❖ နောက်တစ်ယောက်ကျတော့ ရွှေပိုင်တာ ပြောရအောင်နော်။ ရွှေတောင်ပိုင်တဲ့ သူဌေးတစ်ယောက်ကျတော့ သူ့ကို အိမ်ထောင်ချပေးတဲ့ အချိန်မှာ သမီးနှင့်ပေးစား အိမ်ဆောက်ပေးတယ်တဲ့။ အိမ်လည်း အပ်လိုက်ရော ခြေနင်းခုံနင်းလိုက်တာနဲ့ အိမ်နောက်ဖေးမှာ အတောင်ရှစ်ဆယ် ရွှေတောင်ကြီး ပေါ် လာတယ်။ ရွှေသားအတိနဲ့နော်။
❖ အဲ့ ရွှေတောင်ကြီးက သူတစ်ယောက်တည်းဘဲ ချွန်းနဲ့ရိုက်ရင် ရွှံ့လိုပါလာတယ်။ ကြည့်ရင်း ကြည့်ရင်းနဲ့ ပြန်ပြည့်သွားတာတဲ့ မလျော့တော့ဘူးတဲ့ဗျ။ အဲ့တာ ဖတ်ပြီး အဲ့လိုပိုင်ထားရင် ပြီးရောလို့ သားသမီးတွေအတွက်ရော ပူစရာမလိုတော့ဘူးပေါ့နော်။ ပင်ပင်ပန်းပန်း မရှာရဘူးလေ။ ရိုက်လိုက်ရင်း ပြန်ပြည့်ရင်းဆိုတော့ ကြိုက်သလို လှူပေါ့။
❖ အသက်ကြီးတဲ့အခါမှာ ရဟန္တာမယ့် ပုဂ္ဂိုလ်ဆိုတော့ သားသုံးယောက်ကို အမွေပေးတယ်တဲ့။ သားကြီးကို ချွန်းလေးပေးပြီး ပေါက်ကြည့်စမ်းဆိုတော့ မြင်ရတယ် ကိုင်လို့ရတယ် ချွေးပြန်တယ် မရဘူး။ သင်ခန်းစာနော်။ စိတ်က ကြံတိုင်းမရဘူးဆိုတာ အကြောင်းရှိနေတယ်။ ပုံဖော်လိုက်တာ မအောင်မြင်ဘူးဆိုရင် အကြောင်းရှိနေတယ်။ ဒီမှာ ဆွဲအားက အချိုးမတည့်လို့ပေါ့။
❖ ပေါက်လို့မရဘူးဗျ ချွေးပျံလာတယ်။ သားလတ်ကိုလည်း ပေါက်ခိုင်းတော့ သားလတ်လည်း အဲ့လိုဘဲ မြင်ရတယ် ချွန်းနဲ့ ပေါက်တာကျ ချွေးပျံလာတယ် အရာမယွင်းဘူး။ သားငယ်ကျမှ အိခနဲ ပါလာတယ်။ ပြန်ပြည့်သွားတော့မှ ဒါသားငယ်နဲ့ ဆိုင်တယ်ဆိုပြီး သားငယ်ကို ပေးခဲ့ပြီးတော့ ရဟန္တာ ဖြစ်သွားပါတယ်။
❖ အဲ့တာ ဘာကြောင့်လည်း မေးတော့ ခုနက အတွေးပါဘဲနော်။ မျိုးစေ့ချတာ အရေးကြီးဆုံးဘဲဗျာ။ ပြီးခဲ့တဲ့ ဘုရားလက်ထက်တုန်းကတဲ့ ဘုရားပရိနိဗ္ဗာန် စံတဲ့အချိန်မှာ ဘုရားရဲ့ ရုပ်ကလာပ်တော်ကြီးက ဓာတ်တော်ကြီးက ရွှေတုံးကြီး ဖြစ်သွားတာတဲ့။ ခန္ဓာကြီးက ရွှေတုံး တစ်တုံးဘဲ ဖြစ်ခဲ့တာနော်။ အဲ့တာကို ဌာပနာပြီးတော့မှ စေတီတည်ကြမယ်ဆိုတော့ ရွှေအုတ်နဲ့ တည်မှာတဲ့။ တကယ့် ရွှေအုတ်နဲ့ တည်မှာတဲ့နော်။
