logo

သစ္စာပါရမီ

ဓမ္မရိပ်သာ

အပိုစိတ်များရင် မိခင်စိတ်အားနည်းသွားတယ်

အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ
6/29/2026
အပိုစိတ်များရင် မိခင်စိတ်အားနည်းသွားတယ်

★ Harvard တက္ကသိုလ်မှ Prof. Ellen Lanker ဆိုတဲ့ ဆရာမကြီး နှစ် ၅၀ ကျော်လောက် သတိပဋ္ဌာန်သင်ပေးတယ်။ ရိုးရိုးရှင်းရှင်း မဟာစည်နည်း မင်းကွန်းနည်းနဲ့ သင်တယ်ပေါ့။ မှတ်တဲ့ဟာ noting… noting… noting 

★ Mindfulness ဘာလုပ်ရမှာတုံး။ You just note. တဲ့။ If you note, you see manything new. တဲ့။ You never get bored. တဲ့။ note လုပ်တယ်ဆိုရင် compare လုပ်ဖို့တောင် မလိုဘူးတဲ့ မြင်သွားတာ။ တန်ဖိုးတွေလည်း မြင်သွားတယ်။ အဟောင်းတွေလည်းမြင်တယ်၊ အသစ်တွေလည်းမြင်တယ်။ 

★ တရားစကားနဲ့ပြောရင်တော့ ပင်ကိုယ်စိတ်နဲ့ အပိုစိတ်ဆိုတာလေ၊ ပင်ကိုယ်စိတ်က နဂိုကတည်းက ဖြူစင်တဲ့စိတ်ပေါ့။ မျက်စိကနေ မြင်တယ်ဆိုရင် မျက်စိတ်ကနေပြီးတော့ ပန်းမြင်တယ် ဆိုပါတော့။ ပန်းမြင်တယ်ဆိုရင် မျက်စိက ပန်းမြင်တာ သူက ကြိုက်တာ မကြိုက်တာ အဲဒီစိတ် မပါသေးဘူး။ အဲဒါ ပင်ကိုယ်စိတ်။ 

★ ဒီဟာကြီးက ဘယ်လိုဖြစ်တယ်၊ ညာလိုဖြစ်တယ်၊ judgemental ဖြစ်လာပြီ၊ opinion တွေ အများကြီးပေါ်လာပြီ၊ အရင်တုန်းက တွေ့ဖူးတဲ့ပန်းတွေနဲ့ စပြီးတော့ နှိုင်းယှဥ်လိုက်ပြီ။ နှိုင်းယှဥ်ပြီးတော့ ဒီပန်းကို ဘယ်လိုဖြစ်တယ်၊ ညာလိုဖြစ်တယ်၊ အဲဒီလို စ ဝေဖန်ပြီဆိုရင် အဲဒါ အပိုစိတ်တဲ့။ 

★ အပိုစိတ်များရင် မိခင်စိတ်အားနည်းသွားတယ်။ အမေစိတ်အားနည်းသွားတယ်၊ dedication နည်းသွားတာကို ပြောတာ။ အန်တီစန်းဆို့ အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်ကျောင်းမှာ ရှိတဲ့အချိန်၊ ဘုန်းဘုန်း မယ်တော်ကြီးရဲ့ နှစ်ပတ်လည် အလှူတွေလုပ်တာပေါ့။ အဲဒါ ဘုန်းဘုန်းကိုယ်တိုင် ပန်းထိုးတယ်။ သူတို့တွေ ယူလာပေးတဲ့ပန်း ဘုန်းဘုန်း ပန်းထိုးတယ်။

