❖ တင်းပြီးပူနေလို့ရှိရင်တော့ အတိုလေး ကြည့်ထားတာ၊ ဖြစ်ချင်တာ ဖြစ်ဟာပဲ။ ဖြစ်ချင်တာဖြစ်ဟာ မဟုတ်ဘူး၊ ဖြစ်ချင်တာ လျှောက်ဖြစ်ကုန်မှာနော်။ အဲဒါလွဲတာပဲ။ အဲဒီနေရာမှာ အလင်း အမှောင် ကွာသွားတာ။
❖ ဦးနေရီရဲ့သားလေးဆို နီတာဆိုတာရှိတယ်။ ကလေးလေးတည်းက ဘုန်းဘုန်းက တရားဟောလို့ရှိရင် ကလေးတွေကို ဟိုတုန်းကပျော်အောင်ဆိုပြီး သဲလေးပုံပေးထားတာ။ သဲပုံမှာ ဆော့နေကြာတာပဲ။ ဆော့ရင်းနဲ့ ကြားနေရတာ ဒီမောဟပညာကို အကြိမ်ကြိမ် နာနေရတာ ကလေးက ကြားနေရတာနော်။
❖ ကြားတော့ တက္ကသိုလ်ကျောင်းသားဖြစ်တော့ သူက လှတယ်၊ အရပ်ရှည်ကြီးနဲ့လှတယ်။ အဖေထက်ပိုချောတယ်။ ကလေးမတွေက ဝိုင်းနေတာကိုး။ စားသောက်ဆိုင် ကန်တင်းမှာ ထိုင်နေတော့ သူ့ခင်တဲ့ကလေးမလေးမှာ တစ်ယောက်ပါပါလိမ့်မယ်၊ ကောင်းမလေးတစ်ယောက်ရဲ့သူငယ်ချင်း ပါပါလိမ့်မယ်။ ကြည့်မရတော့ သူ့ကိုလာရန်စတာ။
❖ သူက အမှတ်တမဲ့သွားကြည့်တာကို ဘာကြည့်တာလဲတဲ့။ အနားလာပြီးရန်စတာ၊ ချမလားပေါ့။ သူက ဒီမောဟ ပညာ ပြန်ပေါ်လာတာ။ ကလေးက ဉာဏ်ကောင်းတာကိုး။ သူ့ လုပ်လို့ရှိရင် ကွင်းဆက်ကို ကြည့်လိုက်တော့ အမှုတွေဖြစ်မှာ၊ သေသွားလည်းမကောင်းဘူး။ ကွင်းဆက်အရှည်ကြီး သွားမြင်တော့မှ သူက ရယ်ပြီးတော့ သူငယ်ချင်းရာ မင်းမကြိုက်ရင် ငါ မကြည့်ပါဘူးကွာ၊ နောက်မကြည့်ပါဘူးကွာဆိုတော့ ဟိုက ဘာမှလုပ်လို့မရဘူး ပြန်သွားရတယ်။
❖ ရှင်းရှင်းလေးရယ် သူကနော် အလွယ်လေးပဲ မာန်လျော့လိုက်တာကိုး။ သားအောင်လာတယ်ဆိုတော့ သားတော်သားပဲလို့။ ငါ ဟောရကျိုးနပ်တယ်လို့။ သတ္တိကိန်းထားတာကိုး။ အဲဒီနေရာလေး လက်တွေ့မှာခက်တာကိုး။ ကိုယ့်ကို မဟုတ်တာလျှောက်ပြော တင်းပြီး ဒေါသဖြစ်ပြီး ဖြစ်ချင်ဖြစ်ဆိုရင် အဲဒါ မိုက်ပြီ။
❖ ပြောတဲ့အသံက ပြီးသွားပြီမို့လား။ အချိန်နဲ့ပိုင်းတော့ ရှိမှမရှိတော့တာ၊ ပြန်မလာတော့တာ၊ အဲဒါကို ထည့်ထားတာကိုး။ ဒင်းနေပစေတော့ တွေ့မယ်ဆိုတော့ တင်းထားတာ ဘယ်ကောင်းမလဲနော်။ လင်မယားချင်းတည့်တာ အဲဒါပါတာပေါ့။ ဒါကို သဘောပေါက်ထားရမယ်။ ပြီးတာ ပြီးသွားပြီလေ၊ မရှိတော့ဘူးလေ။
❖ အဲဒီသဘောကို နားလည်တာ ပညာရှိခေါ်တယ်။ အဲဒီပညာကို အသုံးချရတယ်နော်။ ပူလို့တင်းလာရင် ပညာရှိလို့ခေါ်သော်လည်း အဲဒီမှာ ဒေါသဖြစ်ရင် ပျက်တယ်တဲ့။ စာတွေ အများကြီးတတ်ထားတာပဲလေ။ ဒေါသ အပူကျတော့ကား ဝင်လိုက်ပြီဆိုရင် အမှောင်ဝင်လွှမ်းသွားတာ၊ ပညာမလာတော့ဘူး။
