logo

သစ္စာပါရမီ

ဓမ္မရိပ်သာ

အမေ့စိတ်

အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ
6/23/2026
အမေ့စိတ်

★ ဒီနေ့ညနေကတော့ မိသားစု တရားပွဲပါပဲ။ တချို့ကတော့ သွေးသားနဲ့ မိသားစုတော်တယ်။ တချို့ကျတော့ လူမူရေးနဲ့ တော်စပ်ကြတယ်။ တချို့ကျတော့ လုပ်ငန်းခွင်နဲ့ တော်စပ်ကြတယ်။ တချို့ကျတော့ တရားဓမ္မနဲ့တော်စပ်ကြတယ်ပေါ့။ အဲဒီတော့ မိသားစု တရားပွဲဆိုတာက မိသားစုတွေအတွက် ဟောကြားတဲ့တရားပွဲပေါ့၊၊

★ ဒီနေ့ လွန်ခဲ့သောတစ်နှစ်က ဘဝတပါးသို့ပြောင်းသွားတဲ့ ဒကာမကြီးဒေါ်ခင်စန်းမြင့်ကို အကြောင်းပြုပြီးတော့ ကျန်ရစ်သူ ခင်ပွန်းဖြစ်သူ ဒကာကြီး ဦးသန်းအေးနဲ့ သမီးနှစ်ယောက်၊ နောက်ပြီးတော့ မောင်နှမတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ ဒီတရားပွဲနဲ့ ဒကာမကြီးကို သတိရတယ်ပေါ့။ အောက်မေ့တယ်ပေါ့။ 

★ အောက်မေ့တဲ့နေရာမှာ ဘုန်းဘုန်းက အမေ့စိတ် ဆိုတဲ့တရားနဲ့ အမေ့ရဲ့စိတ်ဆိုတဲ့တရားနဲ့ နည်းနည်းလည်းပဲ အချိန်လေးရသလောက် အာရုံလေးရသလောက်ရှင်းပြမယ်။ ပြီးရင် ဒီဟာနဲ့ပတ်သက်ပြီးတော့ ဗြဟ္မစိုရ်တရားနဲ့လည်း တရားထိုင်ပါမယ်။ 

★ ပြောမယ်ဆိုရင်တော့ ဒီမိသားစု တရားထဲမှာ ဘုန်းဘုန်းက ဟောတရားရော၊ ရှုတရားရော နှစ်ခုစလုံး ပေးချင်ပါတယ်။ ရှုတရားကတော့ အိမ်ပြန်ရောက်တဲ့အခါမှာလည်း အသုံးပြုနိုင်အောင်၊ လုပ်ငန်းခွင်မှာလည်း ဒီစိတ်ထားပြီး နေနိုင်အောင်ပေါ့။ အမေ့ရဲ့စိတ်။ 

★ အမေ့ရဲ့စိတ်ဆိုတာ အမေ့ရဲ့ဂုဏ်ကျေးဇူးကို ဘုန်းဘုန်းက ပြောပြဖို့ မဟုတ်ပါဘူး။ အမေ့ဂုဏ်ကျေးဇူးနဲ့ပတ်သက်တဲ့တရားတွေ အများကြီးပဲ။ YouTube ပေါ်မှာလည်းရှိတယ်။ ဆရာတော်ကြီးတွေ ဟောထားတာ ဘုန်းဘုန်း ရှာကြည့်တာပေါ့နော်၊ အများကြီးရှိတယ်။ စာအုပ်တွေလည်း ရှိတယ်။ 

★ အဲဒီတော့ ဒီနေ့ ပြောချင်တာကတော့ အမေ့ကျေးဇူးအစား၊ အမေ့ရဲ့စိတ်ကို ပြောမယ်။ အဲဒီအမေ့ရဲ့စိတ်က အမေမှ ရှိသင့်တာ မဟုတ်ဘူး။ သားသမီးတွေလည်း အမေစိတ်ရှိသင့်တယ်။ ဖခင်ဖြစ်သူ ဒီနေ့ ဒကာကြီးဦးသန်းအေး၊ နောက်ပြီးတော့ ဒကာမကြီးဒေါ်ခင်စန်းမြင့်ရဲ့ မောင်အရင်းဖြစ်တဲ့ ဒကာကြီး ဦးစိုးအောင်တို့လည်း ဒါ အမေစိတ်ရှိရမှာပေါ့။ ပြောမယ်ဆိုရင် ဘုန်းဘုန်းကိုယ်တိုင် အဲဒီ အမေစိတ်နဲ့ နေရမယ်။ 

