သစ္စာပါရမီဆရာတော်၏ အတ္ထုပ္ပတ္တိကထာပုံရိပ်လွှာ
အရှင်မြတ်လောင်းလျာ ဖွားမြင်လာ
ဒေါက်တာဦးဇေယျကို ခမည်းတော် ဦးဘလှိုင်၊ မယ်တော် ဒေါ်ဖြူခိုင်ဦးတို့မှ ၁၃၂၁ ခုနှစ်၊ တပေါင်း လပြည့်ကျော် (၄) ရက်၊ အင်္ဂါနေ့တွင် စတုတ္ထမြောက် သားရတနာအဖြစ်ဖြင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဆင်ဘုတ်တိုက်နယ်၊ လူရှည်ရွာ၌ ဖွားမြင်တော် မူသည်။
မြင့်မြတ်သာသနာဝင်ရောက်လာ
အရှင်မြတ်သည် အသက် (၁၃)နှစ်တွင် ရွာဦးကျောင်း ဆရာတော် ဘဒ္ဒန္တမာလာ မထေရ်မြတ်ထံ၌ ဥပဇ္ဈာယ် ပြု၍ ရှင်သာမဏေပြုကာ အခြေခံ ပါဠိစာပေများကိုသင်ကြားခဲ့သည်။
ရဟန်းဘဝ ဖြစ်ခွင့်ရ
အရှင်မြတ်သည် သက်တော် (၂ဝ) ပြည့်သည့်အခါ ၁၃၄၂-ခုနှစ်၊ နယုန်လဆန်း (၁၃)ရက်၊ တနင်္လာနေ့တွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်၊ အောင်မင်္ဂလာလမ်း၊ မင်္ဂလသုခ ပါဠိတက္ကသိုလ် ကျောင်းတိုက်၊ ခဏ္ဍသိမ်တော်၌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉာဏမဉ္ဇူ မဟာထေရ်ကို ဥပဇ္ဈာယ်ပြုပြီး ကျောက်ဖြူမြို့၊ အရှေ့ပိုင်းရပ်၊ အလယ်တန်း အငြိမ်းစား ကျောင်းအုပ်ဆရာမကြီးဒေါ်မြိုင်၏ ပစ္စယာနုဂ္ဂကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူသည်။
ထိုထိုကျောင်း ဆရာများထံမှာ ပညာရှာ
ထို့နောက် အရှင်မြတ်သည် ကျောက်ဖြူမြို့ ယပ်လှဲကျောင်းပရိယတ္တိစာသင်တိုက်၊ ပဲခူးမြို့ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်၊ ရန်ကုန်မြို့ ကျောက်ကုန်းတောရမေဒိနီစာသင်တိုက်နှင့် မန္တလေး မစိုးရိမ် တိုက်ဟောင်း ဆရာတော်များထံတွင် ဆယ်နှစ်ကျော်ခန့် ပရိယတ္တိ စာပေများကို သင်ကြားခဲ့သည်။
ဓမ္မာစရိယ ဘွဲ့တော်ရ
အရှင်မြတ်သည် နိုင်ငံတော်အစိုးရကျင်းပသော ပါဠိပထမပြန် ငယ် ၊ လတ်၊ ကြီးစာမေးပွဲများကို ပါဠိ ဘာသာဖြင့်ဖြေဆို အောင်မြင်၍ သာသနဓဇဓမ္မာစရိယဘွဲ့ကို ၁၃၄၃-ခုနှစ်၊ သက်တော် (၂၂)နှစ်၊ ရဟန်း (၂)ဝါ အရ တွင် ဓမ္မာစရိယ သုံးကျမ်းလုံး ဖြေဆိုအောင်မြင်တော်မူခဲ့သည်။
ဒေါက်တာဘွဲ့တဖန် ရရှိပြန်
