❖ မောဟ ပညာ slide ပြရအောင်နော်။ အေးအေးဆေးဆေးပေါ့နော်။ အဲဒါ မင်းကွန်းဆရာတော်ကြီး ဆုံးမတာရှိတယ်။ ဆရာတော်ကြီးက ချမ်းလို့ ဂွမ်းကပ်လေးခြုံလို့၊ ဓမ္မဘေရီ ဆရာတော်ကြီးက မှတ်တမ်းရေးတဲ့ဆရာတော် မထေရ်မြတ်တို့ စကားဝိုင်းမှာပါတယ်နော်။
❖ ဆရာတော်ဘုရား အေးသလားဘုရား၊ သွားရလာရတာ အေးလိုက်ပူလိုက်နဲ့ အဆင်ပြေလားဘုရားဆိုတော့ ဆရာတော်ကြီးက ဆုံးမတယ်တဲ့၊ လောကမှာနေရင်ကွယ်တဲ့ လောကဓံတရားနဲ့ ဖက်ပြီး ရန်မဖြစ်ရဘူးတဲ့။ လိုချင်တဲ့ပုံစံ ရချင်မှရတာမို့လား။ အဲဒါကို ဖက်ရန်ဖြစ်လို့ရှိရင် ကိုယ်ရှုံးမှာပေါ့။ အဲဒါကို စိတ်နဲ့အာရုံ အဆင်ပြေအောင် ချိန်ပေးရတယ်တဲ့။
❖ တခါတလေကျ ဆရာတော်ကြီးက အမိန့်ရှိတယ်။ အဆင်မပြေဘူးဆိုရင်ကွာတဲ့ နည်းနည်းလေး ပင်ပန်းလို့ရှိရင် အောက်ကို ငုံ့ကြည့်တဲ့။ အရမ်းချမ်းနေလို့ရှိရင် ဒီထက်ချမ်းတဲ့ လောကပါလ ငရဲဆိုတာ ရှိတယ်တဲ့၊ ဒါဆို သက်သာရာ ရသွားတာပေါ့တဲ့။ ဆုံးမတယ်ပေါ့နော်။
❖ အခုလည်း အဆင်ပြေအောင် ချိန်ရတာ၊ စိတ်က အဆင်ပြေအောင် နေရတာပေါ့နော်။ ကိုယ့်ဒကာက နှေးနှေးဆိုရင် သူက နားခွင့်ရတာပေါ့။ သက်သက်သာသာ ရှိတာပေါ့။ ပညာရကြောင်းကိုကြည့်နော်။
❖ ဘုရားရှင်က ဉာဏ်တော်ကြီးနဲ့ ဟောခဲ့တဲ့တရားတွေကိုတဲ့ ဆရာများထံနည်းခံလို့ မျက်စိကလည်းမြင်တယ်၊ နားကလည်းကြားတယ်၊ ကြားတော့ကား မနောအထိ ရောက်မလာဘူးလား။ ရောက်တာကို ဟုတ်လိုက်တာ။ မှန်လိုက်တာလို့ လက်ခံဆုံးဖြတ်တာ။ ဆုံးဖြတ်တော့မှ သွေးထဲသားထဲမှာ မှတ်တမ်းလိုပဲတဲ့ ကျန်ခဲ့တာ။
❖ ကြိုက်တာ တွေးနိုင်ကြံနိုင်တယ်တဲ့ တွေးပြီးကြံပြီးတဲ့အခါမှာ ပြီးသွားတယ်ဆိုပေမယ်လို့ မှတ်တမ်းကျန်ခဲ့တာ သတ္တိကျန်ခဲ့တာ။ အာသေဝန ပစ္စယောမှာ အသေးစိပ်ပြထားတာနော်။ ဒါလေး အရေးကြီးဆုံးနော်။ ဒါကို မမေ့နဲ့နော်။ ဘုန်းဘုန်း တရားဟောစဥ်ကို သတိထားနော်။ ရှေ့က သင်ခန်းစာတွေကို မပျောက်စေနဲ့။ ပုံတွေပေါ်ပေါ်ပြီး ဆက်ထားရမှာ။