❖ အဲ့ခေတ်တုန်းက လူတွေက ကုသိုလ်က အရှိန်ရတာကိုး။ နှစ်ပေါင်းက နှစ်သောင်းတန်းတဲ့၊ သက်တမ်းရှည်တယ်။ နှစ်တစ်ရာမှာ ကုသိုလ်ပြုမယ် ကျန်တဲ့ဟာ ၁၉၉၀၀ လောက်ထိ အချိန်ရတာပေါ့။ အဲ့တော့ ဆွဲအားများတော့ ရွှေတွေ တကယ်ပွားတာ တကယ့်ရွှေအုတ်နဲ့ တည်တာ။
❖ သူတို့က ပန်းထိန်သည်မိသားစု ဖြစ်နေတယ်။ ရှိတဲ ရွှေတွေနဲ့လုပ်ပြီး ပူဇော်တာ သူ့ရဲ့ အတွေးနယ် ထဲမှာ ဘုရားအသားတော်က ပြည့်ပြည့်လာတာကို ပုံပေါ်နေတာဘဲ။ အဲဒါကို ပီတိစားနေတာ။ မှတ်ခဲ့နော်။ မျိုးစေ့ အရေးကြီးတယ်။ သူ့ ရှိတဲ့ ရွှေတွေလည်း အကုန်ထည့် အားမရသေးဘူး။ အရပ်ရှစ်မျက်နှာ လှည့်ပြီး အလှူခံပြီးတော့ နေ့တိုင်း လုပ်တာဘဲတဲ့။ နောက်တော့ ဘုရားကြီး ပြီးသွားတယ်တဲ့။
❖ ဌာပနာ ပိတ်ခါနီး ၃ရက် အလိုလောက်ကျတော့ ရဟန္တာတစ်ပါးက အိမ်လာတယ်။ ဒါယကာတဲ့ အုတ်နည်းနည်း လိုတယ်တဲ့။ ဌာပနာ ပိတ်တော့မယ်ပေါ့နော်။ ဘာမှ စိတ်ဆိုးစရာမပါဘူးဗျ။ ဒါပေမယ့်လို့ မိန်းမနဲ့ ရန်ဖြစ်နေတာကိုး။ ဒေါသအပူက အမှောင်ဓာတ်ကြီး ဆိုတော့က ရမ်းပြီးတော့ ပြောချလိုက်တာ ပူရင် မှောင်လာတာလေ။
❖ ကြမ်းတမ်းတဲ့ စကားထွက်တော့ အရှင်ဘုရားတို့ ဘုရား ရေသာ မျောလိုက်တော့တဲ့ ပြောချလိုက်တာ။ သတ္တိကိန်းတာပေါ့။ တွေးသမျှအားလုံးက သတ္တိအကုန်ကိန်းတာလေ။ မိန်းမက ချက်ချင်းသိတယ်။ တော် မိုက်လိုက်တာ ကျုပ်ကိုဘဲ ရိုက်လိုက်ပါ့လား။ ဘာဖြစ်လို့ ဘုရားကို ပြစ်မှားတာလဲ ဆိုတော့ အေး ငါမှားသွားပြီ ဆိုတော့ သတ္တိက ကိန်းသွားပြီလေ။
❖ တန်ပြန်လှိုင်းကလည်း များတော့ သိလိုက်ပြီ သူခံရမှာတော့ သေချာသွားပြီ။ ရဟန္တာကြီး ထိုင်ကန်တော့ပြီး၊ ကယ်ပါဦးဘုရားဆိုတော့ တောင်းပန်ကန်တော့ရင် ပြေပါတယ်တဲ့။ အလှူတော့ ပါပါစေပေါ့လေ။ သူ့ကို ချမ်းသာစေချင်တော့ လုပ်လိုက်ပါဦးကွယ်တဲ့။ ဘုရားကို ရွှေပန်းခိုင်လုပ်လိုက်ပါဦးကွာတဲ့။ အုတ်တွေလှူတဲ့အပြင် သပ်သပ်လှူခိုင်းတာ။