အရှင်မြတ်သည် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ မဂဓ တက္ကသိုလ်မှ M.A(Buddhist Studies) ဘွဲ့ကို ၁၃၆၁-ခု (၁၉၉၉)ခုနှစ်တွင် လည်းကောင်း၊ Ph.D (Buddhist Studies) ဒေါက်တာဘွဲ့ကို ၁၃၆၇-ခု (၂၀၀၅) ခုနှစ် တွင်လည်းကောင်း ဖြေဆို အောင်မြင်ရရှိတော်မူခဲ့ပါသည်။
သာသနာပြုတာဝန်ဆောင်ရွက်ပြန်
အရှင်မြတ်သည် ရန်ကုန်မြို့၌ သီတင်းသုံးစဉ် ဆက်စပ်မှုရှိသော ဆရာသမားကျောင်း၊ မိတ်ဆွေ ကျောင်းများတွင် စာပေပို့ချ သင်ကြားပို့ချပေးခြင်း ၊ ဧရာဝတီတိုင်း၊ မြောင်းမြမြို့နှင့်အိမ်မဲမြို့တို့၌ အင်္ဂလိပ်စာ သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်း၊ မိုးကုတ်ဝိပဿနာ တရားစခန်းဖွင့်လှစ်ဟောကြားခြင်း၊ ညတရားပွဲများကို ဟောကြား ချီးမြင့်ပေးခြင်း၊
တနင်္သာရီတိုင်း ကော့သောင်းမြို့တွင်ရိပ်သာကျောင်း တည်ထောင်လျက် တပည့်များအား ဗုဒ္ဓစာပေ သင်ကြားပေးခြင်း၊ စာသင်ကျောင်းမှ ကျောင်းသားများအား ကျောင်းပိတ်ရက်တွင် အင်္ဂလိပ်စာ သင်ကြားပေးခြင်း၊ စာသင်ကျောင်းများတွင် တရားဟောပေးခြင်း၊ ပြည့်သူဆေးရုံကြီးတွင် ချို့တဲ့လူနာများအား စွမ်းနိုင်သမျှ ထောက်ပံ့ လှူဒါန်းပေးခြင်း၊ မိမိမွေးဖွားရာတိုက်နယ်၌ စာသင်ကျောင်း ဦးဆောင် ဆောက်လုပ်လှူဒါန်းခြင်း၊ သိမ်ဟောင်း ပြုပြင်ခြင်း၊ သိန်းနှစ်ရာကျော်ခန့်သုံးစွဲ၍ ကွန်ကရိတံတားကို တည်ဆောက်ပေးခြင်း၊ ကျေးလက်ဆေးပေးခန်း တည်ဆောက်ပေးခြင်း၊ နာဂစ်မုန်တိုင်းဒဏ်သင့်ခဲ့သော ဧရာဝတီတိုင်းသို့ ကော့သောင်းမြို့နယ်၊ သံဃာတော်များ ကိုယ်စားဦးဆောင်သွားရောက်ကူညီလှူဒါန်းပေးခြင်းစသော အတ္တဟိတ၊ ပရဟိတ၊ ဓမ္မဟိတတို့ကို ယနေ့အထိ စိတ်ပါဝင် စားစွာဖြင့် ဆောင်ရွက်လျက်ရှိသည်။
စင်ကာပူ၌သာသနာ ကူပြုကာ
၂၀၀၉ခု၊ ဇူလိုင်လမှ စတင်၍ စင်္ကာပူနိုင်ငံတွင် သစ္စာပါရမီဓမ္မ MEDITATION CENTRE ကို ထူထောင်လျက် တနင်္ဂနွေနေ့တိုင်း တနေ့တာ ဝိပဿနာတရားစခန်းပွဲ ဟောကြားချီးမြင့်ကာ သာသနာပြုတော်မူသည်။
