ကာလသုံးပါးလွတ်မှနိဗ္ဗာန်

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
10/26/2026
ကာလသုံးပါးလွတ်မှနိဗ္ဗာန်

ကျောင်းမှာ အဘွားအိုတစ်ယောက် ကိုယ်မှာရှုတဲ့ အိမ်သည်စိတ်ကိုသင်တော့ သူကမမီလိုက်ဘူး။ နားနဲ့ပတ်သက်ပြီး သင်တာတော့ ကောင်းကောင်း နားလည်တယ်နော်။ "ဘုန်းဘုန်းဘုရား အိမ်ပြန်သွားတော့ ကျန်တဲ့အသံတွေ အကုန်ရတယ်ဘုရား။ ပုရစ်အော်တာကျတော့ ဖြတ်မရတော့ဘူးတဲ့"။ (ပုရစ်က တောက်လျှောက်အော်တဲ့အခါကျတော့ ဖြတ်လို့မရတော့ဘူး) ကျောင်းလာလျှောက်တယ်။ ပြန်သင်ပေးရတယ်။ မရပ်နားပေါ်တဲ့ ခန္ဓာကျတော့ ကာလနဲ့ဖြတ်ရတာကိုး။ ဘုရားဟောအတိုင်းပေါ့။ အတိတ်ကို အစဉ်မလိုက်နဲ့ အနာဂတ်ကို မတောင့်တနဲ့ ပစ္စုပ္ပန်မတင်နဲ့ ဒီလိုသွားရမှာနော်။ ကာလနဲ့ ဖြတ်မှရမယ်။ 

ကိုယ်မှာကျတော့ မရပ်မနားပေါ်တယ်။ အသက်ရှူလဲ သိမနေဘူးလား။ ထုတ်လဲသိတယ်။ ငြိမ်နေလဲ သိတယ်။ မရပ်မနား ပေါ်နေတယ်။ ပုရစ်အော်တာလိုပဲ မရပ်မနားပေါ်နေတယ်နော်။ အဲဒါကို ချုပ်ငြိမ်းတာတွေ့ရင် နိဗ္ဗာန်မြင်ပြီး တဏှာလုံးဝ မလာတော့ဘူး။ သဘောပေါက်ရဲ့လား။ အဲဒါကို ကာလနဲ့ ဖြတ်ရမယ်နော်။ ဒီတော့ အတိတ်ခန္ဓာ အစဉ်မလိုက်ပါနဲ့။ အနာဂတ် မတောင့်တရဘူး။ ပေါ်ဆဲမှာ ပညတ်အထည်ခွာရမယ်။ သတိထားရမှာက ရှူနေဆဲမှာ ဘုရားက ဥပမာပေးသေးတယ်နော်။

ရေပြင်ညီမှာ အရုပ်ရေးသလို ဖြစ်ရမယ်တဲ့။ အာနာပါနသတိ ထိုင်ပြီးရှုတော့မယ်ဆိုရင် ရေပြင်ညီမှာ အရုပ်ရေးသလိုတဲ့နော်။ ရေမှာရေးကြည့်လေ ရေမှာ အရုပ်ထင်ပါ့မလား။ (မထင်ပါဘုရား...)။ နောက်မှာရော ဒီအတိုင်းပဲနော်။ ထိရင်း ပျောက်မနေဘူးလား။ အဲဒါကိုရှုရမှာလေ။ ရှုနေဆဲအချိန်မှာပဲ နောက်မှာ ကျန်ခဲ့ပါ့မလား။ (မကျန်ပါဘုရား...)။ ရှေ့မှာရောရှိပါ့မလား။ (မရှိပါဘုရား...)။

သိ-သဘောတရားလေးကို ပြောတာနော်။ ကာလနဲ့ပိုင်းခိုင်းတာ အပေါင်းအားဖြင့် ခံစားမှုအားလုံးဟာ ရှုနေဆဲမှာပဲ ထိုအချိန်မှာပဲ မြဲမလား၊ ပျောက်မလား၊ (ပျောက်ပါတယ်ဘုရား...)။ ပြန်လာပါ့မလား၊ (ပြန်မလာပါဘုရား...)။ အနာဂတ်မထိရင် သိလို့ရပါ့မလား။ နောက်မှာရောရှိပါ့မလား၊ ပေါ်ရင်လဲ ဖွားသေ ဖြစ်နေတာကြောင့် ကိုယ့်အသေ ကိုယ်မြင်သွားပြီး ဘဝတခုလုံး အသေနော်။ ဒါဆိုရင်လွတ်ပြီ၊ ကျမ်းအရကြည့်လိုက်တော့ "နိဗ္ဗာန်ဆိုတာသည် ကာလသုံးပါးမှလွတ်၏"တဲ့။

အနာဂတ်လည်းမဟုတ်၊ အတိတ်လည်းမဟုတ်၊ ပစ္စုပ္ပန်လည်းမတင် ကာလလွတ်တယ်။ ကာလလွတ်ပြီး ခန္ဓာချုပ်တယ်ဆိုတော့ (အာရုံသိသဘောတွေ ချုပ်တာကို ဆိုတာမှတ်ပါ)။ ဒီတော့ အာရုံကိုချုပ်စပ်တဲ့ တဏှာဆက်စရာ မရှိတော့ဘူး။ အဲဒါမှ အမှန်ဖြစ်လိမ့်မယ်။ လိုက်နိုင်ကြရဲ့လား၊ သဘောပေါက်ကြရဲ့လား။ တရားရဲ့အဆုံးဟာ ဒါပဲနော်။ လိုက်နိုင်ကြရဲ့လား၊ ဉာဏ်ပါးတဲ့ပုဂ္ဂိုလ်လဲ ပါကောင်းပါမယ်နော်။

ဘုန်းဘုန်းတို့မှတ်ရမှာက ဘုရားဉာဏ်တော် ကျက်စားရာ ပြုနိုင်ခဲသောအရာဆိုတာ ဒါပဲနော်။ အာရုံ ဒွါရတိုက်တဲ့အချိန် ပေါ်တဲ့ သိသဘောတရားဟာ အထည်မဟုတ်ကြောင်း ဆုံးဖြတ်ရမှာနော်၊ ဘယ်ဒွါရတိုက်တိုက် မနောမှာ လမ်းဆုံးပဲ ကာလမခြား မနောမှာ လာတာကို မိအောင်ဖမ်းရမှာ။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

🙏🙏🙏

“ဇာတိမလာရေးနှင့် နိဗ္ဗာန်အမြင်” တရားတော်စာအုပ်မှ ကုသိုလ်ယူရိုက်ကူးဖော်ပြခြင်း ဖြစ်ပါသည်။