❖ ကိုယ့်သွေးသားမှာ ဘုရားရှင်ဟောတော်မူတဲ့ ခန္ဓာငါးပါးအကြောင်း နာခွင့်ရတဲ့ ပုဂ္ဂိုလ်သည်တဲ့ ဘဝများစွာ ကုသိုလ်ဓါတ်များလို့။ နာပြီးတော့ သဘောပေါက်တဲ့အဆင့်ကလည်း လွယ်တာမဟုတ်ဘူး၊ အရည်အသွေးမှီမှ ပေါက်တာကိုး။ ဘုန်းဘုန်းလည်း အစက မယုံတရုံပဲနော်။ နောက် တောတွေမှာဟောကြည့်မှ တကယ်ဟုတ်တာ။
❖ တချို့ အသက် သိပ်မကြီးပါဘူး၊ ၆၀ ဝန်းကျင်လောက်ရှိသေးတာပဲ။ အဲဒါ ဘယ်လိုဟောဟော မရဘူး။ ၁၀ခါလောက် ဝင်ခိုင်းလည်း မပေါက်ဘူး၊ ခန္ဓာငါးပါးကို လည်နေတာပဲ။ မေးလိုက်ရင် ဘယ်လိုရှုလဲဆိုရင် ကိုယ်လုံးထဲပဲ ပြောတာပဲ။ ကိုယ်လုံးထဲကြီး ပြောပြောနေတာ ဘယ်လိုမှ လုပ်လို့မရဘူး။
❖ ကိုယ်လုံးထဲမှာ မဟုတ်ပါဘူး ပြောလည်း မရဘူး၊ ကိုယ်လုံးထဲပဲ။ နောက်တော့ သူ့အကြောင်းကို လေ့လာတော့ သူက တံငါ လုပ်ခဲ့တာ အကြာကြီး။ ငါးတွေလုပ် ငါးတွေသတ်ခဲ့တာ အကြာကြီး။ အဲဒါနဲ့ အသက်မွေးလာတာ။ ကြီးမှ လာပြီး တရားလာနာတော့ မရဘူး။
❖ သွေးထဲသားထဲမှာ အရမ်းညစ်နွမ်းနေတော့ ဘယ်လိုမှ ဒီထဲကို အရောင်ဆိုးလို့ မရဘူး။ အင်မတန် ကြည်လင်နူးညံ့သန့်ရှင်းတဲ့ တရားကို ထည့်တော့ မရဘူးလေ။ အဝတ်ကို ဆေးဆိုးသလိုပဲ မလွယ်ဘူး။ ဒီမှာဟောတာ အားရှိတာက အနည်းဆုံးဘွဲ့ရပြီးသား ပုဂ္ဂိုလ်တွေများတာကိုး။
❖ ပြီးတော့ အတွေးအခေါ်က ပါးပါးလေးတွေ တွေးနေရတာ။ အလုံးလိုက်အထည်လိုက် တွေးတာ နည်းတာကိုး။ အဲဒီတော့ ဉာဏ်ကသွက်နေတော့ ပြောလိုက်လို့ရှိရင် ချက်ချင်းပေါက်ကြတယ်။ ဘုန်းဘုန်းက သက်သာတယ်၊ ဒီမှာ အားရှိတယ် ရှေ့ကိုတိုးဟောလို့ရတယ်။ ဟိုမှာက ဒီတရားတွေ တိုးဟောမယ်ကြံရင် နောက်ပြန်ဆင်းနေရတာ။ ရှေ့တက်လို့ကို မရတာ၊ အားထုတ်တဲ့အဆင့်ကို မရောက်ဘူး။ အဲဒီတော့ ကုသိုလ် အကုသိုလ်နဲ့ ရပ်ပလိုက်ရတာ။
❖ နောက်မှ ဘုရားဟောတာ ဟုတ်တယ်လို့။ သူ့ရဲ့အရည်အသွေးမမှီလို့ရှိရင် ဘယ်လိုမှ ဟောလို့မရဘူး။ ဒါလည်း ကိုယ့်ကိုယ်ကိုယ် သိရမယ်နော်။ တို့တတွေ အားရစရာတော့ ဟုတ်ပြီလို့ ဝမ်းသာထားနော်။ ဒီတော့ကား မိမိသန္တာန်မှာ နောက်စိတ်က အာရုံလက်ခံဆုံးဖြတ်တာ စိတ်မှာကအလင်းနဲ့အမှောင်ဆိုတာ ရှိတယ်တဲ့။