သစ္စာပါရမီဆရာတော် ဦးဆောင်၍ အဖွဲ့သားများသည် ရန်ကုန်မြို့ သာကေတ ၁၀/မြောက် ဧရာဝဏ်လမ်းမ အနီးတွင် လူငယ်များအတွက် ဘဝတက်လမ်း အကျိုးဖြစ်ထွန်းစေမည့် သင်တန်းများ၊ ယောဂီများအတွက် ဘဝငြိမ်းချမ်း နိဗ္ဗာန်နန်းသို့ စံမြန်းစေနိုင်သော တရားစခန်းများဖွင့်လှစ်နိုင်ဖို့ရာ (ဓမ္မရက္ခိတ)သစ္စာပါရမီ လေးထပ် ကျောင်းတော်ကြီးကို တည်ဆောက်ခဲ့ကြသည်။
ဓမ္မသစ္စာ တရားအသံ ဘဝဂ်သို့ညံ
သစ္စာပါရမီဆရာတော် အရှင်မြတ်သည် ဗုဒ္ဓတရားတော်များကို စင်ကာပူနိုင်တွင်းနေ မြန်မာများ၊ မြန်မာနိုင်ငံတွင်းနေနိုင်ငံသားများ၊ ကမ္ဘာ အနှံ့အပြားသို့ ရောက်ရှိနေကြသော ဗုဒ္ဓဘာသာ မြန်မာများအတွက် အဖွဲ့လူကြီးများအား နာယကအရာတွင်ထားလျက် ဝေယျာဝစ္စ စေတနာရှင်လူငယ်များတို့အား သစ္စာပါရမီ ဝက်ဆိုဒ် ပြုလုပ်စေကာ အပါတ်စဉ်ဟောတရားများ အင်တာနက်မှ တိုက်ရိုက် LIVE ထုတ်လွှင့်ခြင်း၊ အွန်လိုင်း ဓမ္မသံများနှင့် ဓမ္မစာအုပ်များ သစ္စာပါရမီ ဝက်ဆိုဒ်မှ ဖြန့်ဝေပေးနေပြီဖြစ်သည်။ သစ္စာပါရမီ အွန်လိုင်း ဓမ္မအသံ ရေဒီယိုကိုလည်း ၂၄ နာရီ အချိန်ပြည့် စင်ကာပူနိုင်ငံမှထုတ်လွှင့်ကာ ဓမ္မဒါနတရား အလှူ ပေးလှူနိုင်ခဲ့ပြီဖြစ်သည်။
အကျွန်ုပ်တို့အဖွဲ့၏ ဆန္ဒအမှန်အဓိဋ္ဌာန်
အကျွန်ုပ်တို့ အားလုံးသည် ကံကောင်းထောက်မသဖြင့် ဗုဒ္ဓ၏ အဆုံးအမကို ရရှိထားကြသူများ ဖြစ်ကြသည့် အားလျော်စွာ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဗြဟ္မစိုရ် လေးပါးကို တတ်နိုင်သမျှ လက်ကိုင် ထားကြလျက် အသက်ခပ်တိုတိုဖြစ်သော ဤလူ့ဘဝကို ရတုန်း ရခိုက်အချိန်မှာ မိမိကိုယ်တိုင် ချမ်းသာကြိုက်သလို အားလုံးသော ပုဂ္ဂိုလ်အပေါင်းတိုသည်လည်း ချမ်းသာဆိုသော အကောင်းကြိုက်သူများ ချည်းဖြစ်သည်။
မကောင်းခြင်း ဆင်းရဲတရားကို မည်သူတဦးမျှ မကြိုက်မနှစ်သက်ကြပေ။ ထို့ကြောင့် အကျွန်ုပ်တို့ အားလုံးသည် တပါးသူတို့အား ဒုက္ခရောက်စေသည့် ဆင်းရဲ လက်ဆောင်ကို မပေးမိစေဘဲ၊ ချမ်းသာစေမည့် ကောင်းသော ချမ်းသာသုခ လက်ဆောင်များကိုသာ ပေးသင့်ကြသည် မဟုတ်ပေလော။ အကျွန်ုပ်တို့ အားလုံးသည် ဗုဒ္ဓအဆိုအရ သံသရာ့ ဆွေမျိုးသားချင်းစစ်စစ်များ ဖြစ်ကြသည်၊