ကမ္ဘာပြုလက်

ဓမ္မဘေရီဆရာတော်
9/26/2026
ကမ္ဘာပြုလက်

လူငယ်လေးတွေပါဝင်တဲ့ ယောမင်းကြီးလမ်းက ဝါဆိုသင်္ကန်းကပ်လှူပွဲမှာ ပြောခဲ့တဲ့ အနုမောဒနာစကားများကို စာဖတ်သူများလည်း သိစေချင်လို့ အကျဉ်းချုပ် ပြန်ရေးလိုက်ပါတယ်။

          မြန်မာစကားပုံထဲမှာ 'နတ်တို့ ဖန်၊ ရေကန်အသင့် ကြာအသင့်' ဆိုတဲ့ စကားပုံ တစ်ခုရှိတယ်။ ကိုယ်လိုချင်တဲ့အရာတွေ အခက်အခဲမရှိဘဲ လွယ်လွယ်ကူကူနဲ့ရတဲ့ အခါမျိုးမှာ ဝမ်းသာအယ်လဲပြောတဲ့ ဆိုရိုးစကားတစ်ခုဖြစ်မယ် ထင်ပါတယ်။

          ဒီစကားနဲ့ ဆက်စပ်ပြီး လူငယ်များ စဉ်းစားစရာကလေးတွေကို နည်းနည်းပြောချင် ပါတယ်။

          မင်္ဂလာတရားတော်မှာ ကြီးပွားချမ်းသာကြောင်း မင်္ဂလာတရားများအဖြစ် 'ပတိရူပဒေသဝါသောစ၊ ပုဗ္ဗေ စ ကတပုညတာ၊ အတ္တသမ္ဓာ ပဏိဓိ စ'ဆိုပြီး သုံးပါး ဖော်ပြပါတယ်။

- ကုသိုလ်ပညာ ဥစ္စာရဖို့၊ သင့်ရာဒေသ အမြဲနေ။

- ရှေးကတင်ကြို ပြုခဲ့ဖူးသည့် ကောင်းမှုအထူးရှိပါစေ။

- မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့ မတိမ်းစေနဲ့ ဆောက်တည်လေ

          လို့ ဆရာကြီး ဒဂုန်ဦးထွန်းမြင့် ဖွဲ့ဆိုခဲ့တဲ့ အချက်သုံးချက်ပေါ့။ ဒီမင်္ဂလာသုံးပါးကို 'ချမ်းသာကိုပေး နေထိုင်ရေး၊ မျှော်တွေးသုံးချက်ပေ' လို့ ဆိုထားပါတယ်။ ဘဝမှာ ချမ်း ချမ်းသာသာနဲ့ တင့်တင့်တယ်တယ် နေနိုင်ကြောင်းမင်္ဂလာများ ဖြစ်တယ်လို့ ဆိုတာပေါ့။

          ဒီသုံးပါးထဲကို 'သပ္ပုရိသူ ပနိဿယ= ဆရာသမားကောင်း၊ မိတ်ဆွေကောင်းတို့ကို မှီခိုရခြင်း' ဆိုတာ ထည့်လိုက်ရင် အောင်မြင်ပြည့်စုံခြင်းရဲ့ အကြောင်းတရား သမ္ပတ္တိ စက်လေးပါး ဖြစ်သွားပါတယ်။ 'သမ္ပတ္တိစက်'ဆိုတဲ့ အမည်နဲ့လိုက်အောင်ပဲ လောကီ လောကုတ္တရာ စီး ပွားချမ်းသာအားလုံး ပြီးပြည့်စုံစေနိုင်တဲ့ အကြောင်းတရားလေးပါးပါပဲ။

