
ထေရုပ္ပတ္တိ အပြည့်အစုံ
- ယနေ့ (၆.၄.၂၀၂၁) သည် ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး၏ သက်တော် (၆၇)နှစ် မွေးနေ့ဖြစ်ပါသည်။ ဆရာတော်ဘုရားကြီးကို မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ လယ်တိုင်းကျေးရွာနေ ခမည်းတော် ဦးစံသိန်း + မယ်တော် ဒေါ်ကြည်ကြည်တို့မှ ၁၃၁၅ ခုနှစ်၊ တန်ခူးလဆန်း (၃)က် (၁၉၄၅ ခုနှစ် ဧပြီလ ၆ ရက်) အင်္ဂါနေ့တွင် ဆရာတော်ကို မီးရှူးသန့်စင် ဖွားမြင်ခဲ့ပါသည်။
- ငယ်စဉ်ကာလ ကလေးဘဝမှ သက်တော် (၂၅)နှစ်အထိ လောကီပညာများကို သင်ကြားခဲ့ပြီး၊ သိပ္ပံဘွဲ့ကို ရုက္ခဗေဒ အဓိကဘာသာဖြင့် ရရှိခဲ့ပါသည်။ မဟာသိပ္ပံတန်းသို့ တက်ရောက်ဆဲကာလ၌ ရဟန်းဘောင်သို့ ကူးပြောင်းခဲ့ပါသည်။ ယခုအခါ ဆရာတော်သည် ၂၀၂၁ ခုနှစ် မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် တွင် သက်တော် (၆၇)နှစ်၊ ဝါတော် (၄၂)ဝါ ရှိပြီဖြစ်ပါသည်။
- ၁၉၇၈ ခုနှစ်၊ မတ်လ၊ ၁၃၄၀ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၂)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) (ယခင်တိုးကြောင်ကလေးရွာ) မိုးညှင်းသိင်္ဂီကျောင်းတိုက်၊ ပဓာန နာယကဆရာတော် ဘဒ္ဒန္တဂန္ဓသာရ ဆရာတော်ကြီးအား ဥပဇ္ဈာယ်ပြု၍ ရွှေတိဂုံ စေတီတော်ကြီး၏ တောင်ဘက်မုခ်အနီးရှိ ရဟန္တာသိမ်တော်ကြီးတွင် ကာရကသံဃာတော် (၁၀)ပါးတို့၏ ဓမ္မနုဂ္ဂဟ ချီးမြှောက်ခံယူ၍ ခမည်းတော် မယ်တော်တို့၏ ပစ္ဏာယာနုဂ္ဂဟဖြင့် မြင့်မြတ်သော ရဟန်းဘဝသို့ ရောက်ရှိခဲ့ပါသည်။
- ရဟန်းဘဝဖြင့် ပရိယတ္တိသာသနာတော်အတွက် မိုးညှင်းသိင်္ဂီကျောင်း ပဓာန နာယက ဆရာတော် ဘဒ္ဒန္တဂန္ဓသာရထံ၌ လည်းကာင်း၊ ၁၃၄၆ ခုနှစ်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ရွှေကျင်တိုက်သစ်ကျောင်း၊ ပဓာန နာယကဆရာတော် ဘဒ္ဒန္တခေမိန္ဒထံမှလည်းကောင်း၊ ဗုဓ္ဒဘာသာအခြေခံပညာများကို သင်ယူခဲ့ပါသည်။
- ဥပဇ္ဈာယ်ဆရာတော် ဘဒ္ဒန္တဂန္ဓသာရ၏ လမ်းညွှန်ချက်ဖြင့်အရ ပရိယတ္တိသာသနာပိုင်းအား ပိုမိုကျိုးစားအားထုတ်ခဲ့ပြီး ရဟန်း(၈)ဝါ ရရှိချိန် ၁၃၄၈ ခုနှစ်တွင် ဝိပဿာနာတရားစခန်းများ ဖွင့်လှစ်၍ သာသနာပြုလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ပါသည်။
- ဝါတော် (၁၀)ဝါ ရရှိချိန်တွင် ဥပဇ္ဈာယ်ဆရာတော်ဖြစ်သည့် ဘဒ္ဒန္တဂန္ဓာသာရထံမှ မိုးညှင်းသိင်္ဂီကျောင်းကြီးကို လွှဲပြောင်းပေးအပ်ခြင်းခံခဲ့ရပြီး ကျောင်းတိုက်ပဓာန နာယကဆရာတော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ကိုးညှင်းသိင်္ဂီကျောင်း၌ လစဉ် တရားသင်တန်းများ ဖွင့်လှစ်သင်ကားပေးလျက်ရှိသည့်အပြင် ပြည်တွင်း ပြည်ပ လှည့်လည်၍ ယနေ့တိုင် သာသနာပြုလျှက်ရှိပါသည်။
- ဆရာတော်အား (ပိုင်းလော့ဆရာတော်)ဟု အမည်တွင် ခေါ်ဆိုရခြင်းမှာ ဖခမည်းတော် ဆရာဝန်က ဆေးတိုက်အမည်ကို (Pilot) လမ်းပြသင်္ဘောတံဆိပ်နှင့် ဖွင့်ခဲ့သောကြောင့် ဖြစ်သည်ဟု သိရပါသည်။ ကလေးဘဝကပင် ပိုင်းလော့လေးဟု ကျောင်းမှ ဆရာ၊ ဆရာမများက ခေါ်လေ့ရှိပါသည်။ ရဟန်းဘဝသို့ ရောက်သော်လည်း ပိုင်းလော့ဘုန်းကြီးလေးမှ ပိုင်းလော့ဆရာတော်ဟု အမည်တွင်နေခဲ့ပါသည်။ ရေလမ်း၊ ကုန်းလမ်း၊ လေလမ်း၊ လမ်းမှန်သမျှ လမ်းမမှားရလေအောင် လမ်းပြပို့ဆောင်ပေးသော အဓိပ္ပါယ်ရှိသောကြောင့် ဆရာတော်ကလည်း မတားမြစ်ဘဲ ထားခဲ့ကြောင်း အမိန့်ရှိခဲ့ဖူးပါသည်။
- ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျဉ်းကို ဓမ္မမိတ်ဆွေအပေါင်း ကြည်ညိုပူဇော်နိုင်စေရန် အလို့ငှာ ဖော်ပြအပ်ပါသည်။
- သာဓု၊ သာဓု၊ သာဓု။ 🙏 🙏 🙏