❖ ပြီးတော့မှ အအေးဓာတ်ရအောင် အပူဓာတ်မလာအောင် အဝတ်အစားမချွတ်ဘဲနဲ့ ရေကို စိုအောင်လောင်းတဲ့။ ဆံပင်က အစလောင်းတဲ့။ အေးတဲ့ ခန္ဓာကိုယ်နဲ့ လှူပြီးတော့ တောင်းပန်လိုက်ပါတဲ့။ မှာခဲ့တယ်တဲ့။ အအေးဓာတ်လေး အရေးကြီးဆုံးနော်။ အဲ့မှာ သုံးရက်အတွင်းမှာက အုတ်လည်း လုပ်ရဦးမယ်။ ရွှေပန်းခိုင်လည်း လုပ်ရဦးမယ်။ တစ်ယောက်တည်း မနိုင်ဘူးလေ။
❖ အဲဒီတော့ ဒီသားသုံးယောက်ဘဲတဲ့ ပဋ္ဌာန်းဆက်။ သားကြီးရယ် အဖေ့ကို ကူပါဦးကွယ်လို့ ပြောတဲ့အခါမှာ အဖေ့ကိစ္စ သားကိစ္စ မဟုတ်ဘူးဆိုပြီး ထွက်သွားရောတဲ့ဗျ။ နှလုံးသွင်းတူလား။ သားလတ်လည်း အဲ့တိုင်းဘဲ ထွက်သွားတော့၊ သားငယ်လေးကျမှ သားကိစ္စပေါ့တဲ့ အစက ရောပျော်နေတာကိုးဦ သတ္တိတူတော့နော်။
❖ ပြီးသွားကြပြီတဲ့ လှူတဲ့အခါကျတော့ မိသားစု အကုန်ပါပါတယ်။ အကုန်ပါသွားတော့ ဘုရားကြီးကြည့်ပြီး ပျော်တော့ အကုန်ပါပါတယ်။ ထဲထဲဝင်ဝင်ရတာကတော့ အဖေနဲ့ သားငယ်နဲ့ နှစ်ယောက်ရပါတယ်။ မှတ်ခဲ့နော်။ ဒီဘက်ဘဝ စတော့မယ်နော်။ စတော့ ဒေါသရဲ့ အရှိန် အကုသိုလ်က အရင်လက်ဦးထားတာကိုး။
❖ သေခါနီးမှာ များသောအားဖြင့်က အနာရောဂါနဲ့သေတော့အကုသိုလ်နဲ့ ရောတာပေါ့နော်။ သူဌေးတစ်ယောက်အိမ်မှာ သမီးတစ်ယောက် ရှိတယ်တဲ့။ သမီးလေးကို ချစ်လွန်းအားကြီးတော့ ယောက်ျားမပေးစားရက်ဘူးတဲ့။ ဘုံခုနှစ်ဆင့်ဆိုတာ ခုနှစ်ထပ်တိုက်ပါဘဲ။ တင်ထားပြီးတော့ ယောကျ်ားမသွားရ။
❖ အထိန်းတော်မ တစ်ယောက်တည်း သွားရမယ်။ ရေချိုးလည်း ရေအိုးရွက်သွား။ အထဲမှာ စောင့်ရှောက်ပါဆိုပြီးတော့ အပ်ထားတာ။ အဲ့မှာ ကလေးမလေးက ကိုယ်ဝန်ရှိလာတာတဲ့။ ရှိတော့ အထိန်းတော်မကြီးက ဘယ်သူမှ မပြောရဲဘူးပေါ့လေ။ သမီး ဘယ်လိုဖြစ်တာလဲပေါ့ ဆိုတော့မှ အမေတဲ့ ကလေးအဖေ ပြန်မလာတော့ဘူးတဲ့။ ကိုယ်ဝန်က ရင့်နေပြီ။