❖ အလင်းအုပ်စု၊ အမှောင်အုပ်စုနော်။ အဲဒါ ဘုရားဉာဏ်က ပိုင်းနိုင်တယ်၊ တစ်ခုချင်းပိုင်းပလိုက်တာ။ စေတသိက် ၅၂ပါးမှာ ဝေဒနာ ၁၊ သညာ ၁၊ သင်္ခါရ ၅၀ လို့ ပုံလိုက်ပြီးတော့ အကုသိုလ်စေတသိက်တွေ၊ ကုသိုလ်စေတသိက်တွေ ခွဲလိုက်တာ့ ၅၀ နော်၊ အသေးစိပ်ခွဲလိုက်တာ။ အဲဒါတွေက ဘုရားအလုပ်လေ။
❖ ကိုယ်က စာဖတ်ပြီးတော့ လျှောက်ပြီးတော့ ဒါက ဝိစိကိစ္ဆ၊ ဒါက ဘာ။ ချက်ချင်းဘယ်သိမလဲ။ ထင်ရှားမှသာ ကိုယ်က ခွဲနိုင်တာ။ အမှတ်က သိတစ်ချက်ဆို အကုန်ပါလာပြီးသား။ အစွမ်းပြတဲ့အခါ ငုပ်တာ ပေါ်တာ ခေါ်တယ်။ ပကိန်းပိုင်းမှာ ပါတယ်နော်။
❖ ဒီဘက်က အလင်းအုပ်စု အားကောင်းရင် အမှောင်အုပ်စုက ပျောက်သွားတယ်။ အမှောင်အုပ်စုအားကောင်းရင် အလင်းအုပ်စုက ပျောက်သွားတယ်၊ ဒီလောက်ပဲ ဘုန်းဘုန်းတို့ ရိပ်စားမိတာ၊ ဘုရားလို တစ်ခုချင်းသိပါ့မလား။ မလွယ်ဘူးနော်။ ဘုရားကတော့ ကွင်းဆက်တွေ အချိတ်အဆက်တွေ စေတသိက်က ဘယ်လို တွဲပါတယ်။ ပကိန်းပိုင်းမှာ ဘုရားက အသေးစိပ်ဟောခဲ့တာ။ ဉာဏ်တော် အင်မတန်ကြီးတာနော် အဲဒီမှာ ကြည်ညိုစရာဖြစ်နေပြီ။
❖ ဒီတော့ကား ဥပမာအားဖြင့် ဘုန်းဘုန်းတို့ လွယ်လွယ်လေးပဲ မှတ်ပါအုန်း။ ကိုယ့်ကို လာဆဲမယ်၊ မခံချင်စရာ လာပြောမယ်၊ ရိုက်မယ် သတ်မယ် ပုံစံမျိုးလုပ်တယ်ဆိုရင် ခြိမ်းခြောက်ပြောဆိုတာ ကြားတယ်၊ နားကကြားတာ မနောပေါ်မနေဘူးလား။ ပေါ်တာကို နောက်စိတ်က လက်ခံဆုံးဖြတ်မယ်။
❖ ဆုံးဖြတ်တဲ့အခိုက်လေးမှာ ရင်ထဲကနေ ပူပြီးတော့ ဒေါသဖြစ်လို့ ကြမ်းနေလို့ရှိရင် အမှောင်များမလာဘူးလား။ အမှောင်များတဲ့ပုဂ္ဂိုလ်က ဆုံးဖြတ်ချက်လွဲတာပဲလေ။ ဆုံးဖြတ်ချက်လွဲရင် ဒီမှာ ဇောရှိတာကိုးနော်။ အဲဒီနေရာမှာ အမှားဆုံးဖြတ်တာပဲ။
❖ ဒေါသနဲ့ ထွက်ရိုက် သတ်လိုက်တယ်ဆိုရင် ပြီးပြီမှတ်တာနော်၊ ကွင်းဆက် အကျိုးပေး လာအုန်းမှာကိုး။ ရှေ့မှာ ထောင်ကျမယ်၊ အမှုဖြစ်အုန်းမယ်၊ ရုံးတွေပါ တွေ့အုန်းမယ်၊ ပိုက်ဆံကုန်အုန်းမယ်၊ ပြီးတော့ ထောင် ၁၀ နှစ် အနည်းဆုံးပဲလေ။ နာရီအများကြီး ခံစားရမှာပေါ့၊ သဘောပေါက်လား။ အဲဒါက အမှောင်ဓါတ်ကြောင့် မမြင်လိုက်တာတဲ့။