          အစဉ်အတိုင်း ပြောမယ်ဆိုရင်တော့ (၁)သင့်လျော်တဲ့အရပ်မှာ နေရခြင်း၊ (၂)ရှေးကောင်းမှုရှိခြင်း၊ (၃)သူ တော်ကောင်း(ဆရာသမား၊ မိတ်ဆွေကောင်း)ကို အမှီရခြင်း၊ (၄)မိမိကိုယ် စိတ်နှစ်ပါးကို ကောင်းစွာထားခြင်းတို့ ဖြစ်ပါတယ်။ ဒီတရားလေးပါးနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာ ဒီဘဝမှာလည်း ပြည့်စုံ၊ နောက်နောက်ဘဝတွေမှာ လည်း ပြည့်စုံပြီး ပြည့်စုံမှု အဆက်မပြတ် လည်သွားတဲ့အတွက် 'စက္က= စက်' လို့ ဆိုရတာပါ။ စောစောက ပြောခဲ့တဲ့ 'ရေကန်အသင့် ကြာအသင့်'ဆိုတဲ့စကားက ဒီစက်လေးပါးထဲက ပတိရူပဒေသဝါသစက်ကို ရည်ညွှန်းတဲ့စကားပါပဲ။

          ဒီစက်လေးပါးထဲမှာ ပုဗ္ဗေကတ ပုညတာ ဆိုတဲ့စက်ဟာ ပဏာမလိုရင်းဖြစ်တယ်။ အသိဉာဏ်ဦးဆောင်တဲ့ ဉာဏသမ္ပယုတ်စိတ်နဲ့ ကုသိုလ်ပြုထားသူကို အဲဒီဉာဏသမ္ပယုတ် ကုသိုလ်စိတ်က ပတိရူပဒေသ ရောက်အောင်လည်း ပို့ပေးတယ်။ သူတော်ကောင်း အမှီရ အောင်လည်း စီမံပေးတယ်။ မိမိကိုယ်စိတ်ကို ကောင်းစွာထားတတ်အောင်လည်း ပြုလုပ်ပေးတယ်လို့ အင်္ဂုတ္တရနိကာယ်(စတုက္က)နဲ့ ဒီဃနိကာယ် သီင်္ဂီတိသုတ် အဋ္ဌကထာ တို့မှာ ဆိုပါတယ်။

          ဒီလိုဖွင့်ချက်နဲ့ ပတ်သက်လို့ သပြေကန် ပရိတ်ကြီးနိဿယကျမ်းပြု ဆရာတော်က 'အဋ္ဌကထာဆရာ တော်ရဲ့ဖွင့်ဆိုချက်များဟာ ပစ္ဆိမဘဝိက သားလို့ခေါ်တဲ့ ဒီဘဝမှာ မုချရဟန္တာဖြစ်လောက်အောင် ပါရမီပြည့်စုံတဲ့ လက်ဝဲရံ၊ လက်ယာရံ အလောင်းတော် များတို့၊ အင်္ဂုလိမာလတို့လို ပုဂ္ဂိုလ်မျိုးတို့အတွက်တော့ လုံလောက်တန်ရာပါတယ်။ သာမန်ပါရမီရှင် ကုသိုလ်ရှင်များဖြစ်တဲ့ ကုဋေရှစ်ဆယ်သူဌေးသားတို့၊ အဇာတသတ်တို့၊ ရှင်ဒေဝဒတ် တို့လို ပုဂ္ဂိုလ်မျိုးအတွက်တော့ စိတ်မချရသေးပါဘူး။ ရှင်ဒေဝဒတ်ဟာ ပတိရူပဒေသမှာလည်းဖြစ်ရ၊ တကယ့်သပ္ပုရိသဘုရားရှင်ကိုလည်း မှီရ၊ ရှင်ဘုရင့်သား လည်း ဖြစ်တယ်ဆိုကတည်းက ရှေးကောင်းမှုဆိုတာလည်း ရှိခဲ့ပြီးသားပဲ။ ဒါပေမယ့် သတ္တသမ္ဓာပဏိဓိဆိုတဲ့ မိမိရဲ့ကိုယ်စိတ်တို့ကို ကောင်းအောင် ဆောက်တည်နိုင်မှုပျက်တဲ့အတွက် အားလုံးအချည်းနှီး ဆုံးရှုံး ခဲ့ရှာတယ်'လို့ သုံးသပ်ပြခဲ့တယ်။