★ အမေရဲ့စိတ်၊ ဒါဖြင့် အဲဒီအမေရဲ့စိတ်ကို ဒီနေ့ ဆင်ခြင်ကြရအောင်။ မေတ္တသုတ် လူတိုင်းနီးပါးရတယ်။ သီရိလင်္ကာနိုင်ငံမှာဆိုရင်တော့ ဗုဒ္ဓဘာသာကလေးတိုင်း ကျောင်းတက်တဲ့ဗုဒ္ဓဘာသာကလေးတိုင်း ရတယ်၊ သူက အတန်းကျောင်းမှာသင်တာကိုး။ အလွတ်ရတာ၊ မေတ္တသုတ်။ မင်္ဂလသုတ်ရယ်၊ မေတ္တသုတ်၊ ရတနသုတ် အဲဒီသုံးသုတ် သူတို့တွေ အလွတ်ရတယ်။

★ အဲဒီတော့ မေတ္တသုတ်ထဲမှာ မာတာယထာ နိယံပုတ္တ ဆိုတာ မိခင်စိတ်လိုထားပါ။ မိခင်က တဦးတည်းသော ရင်သွေးရှိတဲ့မိခင်။ နမူနာပြောတာနော်။ သားသမီးဘယ်နှစ်ယောက်ပဲရှိရှိ တစ်ယောက်တည်းပဲရှိတဲ့ မိခင်ရဲ့စိတ်မျိုးထားပါတဲ့။ 

★ ဒီနေရာမှာ သူက attention ကို ပြောတာ။ focus ကိုပြောတာ။ ထမင်းစားနေတဲ့အချိန်မှာ အစာအာဟာရအပေါ်မှာ စိတ်မရှိဘူး။ လုပ်ငန်းခွင်ထဲမှာ စိတ်ရောက်နေမယ်ဆိုရင် focus က ထမင်းစားတာမှာ မရှိဘူး။ focus က တစ်ခုမကတော့ ဟိုယောက်ဒီယောက်ဖြစ်နေတယ်။ အင်္ဂလိပ်ပြောရင်တော့ scatter ဖြစ်တယ်ခေါ်တာပေါ့။ ဟိုဟိုဒီဒီပျံ့လွင့်တာ။ အဲဒါဆိုရင် ဒါ အမေစိတ် မဟုတ်ဘူးတဲ့။ 

★ မြန်မာလူမျိုးတွေအနေနဲ့ စားတာက ဟင်းကများတယ်။ မြန်မာမှ မဟုတ်ပါဘူး အရှေ့တောင်အာရှရဲ့ ယဥ်ကျေးမှုက ဟင်းခွက်တွေများတယ်။ တောင်အာရှအနေနဲ့ဆိုရင် သူတို့က ဟင်းတော့ အရှေ့တောင်အာရှလိုပဲ အများကြီးချက်ပါတယ်၊ ဒါပေမဲ့ သူတို့က တစ်ပန်းကန်ထဲမှာ ပုံပြီးတော့ စားတာပေါ့။ 

★ အိန္ဒိယရော သီရိလင်္ကာရော နီပေါလ်ရော ဘုန်းဘုန်းရောက်ဖူးတဲ့နိုင်ငံပေါ့၊ အဲဒီလိုစားကြတာ။ ပါကစ္စတန်တော့ မရောက်ဖူးသေးဘူး။ အရင်သံအမတ်ကြီးပင့်ပါတယ် ဒါပေမဲ့ မရောက်ဖြစ်ဘူး။ ပါကစ္စတန်တို့ အာဖဂန်နစ္စတန်တို့ မရောက်ဖူးဘူး။ သူတို့တွေ ဘယ်လို eating habit ရှိတယ်ဆိုတာ ဘုန်းဘုန်း မပြောပြနိုင်ဘူး။

★ အဲဒီတော့ ဟင်းအမယ်များတဲ့အခါကျတော့ ဒီတစ်မယ်ကို စားနေတုံး နောက်တစ်မယ်ကို စိတ်ရောက်သွားရင် အဲဒါ distractive ဖြစ်တာ။ distractive ဖြစ်တယ်ဆိုရင် တဦးတည်းသော ရင်သွေးရှိတဲ့ မိခင်ရဲ့ attention ကိုယ့်မှာမရှိတော့ဘူး။ 

