားက ဘယ်မှ မတောင်းဆိုဘူးလေ။ ဒီအတိုင်းနေတာ။ ခုနက သိနေပြီနော်။ တောင်းဆိုချက်ရှိလား။ (မရှိပါဘူး ဘုရား)။ ဘယ်သွားဦးလို့ ပြောတာပါလား။ မပါဘူးလေ။ အဲဒီတော့ သူက ပုံ‌ပေါ်လာတယ်။ ခိုင်းစရာ ‌ပေါ်ရင် အော် စီးပွားလုပ်မယ်လို့ ပုံပေါ်လာရင် နေဦး ဒါက ဘာအတွက်လဲလို့ ဥပါဒါန် ပြန်ရှာပေါ့။ 

❖ ငါကြွားချင်လို့လား။ ဘာဖြစ်ချင်လို့လဲ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပေါ့။ ကုသိုလ်ပါလား။ အမြတ်ပါလား။ ကိုယ့်ကိုယ်ကိုယ် ကြည့်ရမှာ‌ပေါ့။ ကုသိုလ်အမြတ် မပါလို့ရှိရင် ကိုယ်ရှုံးတယ်လေ။ နားလည်မလား။ ကိုယ်လုပ်မယ့် လုပ်ငန်းမှာ အမြတ်ကို ကြည့်ရသေးတယ်။ ပါရင် လုပ်ပေါ့။ 

❖ ကြွားတာ ဝါတာ၊ ပူစရာပါလာရင် မဟုတ်သေးဘူး။ လုပ်မယ့်လုပ်ငန်း အနေအထားနဲ့ ကုသိုလ်နဲ့ ချိန်ရသေးတယ်။ မချိုးမတည့်ရင် ပူစရာ လာလိမ့်မယ်ပေါ့။ ဒါကို ချိန်ဆပြီးတော့မှ ဖြေးဖြေးမှန်မှန်သွားကြပေါ့။ နားလည်မလား။ လုပ်တတ်ပြီနော်။ သားတို့ သမီးတို့ လုပ်တတ်ပြီနော်။ ကြိုးစားရမယ်နော်။ အဲဒီအတိုင်းပဲ သွားကြ။ ရမလား။ 

❖ သဘာဝတရားကတော့ တောင်းဆိုချက်ရှိလား။ မရှိပါဘူး။ ဘာလုပ်ပါလို့ ပြောလား။ (မပြောပါဘူး ဘုရား)။ မျက်စိခဏ မှိတ်လိုက်ပါအုန်း။ ရှူဆဲအမူအရာလေးကို ပြန်ကြည့်ပါအုန်းနော်။ ကိုယ်မှာလောင်နေတယ်၊ ဓါတ်တွေအပြည့်လောင်နေတယ်။ မနောပွင့်အောင် လောင်ပါတယ်။ မျက်နှာအမူအရာပေါ်ပါတယ်။ 

❖ သို့သော် သတ္တဝါမဟုတ်တော့ ဖွဲ့ရင်းပျောက်တော့ကား ခင်ဗျားမျက်နှာပါ၊ ခင်ဗျားကိုယ်လုံးပါ မပြောပါဘူးတဲ့။ ငါလို့လည်း မအော်ပါဘူး။ လောင်ရင်းနဲ့ငြိမ်းပြတာပဲ ရှိပါတယ်။ ပြင်ပါအုန်း၊ ပြောင်းပါအုန်း၊ တောက်လောက်ပါပြီ၊ ညောင်းပါပြီလည်း မအော်ပါဘူး။ ဘယ်သွားပါအုန်းလဲ မပြောပါဘူးတဲ့။ 

❖ ခိုင်းတတ်တဲ့ ပုဂ္ဂိုလ်သတ္တဝါ မရှိပါဘူး။ တောင်းဆိုချက်လည်း မရှိပါဘူး။ သို့သော်တဲ့ ဝတ္တရားတာဝန်ဆိုတာပေါ်ပါတယ်တဲ့။ ရဟန်းဆိုရင် ရဟန်းတာဝန်၊ ဒကာဆို ဒကာတာဝန်၊ ဆရာဆို ဆရာတာဝန်၊ တာဝန်လေးတွေက ပေါ်ပါတယ်။ လုပ်ဖို့လေးတွေ ပုံစံပေါ်လာရင် တဏှာအခိုင်းမခံဘဲ ဉာဏ်နဲ့ပဲ လုပ်သင့်တယ်ဆိုရင် ရွေးချယ်ရသေးတယ်။ ကုသိုလ်နဲ့တွဲထားမှ အမြတ်ရမှ လုပ်မှာပေါ့။ 