          ဒီနေ့ တိုးတက်ကြီးပွားလိုတယ်ဆိုတဲ့ လူငယ်များအနေနဲ့ ဒီအချက်အလက်နဲ့ အဆိုအမိန့်များကို ခြုံငုံပြီး စဉ်းစားစေချင်တာကတော့ 'ပတိရူပ ဒေသ'ဆိုတဲ့ နေရာစွမ်း ရယ်၊ 'အတ္တသမ္ဓာပဏိဓိ'ဆိုတဲ့ လူစွမ်းလူစရယ် ဘယ်ဟာက ပိုပြီး အဓိကကျသလဲ ဆိုတဲ့အချက်ပါပဲ။

          'ရေကန်အသင့် ကြာအသင့်'ဆိုတဲ့ ပတိရူပဒေသကို အဓိကထားပြီး ရှာဖွေစောင့်ဆိုင်းနေမယ်ဆိုရင်တော့ လူက ရှေ့ဆောင်၊ နေရာက နောက်လိုက် ဖြစ်လာပါလိမ့်မယ်။ အဲဒီလူမျိုးအတွက်ဆိုရင် ပင်ကိုသဘာဝအရ ရေကန်အသင့် ကြာအသင့်ဆိုတဲ့ နေရာမျိုးကို မျှော်ကိုးရှာဖွေဖို့ မလိုပါဘူး။ မိမိရောက်တဲ့နေရာမှာ ရေကန်တည်ဆောက်ပြီး ကြာပေါက်အောင်လုပ်နိုင်ပါတယ်။

          မိမိတို့ရဲ့ အိမ်နီးနားချင်းဖြစ်တဲ့ စင်ကာပူနိုင်ငံဆိုတာ ပင်ကိုသဘာဝအနေနဲ့ 'ရေမရှိ ကြာမရှိ'လို့ ဆိုရလောက်အောင် သဘာဝသယံဇာတ ရှားပါးတဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီနေ့ဆိုရင် ရေကန်လည်းသာ ကြာလည်းဖြာပြီး သာယာနေ ပျော်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ဝန်းကျင်နိုင်ငံတွေကသာမက ကမ္ဘာကပါ လေးစား အသိအမှတ်ပြုခြင်းခံနေရပြီဆိုတာ အားလုံး ကြားဖူးသိဖူးကြမယ် ထင်ပါတယ်။

          ကံကပေးလို့ ရရှိထားတဲ့ ပစ္စည်းဥစ္စာ ရတနာတွေပဲဖြစ်စေ၊ နေရာက ပေးတဲ့ သဘာဝသယံဇာတရင်းမြစ်တွေပဲဖြစ်စေ လူစွမ်းမပါခဲ့ရင် အားလုံးဟာ အိုးကွဲနဲ့ထည့်ထား တဲ့ ရေတွေလိုပဲ အချိန်တိုအတွင်း အချည်းနှီး ပျက်စီးသွားရတယ်ဆိုတာ လူတိုင်းလိုလို ကြားဖူးထားတဲ့ ကုဋေရှစ်ဆယ်သူဌေး သားရဲ့သာဓကဟာ အလွန်ထင်ရှားပါတယ်။ လူမစွမ်းရင် ရွှေနိုင်ငံက သဲနိုင်ငံ ဖြစ်သွားစေသလို လူစွမ်းရင် သဲနိုင်ငံက ရွှေနိုင်ငံ ဖြစ်သွား စေတယ် ဆိုတာဟာလည်း အစ္စရေးတို့၊ စင်ကာပူတို့လိုနိုင်ငံတွေက အထင်အရှား သာဓကပြနေပါတယ်။