❖ ရိုက်နေတယ် ဆုံးဖြတ်ချက်ချပြီးမှ ဒီလိုဆက်ဖြစ်မယ်လို့ မမြင်ကို မမြင်လိုက်တာ။ အမှောင်ဓါတ် အမှောင်ဓါတ်။ ဓါတ်မီးလေးဟာ အားနည်းသွားတော့ ဓါတ်ခဲက မရှိတော့ဘူးဆိုရင် ရှေ့မြင်ရပါ့မလား။ အဲဒီလိုဖြစ်သွားတာ။ စိတ်မှာ အမှောင်ဓါတ်ဖုံးလို့တဲ့။
❖ အဲဒီစကာကို ဘုန်းကြီးကသုံးတော့ ကလေးတွေ မှတ်ထားကြတာကိုး။ အလင်းဓါတ် ဆိုရင်တော့ ရှေ့မှာကွင်းဆက်မြင်တာပေါ့နော်။ အဲဒါ ကားမောင်းတဲ့ ကလေးတစ်ယောက်က လာလျှောက်တယ်၊ ဘုန်းဘုန်းရေ တကယ်မှန်တာ။ ဘာမှန်တာလဲဆိုတော့ ရဲတွေက သူ့ကို ကားငှါးလို့တဲ့ အလောင်းသွားသယ်ရတာတဲ့။
❖ တိုက်တွေဆောက်တဲ့နေရာမှာ ဆိုက်ခေါ်တာပေါ့နော်၊ အလုပ်သမားတွေက တန်းစီပြီး တဲလေးတွေထိုး၊ မြေအိတ်တွေကာပြီးနေကြတာ အလုပ်သမားတွေ။ အရက်သောက်ကြတယ်၊ ဖဲရိုက်ကြတာကိုး။ အဲဒါ အချင်းချင်း အင်မတန်ခင်တဲ့ သူငယ်ချင်းတွေပဲ၊ အရက်ကမူးမူးနဲ့ ရိုက်ရင်းနဲ့ ဖဲရှုံးတဲ့အခါ ရန်ဖြစ်ကြတာမှာ ဓါးနဲ့ထထိုးတာမှာ ပွဲချင်းပြီး သေသွားတာ။ စက္ကန့်ပိုင်းလေးပဲနော်။
❖ သေခါမှပဲ သတိရတဲ့အခါကျတော့ ဘာမှလုပ်လို့မရတော့ဘူး။ အင်မတန်ခင်တဲ့ သူငယ်ချင်းတွေ။ ငိုလို့ ထိုးမိတဲ့သူကလည်း စိတ်မကောင်းဘူး။ အဲဒါ ဟိုဖက်ကလည်း ကလေးတွေတန်းလန်းနဲ့၊ ဖြစ်နေတာ။ အဲဒါ သူကြည့် ကားမောင်းပြန်လာပြီး ဘုန်းဘုန်းရယ် ဆုံးဖြတ်ချက်တစ်ချက်လေးပဲနော်တဲ့။
❖ ဆုံးဖြတ်ချက်တစ်ချက်လေးမှာ အမှောင်များသွားလို့ ထိုးချလိုက်တာနော်။ အရမ်းဆင်းရဲကုန်ပြီတဲ့ မြင်ရတာ။ ဒါကြောင့်မို့လို့ အပြစ်နှင့်တကွ ဆိုးကျိုးကို ပေးသောကြောင့် ဒီစေတသိက်တွေကို အကုသိုလ် စေတသိက်ခေါ်လိုက်တာကိုး။ ပူတယ် တင်းတဲ့ဓါတ်တွေကိုး၊ မှောင်းလည်းမှောင်တာနော်။