❖ ပညာတတ်တွေ စာတတ်တွေ အများကြီးပဲ၊ တခါတခါ အမှားတွေ ခဏခဏ ဖြစ်တာပဲလေ။ ဒေါသပါလို့။ ဒေါသဖြစ်လို့ရှိရင် မရဘူး မှားတာပဲ။ ပညာရှိကို ဒေါသဖြစ်ရင် ပျက်တယ်ဆိုတာ အဲဒါပြောတာ။ ဒီထဲမှာ လှောင်ထားတာ ပိဋကတ်တွေ အများကြီးကျက်ထားတာ ရှိတာပဲလေ။ စာတွေ အများကြီးကျက်ထားတာပဲ။
❖ ဒါပေမဲ့ ဒေါသက ပါတော့ ထွက်မလာဘူး။ သူက မှောင်နေတော့ သူက ငုပ်နေတော့တာပဲ။ နှလုံးအေးအေးနေမှ ရတာ။ ဘုန်းဘုန်းကိုယ်တိုင် ဒီသဘောသိတော့ ပြဿနာတစ်ခု တကယ်တွေ့လာပြီဆိုရင် တံခါးပိတ်ထားရတယ်။ အဲဒီပြဿနာကို မတွေးရဲသေးဘူး ခဏ။ တွေးလို့ရင် ဒေါသဖြစ်ရင် ကိုယ်လုံးကြီးမှ ပါသွားမှာစိုးလို့ တံခါးပိတ်ထားတာ။
❖ အဲဒီအကြောင်းမတွေးဘဲထားပြီးတော့ မှ တွေတော့မယ်ဆိုရင် တံခါးအလုံပိတ်ထားလိုက်တယ်။ တကယ်ဖြစ်တာနော် တခါတလေကျ တွေးရင်းနဲ့ ဇက်ဆို ထလိုက်တာ တံခါးသွားတိုက်တာ။ အဲဒီကျမှ ငါ မှားသွားပြီဆိုပြီး ပြန်ထိုင်ရတာနော်။ တကယ်ဖြစ်ခဲ့တာ။
❖ တကယ်ပြဿနာကြီးလို့ရှိရင် တံခါးပိတ်ပြီး တစ်ယောက်တည်းစဥ်းစားရတာပေါ့။ စဥ်းစားတဲ့အခါမှာ တကယ်ကို မဟုတ်တာ လုပ်ချင်တာ။ သတ်ချင်ဖြတ်ချင်လောက်အောင် ဖြစ်လာတာ။ စိတ်ကူးနဲ့ကို သတ်နေတာပေါ့နော်။ အဲဒါကို စိတ်ကူးနဲ့သတ်ပြီးလို့ရှိရင် ဘာဆက်ဖြစ်မယ် ဆက်တွေးရတာပေါ့။ ကျေနပ်သွားမှ ဆက်တွေးခိုင်းရတာ။ စိတ်က တော်တော်ဆိုးတာ။
❖ သြော် ဘာမှ ကောင်းကျိုးမလာပါလား၊ ဆိုးကျိုးများပါလား ဆိုတော့မှ အမှားမှန်းသိတော့မှ ပညာ ပြန်သွင်းရတာ။ တော်တော်ဆိုးတယ် တခါတလေကျ မနိုင်ခင်က အဲဒီလိုကြိုးစားရတာ။ အဲဒီတော့မှ အမှားကြီးပါလား ဘုရားဟောတာမှန်တယ်။ ဒေါသကြီးတုန်း ပူတုန်း မဆုံးဖြတ်ရဘူးဆိုတာ အမှန်။
❖ ဆုံးဖြတ်ရင် အကုန်အမှားချည်းပဲ။ ကွင်းဆက်ကို ဆက်တွေးရတာ၊ အဲဒီတော့အမှန်ပြန်ရတာ။ အဲဒီတော့ ကောင်းတာက အမြဲတမ်းအေးအောင်နေနိုင်ရင်တော့ အကောင်းဆုံးပဲ။ အကြောလျော့နေရမယ်။ အာရုံကြောလျော့ရမယ်။ အမြဲတမ်းအေးအောင် ကြိုးစားနေ၊ မအေးရင် ရေသာချိုးပစ်။ ရုပ်ကအေးမှလည်း အေးတာကိုး။
❖ အပြင်ကရုပ်အေးရင် စိတ်ပါ အေးလာတာကိုး။ ဒီတော့ အညမည ဖြစ်နေတာကိုး။ ထမင်းကျွေးတာ ကြည့်ပါလား။ ဗိုက်တာဆာပြီး ဒေါသဖြစ်ရင် ထမင်းစားလိုက်အုန်း၊ အေးအေးဆေးဆေး အေးသွားပြီဆိုရင် ပြန်မြင်တာပဲ။ စိတ်နဲ့ရုပ် အညမညကိုး။