❖ သွားမယ့်လမ်းလည်း ကုသိုလ်ဖြစ်မှသွားမယ်။ အကုသိုလ်ဖြစ်ရင် မသွားဘူးပေါ့။ အမြတ်ရအောင် ယူကြပါလို့ ဆုံးမပါတယ်။ ကိုယ့်ဖို့ကျန်အောင် လုပ်ကြပါတဲ့။ ‌ယောဆရာတော်ကြီးက ဆုံးမတာ၊ ကိုယ့်ဖို့ကျန်မှ ဖြစ်မှာပေါ့။ ရလောက်ပါပြီနော်။ 

❖ ယောဆရာတော်ကြီး ဆုံးမတာ နက်နဲပုံလေး ပြောပြီး နားပေးမယ်နော်။ ဒီကိုယ်လုံးကြီးက ခန္ဓာမီးက ရုပ်နာမ်ပေါင်း လောင်မနေဘူးလား။ (လောင်နေပါတယ် ဘုရား)။ သူက ငြိမ်းပြတာပါ။ သူ့အတိုင်းကတော့ ဒီတိုင်းထားလည်း လောင်နေတာပေါ့နော်။ ဉာဏ်လေးကပ်မယ်ဆိုရင် ဒီဟာက အမြတ်ရတယ်။ သူ့ရဲ့ ငြိမ်းရာကို ဉာဏ်နဲ့ကြည့်လို့ရှိရင် လွတ်မြောက်တဲ့ဉာဏ်ပေါ်ပြီ။ အမြတ်ရတယ်ပေါ့နော်။ 

❖ အဲဒီလို မဟုတ်လို့ဗျာ တဏှာတောင်းတဲ့အတိုင်း စားစရာကျွေးလိုက်၊ ဝတ်စရာတွေ အလှအပတွေ အဆင်းလှတာ အသံသာတာ အနံ့မွှေးတာ သာယာနေမယ်ဆိုရင် ထင်းပုံကြီးကိုတဲ့ မီးစထည့် ရှို့သလို ဘာမှအမြတ်မရဘူးဗျာတဲ့။ ထင်းစယူပြီး ထမင်းအိုးတည်ရင်တော့ဗျာ ကုန်တော့ကုန်တယ် ထမင်းရလိုက်တာပေါ့တဲ့။ 

❖ ခုလည်း အဲဒီအတိုင်းပဲ လောင်တာချင်းတူတူ ကိုယ့်သားသမီးတွေ ဓမ္မဒါန ပြုကြတယ်ဆို ဝမ်းသာနေတာနော်။ ဒီတိုင်းလည်း ကုန်သွားမှာနော်။ ဓမ္မဒါနပြုတယ်ဆိုရင် အချိန်အမျှ လောင်တာမှန်တယ်၊ အများကြီးရလိုက်ပြီလေ။ အဲဒီလို အလုပ်လုပ်ရင်း ရွေးချယ်တာပေါ့။ အမြတ်ရမယ့်ဟာကို ရွေးရတယ်။ 

❖ အချိန်ကုန်တော့ ကုန်သွားမှာနော်။ အမြတ်ရတာကို ရွေးလုပ်ရတာပေါ့။ မေတ္တာပေါင်း အမြတ်ရတာလုပ်ပါ။ ဒီထက်အလွန်တော့ လွတ်မြောက်အောင် မကျင့်သင့်ဘူးလား။ တရားဂုဏ်တော် ၆ ပါးကို ပြန်ဆိုပါအုန်း။ 

“သွာက္ခာတော ဘဂဝတာ ဓမ္မော၊ သန္ဒိဋ္ဌိကော၊ အကာလိကော၊ ဧဟိပဿိကော၊ ဩပနေယျိကော၊ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီတိ။”