❖ ဘယ်သူလဲ သမီးရဲ့ ဆိုတော့ ဇော်ဂျီ ဖြစ်နေတာတဲ့။ ကံအကျိုးပေးက စိတ်ကူးယဥ်ထက် ဆန်းကျယ်ဗျာ။ ပြန်မလာဘူးဆိုတော့ ကဲ အမေဘဲ ရအောင် ဖွားပါဆိုတော့ မသိဘူးတဲ့ အပေါ်ထပ်ဆိုတော့ ဖွားပြီးအပြင်လည်းရောက်ရော ဘယ်လိုလုပ်ကြမလဲပေါ့။ အမေ အကြံပေါ်ပြီတဲ့။ သမီးအတွက် အမေက ရေအိုးရွက်လာရတယ်တဲ့။ အိုးကြီးကြီး ရွတ်လာခဲ့မယ်တဲ့။ မျောလိုက်ရအောင်ဆိုတော့ သဘောတူလိုက်ရတယ်။ စဉ်းစားနော်။
❖ မိခင်မေတ္တာ အကြီးမားဆုံးဆိုတဲ့မိခင်က ကလေးကို ရေမျောခွင့် ပေးလိုက်တာလေ။ ဘာကြောင့်လဲ မေးတော့ မေတ္တာကြီးမားတဲ့ ဘုရားရှင်ကို အချိန်ပိုင်းလေး အချိန်ပိုင်းလေးဘဲနော် ဒေါသနဲ့ ရေသာမျောလိုက်ပါလို့ ပြောလိုက်တဲ့ အားကြောင့် မိခင်တောင် သူ့ကို မေတ္တာပေးလို့ ရသေးလား။ မရတော့ဘူး။ သဘောပေါက်ရဲ့လား။ သိပ်ကြောက်စရာကောင်းတယ်နော်။
❖ ဒေါသနဲ့ ပြောလိုက်တဲ့ အားလေးက ပြန်လာတာလေ။ စက္ကန့်ပိုင်းလေး ပြောလိုက်တာက ဟိုမှာ လချီပြီး ရေမျောခံရတယ်။ သို့သော် ရဟန္တာမယ့် ပုဂ္ဂိုလ်ဆိုတော့ မသေကောင်းဘူးတဲ့ဗျ။ အောက်ဘက်ရောက်တော့ ရေက မျောလာ။ ရေအိုးရွက်တဲ့ ကလေးမလေးတစ်ယောက်က ဆော့ရင်းနဲ့ပေါ့၊ ဒီအိုးငါ့အိုးဟေ့ အိုးထဲပစ္စည်း ငါ့ပစ္စည်းဘဲဆိုပြီး လုကြတာပေါ့။
❖ ကလေးလည်း ပါလည်းပါရော ရုံးရောက်တော့ အိုးနဲ့ ပစ္စည်းသမားက ရစေပေါ့နော်။ သို့သော် ဓာတ်မတူရင် နေလို့မရဘူးတဲ့။ စဉ်းစားကြ။ ဒီတရားပွဲမှာဆိုရင် အရက်သမားတွေ လာရဲပါ့မလား။ (မလာရဲပါဘူး ဘုရား)။ ဘိန်းစားလည်း မလာရဲဘူးနော်။ ဓာတ်တူမှ လာနိုင်တာကိုး။ မှတ်ခဲ့နော်။
❖ အဲဒီမှာ မမွေးနိုင်တော့က အရှင်မြတ်ကြီး ရဟန္တာကြီးတစ်ပါးကို အပ်လိုက်ရတယ်။ ရဟန္တာကြီးက ကြည့်လိုက်တော့ ပါရမီဖြည့်ဘက် ကလေးမလေးရှိတဲ့ သူဌေးအိမ်ကိုအပ်လိုက်တာ။ ကလေးမလေး ပါရမီဖြည့်ဘက်ကလည်း သူဌေးအိမ်မှာ ရှိတော့ သူဌေးကလည်း မွေးစားလိုက်တယ်တဲ့။
❖ ငယ်ငယ်ဘဝ ကလေးဘဝကတော့ ဆော့လိုက်ကြတာ မောင်နှမ အရင်းလိုဘဲ ၁၆နှစ် အရွယ်ရောက်တော့က သူဌေးကြီးမှာက ပြဿနာက ပေါ်တယ်တဲ့ဗျ။ ကုန်တွေ လှောင်ထားတာက သုံးနှစ်စာတဲ့။ ရောင်းမထွက်တော့ အရင်းကလည်း ကုန်သွားတော့ စိတ်ညစ်တာနဲ့။ သားရယ်တဲ့ အဖေ တစ်ညအိပ် ခရီးသွားမယ်ကွာတဲ့။ မင်းရောင်းထားလိုက်ပါလို့ အမိန့်ပေးခဲ့တာ။