❖ ဘုရားဟောအတိုင်း ပဋ္ဌာန်းနည်းက အကုန်သုံးတယ်။ အညမည နိဿယအားဖြင့် စိတ်နဲ့ရုပ် အညမည ဖြစ်မနေဘူးလား။ ရုပ်တွေပါ လောင်ပြီးပူလာရင် စိတ်က ပြောင်းတာကိုး။ ဒီအထာသိလို့ရှိရင် အိမ်တွင်းရေးလည်း သာယာတယ်။
❖ ကြာနီကန်ဘုရားဟောတာ မှတ်မိလိမ့်မယ်နော်။ လူတစ်ယောက် ဘုန်းကြီးလူထွက်၊ သူက တောမှာ ထင်းခုတ်သွားတော့ ထင်းခုတ်သမားအချင်းချင်းက ပြောတာ၊ မင်းမိန်းမက ကွယ်ရာမှာ မင်းကို ညာနေတာ။ သူကကျ ဘယ်လိုနေတာ၊ ဘယ်လိုထိုင်တာပေါ့။ မင်းကိုညာနေတာပေါ့၊ အဲဒါတွေးပြီး ဒေါသဖြစ်တာ။
❖ အိမ်ကျရင် ရိုက်မယ်ဆိုပြီးတော့ သူ ဝါးလေးသပ်လာတာ။ အိမ်ရောက်ရင် ရိုက်ပစ်မယ်ပေါ့၊ ဒေါသနဲ့၊ လှည်းမှာ ထိုးထားတာ။ အဲဒါ ထင်းတွေတင်ပြန်လာ။ မိန်းမက အင်မတန်အကင်းပါးတာ။ မျက်နှာကြောကြည့် သိတာကိုး။ အဲဒါ ထင်းတွေကူချ၊ ချွေးတွေသုတ်။ ချွေးလည်းသုတ်ပြီးရော ရေပါတိုက် ရေမိုးချိုး၊ ယုယုယယလုပ်တော့ ပြေနေပြီမရှိတော့ဘူး။
❖ အဲဒါ နွားတံလေးသွားတွေ့တာကိုး၊ အဲဒါဘာလုပ်ဖို့လဲမေးတော့ ရေမှုတ်ရိုးလုပ်ဖို့ ငါယူလာတာ။ ရေမှုတ်ရိုး ဖြစ်သွားရော။ သတ္တိပြောင်းသွားတာကိုး။ အဲဒီတော့ ယောကျ်ားက နည်းနည်း မျက်နှာကြော တင်းလာလို့ရှိရင်၊ စောစောစီးစီးချော့ရတယ်။ ချွေးတွေဘာတွေ သုတ်ပေးပေါ့နော်။ ပြုံးပြုံးရွှင်ရွှင် ဆက်ဆံလို့ရှိရင် ပြေသွားရင် သွားရောပေါ့။ ရိုက်မယ်တုတ်က ရေမှုန်ရိုးဖြစ်တာပဲနော်။ နားလည်မယ်နော်။
❖ သဘာဝတရားကဆက်စပ်နေတာ။ အေးချမ်းအောင် နေနိုင်မှ၊ နှလုံးအေးပြီး အကြောလျော့ပြီး အေးချမ်းမှသာ စိတ်ပါကြည်လာရင် အလင်းဓါတ်ထွက်လာတာ။ ရှိတဲ့တရားတွေ ပညာတွေက ပြန်ပေါ်လာတာ။ အဲဒီတော့မှ ပေါ်တာနော်။ ပူလို့ ကြမ်းနေရင် မပေါ်ဘူး။ ဒါကို အကဲခတ်ရမယ်။ တရားကျင့်တဲ့ပုဂ္ဂိုလ်က သိကိုသိရတယ်။
❖ အရမ်းအပင်းခံလို့ ပူလာတယ်ဆိုရင် ဉာဏ်ကဝပ်သွားရော မရတော့ဘူး။ ဒါကြောင့်မို့လို့ အရမ်းပင်ပန်းခံ၊ ဝီရိယနဲ့ ခြေဖဝါးမှာ သွေးခြေထွက်၊ တံတောင်ဆစ်က သွေးတွေထွက်နဲ့ တအားကျင့်တာ ရှိတယ်မို့လား။ ဘုရားကလျော့ခိုင်းယူရတယ်။ ပင်ပန်းရင် မရပြန်ဘူး။ ပဋိဃာဆိုတာ ဒေါသ ဖြစ်ရင် မှောင်သွားရင် ဉာဏ်မလာဘူး။