          ဒီလိုဆိုရင် လူစွမ်းလူစဟာ ပဓာနပဲဆိုတာကို လူငယ်အားလုံး သဘော ပေါက် ကြမယ် ထင်ပါတယ်။ လူစွမ်းလူစ(အတ္တသမ္ဓာပဏိဓိ)က ပဓာနပဲ လို့ ဆိုလိုက်တဲ့အတွက် ကျန်တဲ့သမ္ပတ္တိစက်သုံးမျိုးတို့ဟာ ဘာမှ အရေးမပါဘူးလို့တော့ မထင်လိုက်ပါနဲ့။ လူစွမ်းလူစဆိုတာ ကျန်တဲ့ သမ္ပတ္တိစက် သုံးမျိုးတို့ရဲ့အကူအညီနဲ့မှသာ တည်ဆောက် လို့ရတာပါ။ အခြေခံအကျဆုံး ဖြစ်တဲ့ အသိပညာရှာဖွေရေးကိုပဲ ကြည့်လေ။ ဆရာသမား ကို မှီခိုရခြင်း ဆိုတဲ့ သပ္ပုရိသူပနိဿယမပါဘဲ မရနိုင်ဘူး မဟုတ်လား။

          သံယုတ္တနိကာယ် ကလျာဏမိတ္တသုတ်မှာ ဘုရားရှင်က အရှင်အာနန္ဒာကို မိန့်ကြားတဲ့ စကားတစ်ခုရှိတယ်။ 'သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်ဆိုတဲ့ ကလျာဏမိတ္တ (သပ္ပုရိသ)ကို အမှီမရခဲ့ရင် ကံ၊ ပါရမီတွေ ဘယ်လောက်ပဲ ပြည့်စုံနေနေ ဘယ်သူမှ ဘာမှမဖြစ်နိုင်ဘူး၊ ငါဘုရားဆိုတဲ့ ကလျာဏမိတ္တ (သပ္ပုရိသ)ကို အမှီရနေကြလို့သာ မိမိ တို့ ကံပါရမီအလျောက် အိုနာသေရေး ဒုက္ခဘေးတို့က ကင်းလွတ်ရာ နိဗ္ဗာန်ကို ရရှိနိုင်ကြတာ၊ ဒါကြောင့် ကလျာ ဏမိတ္တဆိုတဲ့ သပ္ပုရိသူ ပနိဿယဟာ အောင်မြင်ရေး အားလုံးအတွက် ရာနှုန်းပြည့် အရေးပါတယ်'တဲ့။

          သပ္ပုရိသူပနိဿယကို ရပြီးရင်လည်း ပုဗ္ဗေ ကတပုညတာက မရှိမဖြစ် လိုအပ်ပါတယ်။ အရေးကြီးတာက 'ပုဗ္ဗေ ကတပုညတာ' ဆိုတာကို ရှေးရှေးဘဝတွေက ပြုလုပ်ထားတဲ့ ကုသိုလ်ကံလို့ အဓိပ္ပာယ်ကောက်ယူနေကြတဲ့ အချက်ပါပဲ။ ဗုဒ္ဓ ဘာသာဝင် တော်တော်များများဟာ ဒီလိုပဲ မှတ်ထင်နေကြပါတယ်။

          အမှန်ကတော့ 'ပုဗ္ဗေ'ဆိုတာ 'ရှေးက'လို့ အဓိပ္ပာယ်ရပါတယ်။ ဘယ်ရဲ့ ရှေးသလဲဆိုရင်တော့ အလုပ်မလုပ်မီရဲ့ ရှေးကပါ။ အလုပ်မလုပ်မီ ရှေးကတည်းက ကြိုတင်ပြီး တတ်မြောက်ကျွမ်းကျင်လိမ္မာအောင် ကောင်းကောင်း ကြိုးစားလေ့လာ ထားတာကို 'ပုဗ္ဗေကတပုညတာ'လို့ ဆိုတာပါ။