❖ နောက်နေ့မနက်ကျတော့ ညီမရေ အကို ရောင်းမယ်ကွာဆိုပြီး ဆိုင်ထိုင်တာ။ ဟိုတုန်းက ရွှေဒင်္ဂါး သုံးတာကိုး။ စိတ်က ရွှေဒင်္ဂါးကို သွားညွှတ်တာကိုး။ သဘောပေါက်လား။ သူ့မှာ ဘုရားကို ရွှေအုတ်နဲ့ လှူထားတာ ရှိတာကိုး။ နှစ်ပေါင်း သောင်းဂဏန်း လှူထားတဲ့အားက နည်းလား များလား။ (များပါတယ်ဘုရား)။ ဓာတ်တွေ ပါလာတာ။
❖ အရပ် ရှစ်မျက်နှာတွေ လှည့်အလှူခံခဲ့တာနဲ့ ဘုရားကို ချစ်တဲ့အားက ရပြီလေ။ နတ်တွေ နေလို့မရဘူး။ အရပ်ရှစ်မျက်နှာက လှည့်ပြီးတော့ ကုန်သည်တွေ မနောတိုက် ခေါ်ချလာတာ တစ်နေ့တည်းနဲ့ ကုန်သွားရော။ ယတြာ ဓာတ် မလိုပါဘူးဗျာ။ အောင်ဓါတ်လိုချင်ရင် ယတြာဓါတ်လိုသေးလား။ မလိုဘူးနော်။ ကိုယ့်သန္တာန်မှာ ကိန်းထားတာ ရှိရင်ရတာဘဲပေါ့။
❖ လိုချင်တာလေးတွေ ရချင်တယ်ဆိုရင် ထပ်ထပ် ဖြည့်ရတယ်။ လိုသေးရင် ထပ်ဖြည့်ပေါ့။ ကျန်တာ မလိုဘူးနော်။ ငါလှူတိုင်းရတယ် မထင်နဲ့။ မရဘူး။ လုပ်တာတွေ အံချော်လာပြီဆိုရင် အော် င့ါကို ဖြည့်ခိုင်းနေပြီလို့ မှတ်ထား။ အဆင်မပြေတာတွေ များလာပြီဆိုရင် ဖြည့်ခိုင်းနေပြီလို့ ကိုယ့်ကိုကိုယ် နားလည်ရမယ်။ ကိုယ့်ကိုကိုယ် ဖြည့်ပေါ့။ ဘုန်းကြီးက လမ်းဘဲ ပြနိုင်တာ ကိုယ်လုပ်မှ ကိုယ်ရမှာ။ သဘောပေါက်ရဲ့လား။ ဖြည့်ကြနော်။
❖ ငွေခက်လာလည်း ငွေထပ်ဖြည့်ပေါ့။ ရွှေနည်းနေ ရွှေထပ်ဖြည့်ပေါ့။ အဆောက်အဦးနဲ့ ပက်သက်နေရင် အဆောက်အဦးနဲ့ ပက်သာတာ ဖြည့်ပေါ့။ ကိုယ့်ဘာကိုယ် ဖြည့်ကြပေါ့။ အခက်အခဲတွေ မရှိရင်လည်း ဖြည့်။ များများကြိုက်ရင် များများဖြည့်ပေါ့။ များတိုင်းကောင်းတာ ကုသိုလ်ဘဲ ရှိတယ်နော်။
❖ အဲဒီမှာ တစ်နေ့တည်း ကုန်သွားတော့ အဖေပြန်လာတော့ ကုန်တွေ မရှိတော့ဘူး။ တစ်ခန်းလုံးပြည့် သုံးနှစ်စာ ရွှေဒင်္ဂါးပုံကြီးနဲ့။ ခေါင်းငြိမ့်တယ်တဲ့။ တော်တော် ဘုန်းကြီးတဲ့ ကလေးဘဲတဲ့။ ပုညက လာတာဘဲတဲ့။ ပုညဆိုတာ ကုသိုလ်ဓာတ်ကို ပြောတာနော်။ အားများတော့ စိတ်တိုင်းကျ ဖြစ်တာကို ဘုန်းကြီးတယ် ခေါ်တာကိုး။ သမီးနဲ့ ပေးစားလိုက်တယ်။ အိမ်ဆောက်ပေးတယ်။