❖ အဲဒီတော့ ကိုယ်စင်ကြယ်မှ ချမ်းသာတာ။ အေးချမ်းရတယ်။ အေးချမ်းကြည်လင်တော့မှ အလင်းဓါတ်ထွက်တော့မှ ဟုတ်တိုင်းမှန်စွာ မြင်တာတဲ့။ ကိုယ်ချမ်းသာမှ သမာဓိဖြစ်တယ်။ အလင်းဓါတ်ထွက်တယ်။ အဲဒီတော့ ဟုတ်တိုင်းမှန်စွာမြင်တယ်တဲ့။ အေးအေးချမ်းချမ်း နေတတ်ရတယ်နော်။
❖ ဒီနိုင်ငံမှာ ပညာများတဲ့အကြောင်းက ကိုယ် မပင်ပန်းတာ တွေ့ရတယ်နော်။ ကားစီးလည်း ကားမှာအလုံ အဲကွန်းပါတယ်။ အဲဒီတော့ အေးနေတော့ စိတ်ပါအေးတာ။ အဲကွန်းမပါဘဲနဲ့ သွားးကြည့် မတူဘူး။
❖ ဘုန်းဘုန်းတို့ နယ်တွေသွားရင် တောမှာ အဲကွန်းကားမှ မဟုတ်တာနော်၊ တကယ်ပင်ပန်းတာ။ လူက နှုန်းပြီး ခရီးလေးငါးမိုင် သုံးလေးဆယ်သွားရင် နှုန်းသွားတာ။ နှုန်းရင် စိတ်တွေလည်း မကြည်တော့ဘူး။ အဲဒီတော့မှ ဒါလည်း ပတ်သက်တယ်လို့သိရတာ။
❖ ဒီမှာတော့ ကားစီးလည်း အေးအေးချမ်းချမ်းရှိတယ်။ အိမ်မှာနေလည်း အေးအေးချမ်းချမ်းများတာကိုး။ ကြည်တဲ့အချိန်က များတယ်၊ နောက်တာနည်းတယ်။ ပညာဝင်ဖို့က များတာပေါ့။ ဒါကြောင့်မို့လို့ အခံကောင်းတယ်ပြောတာ။
❖ အညာဘက်တွေ ဖုန်ထူတဲ့နေရာ သွားဟောမလွယ်ဘူး။ ဖုန်တွေက အရမ်းထူတာ၊ နေကလည်းပူ။ နွေဘက်ကို သွားဟောရင် ပိုဆိုးသေးတယ်။ အဲဒါချွေးတွေပြန်၊ စားရင် ငရုတ်သီးမှလည်းစားတာ။ နေ့လယ် ငရုတ်သီးချက်၊ ဘာချက်လဲဆို ငရုတ်သီးချက်ပဲ။
❖ တကယ် ငရုတ်သီးအရှည်တွေကို ဒီတိုင်းချက်ထားတာ ဘာမှမပါဘူး။ အဲဒါ စားကြတာ။ သူစားနိုင်တာ အံ့ရောပဲ။ ငရုတ်သီးချက်ဆို တခြားဟာရောတယ်ထင်တာ၊ ရောကိုမရောတာ။ ဒီလောက်ပူနေမှတော့ ဘယ်ဉာဏ်ကပွင့်မှာတုန်း။
❖ ကံ စိတ် ဥတု အာဟာရ တွဲရက်ပဲမို့လား။ ကံရုပ်ပြီးတော့၊ စိတ်၊ ဥတု၊ အာဟာရ တွဲမနေဘူးလား။ တွဲတယ်နော်။ အညမညဖြစ်နေပါတယ်။ ခန္ဓငါးပါး သိ ဆို ဒါတွေ ပေါင်းတာနော်။ နောက်စိတ်ကလည်း ဒီတိုင်းပဲ၊ သူနဲ့တွဲတော့ကား အလင်းထွက်တာလည်း ဒါနဲ့ဆိုင်ပါတယ်လို့ မှတ်ထား။
❖ တရားကျင့်ရင် အကင်းပါးပါးကျင့်နော်။ အေးအေးချမ်းချမ်းနေရတယ်။ ခန္ဓာကိုယ်သက်သာအောင် ထားရတယ်။ အစားနင်းကန်စားလို့ ဗိုက်ကြီးအင့်ပြီး ငိုက်နေလည်းမရဘူး။ အစပ်တွေလည်း တအားမစားနဲ့။ ကိုယ့်ကိုယ်ကိုယ် သက်သာအောင်နေသွားနော်။ အေးချမ်းအောင်နေမှ ရမှာနော်။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
🙏🙏🙏
ဆစ်ဒနီနိုင်ငံတွင် ဟောကြားတော်မူခဲ့သော ဝဋ်သုံးပါးနှင့် အဆုံးသတ် တရားတော် မှ စာစီပူဇော်ပါသည်။
တရားနာယူရန်