❖ ဒီဘက်ကျတော့ ပညာကျတော့ အဲဒီလိုမဟုတ်ဘူး၊ နှလုံးအေးတာ။ အေးမှ ရတာနော်။ ရင်အေးပြီး ကြည်မှရတာ။ အရက်သောက်ထားလို့ ပူနေရင် ရပါ့မလား။ မရဘူး ပင်ပန်းထားလို့ ပူလည်းမရဘူး။ ပင်ပန်းလို့ ပူနေလည်း ဒေါသအငွေ့ခံထားတယ် မရဘူး။
❖ တစ်ခုခုဆုံးဖြတ်တော့မယ်ဆိုရင် နှလုံးအေးပြီး ကြည်နေမှရတာ။ ဒါ သတိထားရမယ်နော်။ အရမ်းပင်ပန်းလို့ အပူငွေ့ထွက်လို့ရှိရင် ပဋိဃာနုသယ ခေါ်တယ်၊ အဲဒီအချိန်မှာ ဆုံးဖြတ်ရင်လည်း မှားတတ်သေးတယ်။ အရမ်းပင်ပန်းရင် ဘုရား တရားမဟောဘူးလေ။
ဟိုတနေ့က နွားပျောက်ရှာတဲ့ ပုဏ္ဏားတစ်ယောက်လေ၊ နေမြင့်မှ နွားလည်းတွေ့ရော ပြေးလာတာ ထမင်းတောင်မစားရသေးဘူး။ ဘုရာဖူးချင်လို့၊ တရားနာမလို့။ ဘုရားက သူ့မှာလောင်နေတာသိတာကိုး။ မရသေးဘူး ဘုရားက သူ့ကို ထမင်းကျွေးခိုင်းသေးတယ်။ ထမင်းကျွေးပြီး အေးမှ တရားဟောပေးတာ။
အအေးဓါတ်ပြောင်းပစ်တာ၊ အေးမှ အလင်းဓါတ်ထွက်တာကိုး။ စိတ်နဲ့ရုပ်နဲ့ အညမည လေ။ အဲဒီတော့ အလင်းသမား အအေးသမားကျတော့ကား ငါ့ကို ဆဲတဲ့အခါမှာ ပြန်ဆဲခဲ့ရင် ရှေ့မှာ ရိုက်တဲ့ပုံလေးဖောလို့ရတယ်၊ အေးအေးဆေးဆေး ဖော်လို့ရတယ်နော်။ ပြီးရင် ရဲက လာဖမ်းမှာတွေ၊၊ အမှုဖြစ်မှာတွေ၊ ရုံးမှာရင်ဆိုင်မှာတွေ၊ ထောင်ကျမှာတွေ တန်းစီပြီး ဖော်လို့ရတယ်။
ခံစားရမယ့် နာရီတွေက အများကြီး၊ ဆုံးဖြတ်တာ ခဏလေးမို့လား။ အဲဒီတော့ သူဆဲနေတာ အချိန်ကာလ တစ်ခုကြာရင် ပြီးသွားမှာပဲ။ ရှောင်မယ်လို့ ဆုံးဖြတ်လိုက်တာပေါ့။ အဲဒါပညာရှိခေါ်တာ။ တစ်ခုခုကို အရှည်ကြီးမြင်အောင်ကြည့်တာက အဆုံးထိမြင်အောင် ကြည့်တာက ပညာအလင်း။
တင်းပြီးပူနေလို့ရှိရင်တော့ အတိုလေး ကြည့်ထားတာ၊ ဖြစ်ချင်တာ ဖြစ်ဟာပဲ။ ဖြစ်ချင်တာဖြစ်ဟာ မဟုတ်ဘူး၊ ဖြစ်ချင်တာ လျှောက်ဖြစ်ကုန်မှာနော်။ အဲဒါလွဲတာပဲ။ အဲဒီနေရာမှာ အလင်း အမှောင် ကွာသွားတာ။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
🙏🙏🙏
ဆစ်ဒနီနိုင်ငံတွင် ဟောကြားတော်မူခဲ့သော ဝဋ်သုံးပါးနှင့် အဆုံးသတ် တရားတော် မှ စာစီပူဇော်ပါသည်။
တရားနာယူရန်
https://youtu.be/LJPoMvekXN4?si=DUtLaMt7-qskw8qO
#တရားနာယူရန်