          ဒါနဲ့ပတ်သက်လို့ မိမိတို့ အမရပူရကို ပညာသင်ရောက်စလောက်က ဆရာကြီး ဦးလှသိန်း ဟောကြားခဲ့တဲ့ ၃၈ ဖြာ မင်္ဂလာတရားတော်ကို ခုအထိ စွဲနေအောင် အလွန် သဘောကျခဲ့ပါတယ်။ ဆရာကြီး ဟောပြောတာကတော့...

          'ပုဗ္ဗေ- ကိုယ်လုပ်ရမယ့်အလုပ်တွေကို မလုပ်မီကတည်းက ကြိုကြိုတင်တင်၊ ကတပုညတာ- လုပ်သင့်လုပ်ထိုက်၊ တတ်သင့်တတ်ထိုက်တာတွေကို အကောင်းဆုံးဖြစ်အောင် လုပ်ကိုင်သင်ကြားထားခြင်းဟာ မင်္ဂလာပါ။

          'ကျောင်းသူကျောင်းသား ကျောင်းမှန်မှန်တက်ပါ။ စာမှန်မှန် ကျက်ပါ၊ အဲဒါ စာမေးပွဲအတွက် ပုဗ္ဗေ စ ကတပုညတာ မင်္ဂလာပါ။

          'တောင်သူလယ်သမား ထယ် ဒူးထယ်သွား၊ ပေါက်တူး ပေါက်ပြားပါမကျန် လိုအပ်တာမှန်သမျှ ကြို တင်ပြင်ဆင် စုဆောင်းပါ၊ အဲဒါ စိုက်ပျိုးရေးအတွက် ပုဗ္ဗေ စ ကတပုည တာမင်္ဂလာပါ။

          'အင်ဂျင်နီယာဖြစ်ချင်ရင် စက်မှု အတတ်ပညာကို သင်ကြားပါ။ ကားသမားက ဆီ၊ ရေ၊ လေကို ကြိုတင် စစ်ဆေးပါ၊ အဲဒါ စက်မှုလုပ်ငန်းရဲ့ ပုဗ္ဗေ စ ကတပုညတာမင်္ဂလာပါ။

          'ရောင်းဝယ်ဖောက်ကား ပွဲစားတို့မှာ ကိုယ့်ဆိုင်ရာလုပ်ငန်းကို ကျွမ်းကျင်အောင် လေ့လာသင်ယူပါ။ အချိန်အခါ အခြေအနေကို လေ့လာပါ။ နေရာဒေသကို သိထားပါ။ အရင်းအနှီးကို စုဆောင်းပါ။ အဲဒါ ကုန်သည်ပွဲစားတို့အတွက် ပုဗ္ဗေ ကတပုညတာမင်္ဂလာ' ဆိုပြီး လုပ် ငန်းစုံ၊ အလွှာစုံအတွက် ထောင့်စုံအောင် ဟောပြောသွားတာပါ။ ထမင်း ချက်ချိန်ရောက်မှ ဆန်ရှာ၊ ထင်းရှာ၊ ဟင်းရွက်ရှာ လုပ်တာ၊ ဗိုက်နာမှ အိမ်သာရှာတာ တို့ဆိုတာတွေဟာ ပုဗ္ဗေ ကတပုညတာမင်္ဂလာ ပျက်တယ်ဆိုတဲ့အကြောင်းကိုလည်း ထည့်ပြော သွားပါသေးတယ်။ ဒီလို 'ပုဗ္ဗေ ကတ ပုညတာ' မပါခဲ့ရင် ကိုယ့်စိတ်ကို တည်ဆောက်မှု 'အတ္တသမ္ဓာပဏိဓိ' ဟာ မပြည့်စုံနိုင်ပါဘူး။