★ အဲဒါကြောင့် ဝင်လေထွက်လေကို ကြည့်ခိုင်းတယ်ဆိုတာ ဒီနေရာမှာ စိတ်နေတတ်အောင် သင်ပေးတာပေါ့။ ဒီမှာနေတဲ့အခါကျတော့ စိတ်က နေလား။ ဝင်လေထွက်လေမှာ နေခိုင်းတဲ့အခါကျမှ စိတ်က တစ်နေရာတည်းမှ မရှိမှန်း၊ တစ်နေရာတည်းမှာ မနေမှန်း ကိုယ်သိတာ။ 

★ အဲဒီလိုသိအောင် ဝင်လေထွက်လေမှာ နေခိုင်းတာ။ ဝင်လေထွက်လေ ပင့်ကူအိမ်အနေနဲ့ဆိုရင် သူက အလယ်ခေါင်မှာနေပါတယ်တဲ့။ အလယ်ခေါင်မှာရှိတယ်။ ပင့်ကူက သူ့အိမ် တည်ဆောက်ပြီးပြီဆိုရင် သူ ဘယ်မှာနေလဲဆိုရင် အလယ်ခေါင်တည့်တည့်မှာနေတယ်။ အလယ်ခေါင်မှာနေပြီး ပြီးတော့ဘာလုပ်တာလဲဆိုရင် အဲဒီ spider က ငြိမ်ငြိမ်နေတာနော်၊ အဲဒါ မိခင်ရဲ့စိတ်ပဲ။ 

★ ငြိမ်ငြိမ်နေတယ်။ ဘာမှမလုပ်တာကို ပြောတာ မဟုတ်ဘူးနော်။ သူက quiet and alert. နို့တိုက်နတဲ့ မိခင်က very quiet ပဲ။ အထူးသဖြင့် သူ့ရဲ့ကလေးက သူ့ပေါင်ပေါ်မှာ အိပ်နေတယ်ဆိုရင် ပိုပြီးတော့တိတ်ဆိတ်တယ်၊ ပိုပြီးတော့ quiet ဖြစ်တယ်။ ဒါပေမဲ့ အဲဒီအမေက အရမ်းကို နိုးကြားတယ်။ 

★ ကလေးက နို့ဝပြီလား၊ မဝဘူးလား။ ကလေးနို့စို့တာ နို့ထွက်လား မထွက်ဘူးလား။ ကလေးနေကောင်းလား။ ကလေးရဲ့မျက်နှာကိုကြည့်လိုက်၊ အသားတွေကိုကြည့်လိုက်၊ ခြေလက်လေးတွေကြည့်လိုက်။ တခါတခါကျတော့ မျက်စိကနေမကြည့်ဘူး ခန္ဓာကိုယ် အထိအတွေ့ကနေ ခံစားလိုက်။ နှလုံးသားနဲ့ခံစားလိုက်။ 

★ သူ့ရဲ့လက်ထဲမှာရှိနေတဲ့ သူ့ရဲ့သားလေးအတွက် သူရှိတဲ့ dedication လေ၊ အဲဒါကို soul dedication လို့ခေါ်တယ်။ တစ်ခုတည်းသော dedication။ အဲဒီဟာကိုပြောတာ “အာယုသာ ဧကပုတ္တ မနုရက္ခေ” တဲ့၊ အသက်နဲ့ တဦးတည်းသောသားကို စောင့်ရှောက်တယ်ဆိုတော့ very high dedication ။ 

★ ဒကာမကြီး ဒေါ်ခင်စန်းမြင့်အနေနဲ့ဆိုရင် သမီးနှစ်ယောက်ရတာ အသက်နည်းနည်းကြီးမှ သမီးနှစ်ယောက်မွေးတယ်လို့ ဘုန်းဘုန်းကို ဒကာမကြီးက ပြောပြတယ်။ အဲဒီလိုဖြစ်တဲ့အခါကျတော့ သူ့သမီးတွေပေါ်မှာ သူ့ dedication ဖြစ်ပုံလေ၊ သူပြောပြတာ။ တချို့ဟာကျ သူ မပြောပြဘူး။ သူ့ရဲ့ညီမတွေက ပြောပြတယ်။ ကလေးတွေကြီးသည်အထိ ဒီလိုပဲ ထမင်းခွံ့ကျွေးတယ်တဲ့၊ dedication ပြောပါတယ်။ 