❖ အိမ်တက်လည်း ခြေနင်းခုံနင်းလိုက်ရော ရွှေတောင်ကြီး ပေါက်သွားတာဘဲ။ ခုနက ဇာတ်လမ်း ပြန်ဆက်ပေါ့နော်။ သားငယ်နဲ့ သူနဲ့ဘဲ ထဲထဲဝင်ဝင် ရတယ်လို့ မှတ်ရမယ်။ သဘောပေါက်ပြီနော်။ အဲ့တော့ ကိုယ်လုံးထဲမှာ ဆွဲအားဓာတ် မရှိဘဲနဲ့ လိုချင်တာ ရပါ့မလား။ (မရပါဘူး ဘုရား)။ အခြားယတြာ လိုသေးလား။ (မလိုပါဘူး ဘုရား)။
❖ ဘုရားလည်းဘဲ လိုချင်တာ ကိုယ့်မှာဆွဲအားဓါတ် မရှိရင် ဘုရားလည်းဘဲ မလုပ်ပေးနိုင်ဘူး။ နတ်တွေလည်း မလုပ်ပေးနိုင်ဘူး။ အဝေးကြီးဘဲ။ ပရိက္ခရာအကြောင်း ဖတ်ရင်းနဲ့မှ အဖြေပေါ်တာ။ ဘုရားလက်ထပ်တုန်းကဆိုရင် အချို့ ပါရမီရှင်တွေက တရားနာပြီးရင် ရဟန်းကိစ္စပြီးပြီ ရဟန်းပြုခွင့် တောင်းတဲ့အခါ ဘုရားရှင်က နောက်ကြောင်းပြန်ကြည့်ရတယ်။
❖ သာသနာတွင်းမှာ ပရိက္ခရာ ၈ပါး လှူခဲ့ဖူးတဲ့ ကံတိုင်းကို ဘုရားက ရှာရတာဗျ။ ပါတော့မှ ဘုရားက တန်ခိုးနဲ့ ဧဟိဘိက္ခူလို့ ညွှတ်လိုက်တာနဲ့ ဝတ်ပြီးသား အဆင်သင့် ဖြစ်သွားတာ။ အဲဒီလှိုင်းမရှိရင် ဘုရားလည်း မတတ်နိုင်ဘူး။ ရှာဦးနဲ့ ပြောရတာဗျာ။ ဘုရားတောင် တတ်နိုင်လား။
❖ အဲ့ဒီတော့ နတ်ကလည်း ရှိမှလည်း နတ်က မနိုင်တာ။ ဘုန်းကြီးတို့ကလည်း ဒီမှာရှိမှ မေတ္တာလှိုင်းနဲ့ စုပေးလို့ရတာ။ မရှိရင် ဘုန်းကြီးတို့လည်း မတတ်နိုင်ဘူး။ ဘုရားတောင်မှဘဲ မတတ်နိုင်တာကြီးကို။ မေတ္တာလှိုင်းနဲ့ ဘုန်းဘုန်းတို့က အကြံဉာဏ်ဘဲ ပေးနိုင်တာ။ မေတ္တာက ကာရုံ ကာပေးနိုင်တာ။ ကိုယ့်မှာဆွဲအား ရှိမှ ရမှာကိုး။ သဘောပေါက်ရဲ့လား။ နားလည်ပြီနော်။ ကိုယ်လုပ်မှ ကိုယ်ရတာ။ နားလည်ပြီလား။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
🙏🙏🙏
GIC မိသားစု (၂)ရက်တရားသင်တန်း (၄.၇.၂၀၂၆ - ပထမအချိန်) ချမ်းသာလမ်း တရားတော်မှ စာစီပူဇော်ပါသည်။
မမေသူကိတ်မှ စာစီပူဇော်ပါသည်။