❖ နောက်ဆုံးအပိုဒ်လေးက အဲဒါပဲ။ ဘုရားသားသမီးတွေက သူ့အတွက် ကိုယ်တိုင်ကိုယ်ကျ မြင်ပြီးတော့ ဆောင်ထားတာ ရထားကြတဲ့ပုဂ္ဂိုလ်တွေ ခေါ်တယ်နော်။ နားလည်မလား။ ကိုယ်ပိုင်အလုပ်ခေါ်တယ်။ အဲဒါလေးကိုတော့ မပြတ်မလပ် ကြိုးစားပြီပွားပါ။ သီးခြားအချိန် မတောင်းဘူးနော်။ 

❖ မျက်စိခဏမှိတ်လိုက်တာနဲ့ သံဝေဂယူပြီးတော့ ပွားလိုက်ပါအုန်း။ လေးငါးမိနစ်လောက်၊ မကြာပါဘူးနော်။ ပြီးရင်ဖြင့် တာဝန်ရှိရင် ပြောလိုက်ပါအုန်း၊ ဉာဏ်နဲ့ထိန်းပြောပေါ့။ လုပ်ပါ။ သွားရင်းလည်းလုပ်။ စားရင်လည်း သတိလေးကပ်ပြီးတော့ လုပ်ဖြစ်အောင် လုပ်လိုက်ပါအုန်း။ အိမ်သာက်တက်ရင်းအစ လုပ်ရတယ်။ လုပ်ကြပါ။ 

❖ ကြိမ်ဖန်များစွာက ဆက်သွားပါလိမ့်မယ်။ ရလိမ့်မယ်နော်။ ဉာဏ်အားဖြင့် ရင့်ကြပ်လာရင် အမြင်ရှင်းသထက်ရှင်းလာလိမ့်မယ်။ ဒါကိုတော့ အဖော်အဖြစ်နဲ့ ထားသင့်တယ်။ ရမယ်နော်။ ခဏနားပေးမယ်နော်။ လက်အုပ်ချီကြတော့။

❖ ဤကဲ့သို့ ဘုရားရှင် ‌ဟောကြားဆုံးမတော်မူတဲ့အတိုင်း သိ ပယ် ဆိုက် ပွား၊ တပြိုင်တည်း ပြီးတာ အမှန်တဲ့။ ဒီဉာဏ်ဟာ ဝဋ်ကထွက်တဲ့ဉာဏ်လည်း ဟုတ်ပါတယ်။ သံသရာအဆုံးလည်း ဟုတ်ပါတယ်။ ဘဝအဆုံးလည်း ဟုတ်ပါတယ်။ တဏှာမရှိရာ နိဗ္ဗာနဓါတ်လည်း ဟုတ်ပါတယ်။ ဗုဒ္ဓဓါတ်လည်း ဟုတ်ပါတယ်။ မဂ်ဉာဏ်အမှန်ပဲလို့ ယုံကြည်စိတ်ချစွာနဲ့ ကြိမ်ဖန်များစွာ ပွားများကြပါ။

❖ ပွားများအားထုတ်လျှက် ကိုယ့်သန္တာန်ကိန်းတဲ့ ကိလေသာ အမှောင်ဓါတ်တွေ ကုန်ခမ်းစင်ကြယ်လျှက် အရဟတ္တဖိုလ်တိုင် ပေါက်မြောက်ပြီး တဏှာအစပ်ပြတ်ကာ ဇာတိမလာ ခန္ဓာဇာတ်သိမ်းငြိမ်းနိုင်ကြပါစေ။ 

(ဆရာတော်ဘုရားပေးတဲ့ဆုနှင့် ပြည့်စုံရပါလို၏ အရှင်ဘုရား)။

သာဓု၊ သာဓု၊ သာဓု။ 

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

🙏🙏🙏

GIC မိသားစု (၂)ရက်တရားသင်တန်း (၅.၇.၂၀၂၆ - ပထမအချိန်) #သစ္စာလေးပါးတရားတော်မှ စာစီပူဇော်ပါသည်။