★ သူ့မှာ စိတ်ပျံ့လွင့်မယ်ဆိုရင် အများကြီးပျံ့လွင့်စရာရှိတာပေါ့။ televisión လုပ်ငန်းထဲမှာ လုပ်တာလေ၊ သတင်းတွေ တမ္ဘာလုံးက သတင်းတွေ ကြေငြာရတာ၊ announcer အနေနဲ့၊ အဲဒါတွေ ဖတ်ရတာ အရမ်းကို distractive ဖြစ်တဲ့နေရာပေါ့။ ဒါပေမဲ့ အဲဒီနေရာမှာ နေပေမဲ့ သူ့ရဲ့မိခင်စိတ်က၊ မိခင်စိတ်ဆိုတာ သူ့မှာ ဒီသမီးလေးနှစ်ယောက်မွေးလာမှ ဒီမိခင်စိတ်ရှိတာမဟုတ်ဘူးနော်။ 

★ သူက မိသားစုထဲမှာ အကြီးဆုံး၊ သမီးအနေနဲ့ အောက်ကမောင်တွေ၊ ညီမတွေ ကြည့်တဲ့နေရာမှာလည်း အဲဒီမိခင်စိတ်နဲ့ကြည့်မှာပဲ။ ဒါက ဒကာမကြီးအန်တီစန်းရဲ့ စိတ်ပေါ့နော်၊ မိခင်စိတ်ဖြစ်အောင် သူကြိုးစားပြီးတော့ နေသွားတာပေါ့။ သူ့မှာ မိခင်စိတ်ရှိတယ်‌ပေါ့။ 

★ သမီးကြီး အင်္ဂလန်မှာ ကျောင်းတက်တဲ့အချိန် ဘုန်းဘုန်း အင်္ဂလန်ကို အလည်သွားတော့ ဘုန်းဘုန်း တရားစခန်းလုပ်ရင် ဒကာမကြီးက တရားလာဝင်တယ်။ သူ့မိတ်ဆွေ ဒကာမကြီးဒေါ်နန်းမြဦးဆိုတာ အန်တီနန်းတို့ လာဝင်ကြတယ်။ ဘုရားဝတ်တဲ့အချိန်၊ တရားထိုင်တဲ့အချိန်၊ တရားဆွေးနွေးတဲ့အချိန်၊ အဲဒါမျိုးတွေရှိတာ။ အဲဒီကြားထဲမှာ မီးဖိုချောင်ထဲ ဝင်ပြီးတော့ သူတို့တွေ ချက်ပြုတ်တဲ့အချိန်၊ ဝေယျာဝစ္စလုပ်တဲ့အချိန်၊ အဲဒါတွေလည်းရှိတယ်။ 

★ အဲဒီဟာတွေအားလုံးကို မိခင်စိတ်နဲ့လုပ်ရင်ပေါ့၊ ဥပမာ ချက်ပြုတ်တဲ့အချိန်မှာ ဟင်းတစ်မယ်ကို ချက်ပြုတ်တယ်။ အဲဒီချက်ပြုတ်တဲ့အချိန်၊ ကြက်သွန်တွေ လှီးချွတ်နေတဲ့အချိန်ဆိုရင် အဲဒီမှာပဲ စိတ်ရှိတယ်။ ဆေးကြောတဲ့အချိန်ဆို အဲဒီမှာပဲ စိတ်ရှိတယ်။ စိတ်က အဲဒီမှာပဲ ရှိတယ်။ ထမင်းချက်တဲ့အချိန် အဲဒီမှာပဲ စိတ်ရှိတယ်ဆိုရင် အဲဒါ မိခင်စိတ်ပဲ။ 

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်

ပါမောက္ခ ‌ဒေါက်တာအရှင်ဓမ္မသာမိ

🙏🙏🙏

(၁၁.၁.၂၀၂၆) ဇဗ္ဗူသီရိဗိမာန်တွင် ဟောကြားတော်မူခ‌ဲ့သော အမေ့စိတ်တရားတော်မှ စာစီပူဇော်ပါသည်။