          ဒီအချက်အလက်တွေနဲ့ ပြည့်စုံ ပေမယ့်လည်း ကိုယ်ကျွမ်းကျင်တဲ့ ပညာနဲ့ လုပ်ကိုင်မယ့်နေရာ ကိုက်ညီအောင် ပတိရူပဒေသကို ကြိုတင် ရှာဖွေတန် ရှာဖွေ၊ ဖန်တီးတန် ဖန်တီးဆိုတာ လုပ်ကိုင်ရပါတယ်။

          အထက်မှာ ပြောခဲ့သလိုပဲ ကိုယ်စွမ်းကိုယ်စနည်းတဲ့ ခပ်ညံ့ညံ့သမားများကတော့ သဘာဝကပေးတဲ့ 'ရေကန်အသင့် ကြာအသင့်'ဆိုတဲ့ အရပ်ဒေသနေရာမျိုးကို ရှာဖွေကြ မှာပေါ့။ ဒါပေမယ့် ဒီလိုနေရာမျိုးဆိုတာ ကိုယ်တွေ့တဲ့အချိန်မှာ သူများက အရင်ဦးနှင့်ပြီး သားချည်း ဖြစ်နေတတ်ပါတယ်။

          လူတိုင်းက ခပ်ညံ့ညံ့၊ ခပ်ဖျင်း ဖျင်းတွေ၊ ချောင်ချောင်နဲ့ လွယ်လွယ် ရချင်ကြ သူတွေပဲ များကြတော့ ဒီလို အလွယ်နေရာကိုပဲ သူ့ထက်ငါ ဦးအောင် တိုးလုနေကြ တာကိုး။

          ကိုယ်စွမ်းကိုယ်စ (အတ္တသမ္ဓာ ပဏိဓိ)အားကောင်းသူများကတော့ စောစောက ပြောခဲ့တဲ့ စင်ကာပူနိုင်ငံတို့၊ အစ္စရေးနိုင်ငံတို့လိုပဲ ကိုယ်ရောက်ရာ အရပ်မှာ ရေကန်တူးပြီး ကြာပွင့်အောင် ကြိုးစားလုပ်ကိုင်ကြပါတယ်။ ဒီလိုလူမျိုးအတွက်တော့ ဘယ်အချိန် မှာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် နောက်ကျလို့ အခွင့်အရေးမရတော့ဘူး ဆိုတာ ဘယ်တော့မှ ရှိနိုင်မယ် မဟုတ်ပါဘူး။

          အဲဒါတွေကို လူငယ်လူရွယ်တွေ အလေးအနက် သဘောပေါက်စေချင်ပါတယ်။ 'ငါဟာ နေရာကိုအားကိုး ပြီး ရေကန်အသင့် ကြာအသင့်ကို ရှာမှာလား၊ ကိုယ့်အား ကိုယ်ကိုးပြီး ရေကန်ဖြစ်အောင် ကြာပွင့်အောင် လုပ်မှာလား' ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး မေးမြန်းစိစစ်စေချင်ပါတယ်။

          ကိုယ့်အားကိုယ်ကိုးသူများ ဖြစ် ပြီးဆိုရင်တော့ ရေကန်ဖြစ်ရုံ ကြာပွင့်ရုံမျှမက ကမ္ဘာသစ် လောကသစ်ကြီးတစ်ခုဖြစ်အောင်တောင် ဖန်တီးနိုင်ကြပါလိမ့်မယ်။

ကမ္ဘာပြုလက်ပိုင်ရှင်များ ဖြစ်ကြပါစေ။

 👏🫶🤝👍✌️👌🙏👋👆👏🤝✌️👌

◾

ဓမ္မဘေရီအရှင်ဝီရိယ၊တောင်စွန်း၊

အမှတ် ၅၆၆၊ ဩဂုတ်လ၊ ၂၀၀၉

အလင်းတန်းဂျာနယ်