★ ပန်းထိုးတဲ့အခါမှာ အဲဒီပန်းကို ကြည့်ပြီးတော့ ဘုန်းဘုန်းထိုးတဲ့ အပွင့်တွေပေါ့၊ တချို့အရောင်တွေကို ၆ပွင့်ထိုးတယ်၊ တချို့အရောင်တွေကို ၉ပွင့်ထိုး။ တချို့အရောင်တွေကို ၁၀ပွင့်ထိုးတယ်။ ပြီးရင် ကြားထဲမှာ သူများထည့်သလိုပဲ filler လေးတွေထည့်တယ်။ ပြီးရင် အန်တီစန်းတို့မေးတယ်၊ ဘုန်းဘုန်း ဒီဟာက အရေအတွက်တွေ မတူတာ မေးတယ်။

★ ဒီ ၆ ပွင့်က တရားဂုဏ်တော်ပါ၊ သွက္ခာတော ဘဂဝတာဓမ္မော။ ဘုန်းဘုန်းရဲ့ မယ်တော်ကြီးက တရားနဲ့တွေ့တဲ့အခါ အထူးသဖြင့် မယ်တော်ကြီးကတော့ မူလမင်းကွန်းကမ္မဋ္ဌာန်းရိပ်သာရဲ့ ယောဂီပေါ့။ တရားစခန်းတွေ ခဏခဏ ဝင်တယ်။ အဲဒီလို တရားနဲ့တွေ့တဲ့အခါကျမှ သူက မိခင်စိတ်ပိုပြီးတော့ တောက်ပလာတယ်။ 

★ အဲဒီမတိုင်ခင်ကတော့ စဥ်းစားကြည့်ပေါ့၊ ကလေး ၈ ယောက်ဆိုတော့ ဘယ်လောက် အလုပ်ရှုပ်မလဲ။ ကလေး ၈ ယောက်နဲ့ အလုပ်ရှုပ်တဲ့အချိန်မှာ တချို့ အချိန်မှာဆိုရင်လေ pressure တွေ များလွန်းလို့ အမေက စကားပြောတဲ့အချိန်မှာ အသံမြင့်တဲ့အချိန်တွေရှိတာပေါ့။ 

★ အဲဒီ အသံမြင့်သွားတဲ့အချိန်မှာ ဘုန်းဘုန်းရဲ့ မယ်တော်ကြီးက သူ့စိတ်ထဲမှာ အမေစိတ်၊ အားနည်းသွားတဲ့အချိန်၊ လောကရဲ့ စိတ်ဖိစီးမှု pressure များတဲ့အချိန်မှာ တခါတလေ သူ အဲဒီလို ဖြစ်သွားတဲ့အခါမှာ မကြာခင် သူ ပြန်သတိရတယ်။ ပြန်သတိရတဲ့အခါမှာ အမေစိတ် ပြန်ဝင်တယ်။ သြော် အဲဒီစိတ်ဖြစ်သွားတယ်။ 

★ ဒါပေမဲ့ တရားမဝင်ခင်မှာတော့ အဲဒီအမေစိတ်ကို အားကောင်းအောင် သူ မလုပ်တတ်သေးဘူး။ အားကောင်းအောင် မလုပ်တတ်သေးတဲ့အခါကျတော့ သူ့ရဲ့စိတ်ထဲမှာ အမေစိတ်လည်းရှိတယ်၊ သမီးစိတ်လည်းရှိတယ်ဆိုတာ အဲဒီနှစ်ခု သူ မခွဲနိုင်သေးဘူး။ 

★ အလုပ်တစ်ခု လုပ်တဲ့အခါမှာ pressure များပြီးတော့ short tempered ဖြစ်သွားတယ်၊ စိတ်တိုသွားတယ်။ အဲဒါဆိုရင် သမီးစိတ်နော်။ အဲဒီသမီးကို ဘယ်သူက စောင့်ရှောက်မှာတုန်း။ အဲဒီသားစိတ် သမီးစိတ် ဘယ်သူက စောင့်ရှောက်တာလဲဆိုတော့ အမေက စောင့်ရှောက်တယ်။ ကိုယ်တစ်ယောက်တည်းမှာနော်။

★ ဘုန်းဘုန်းအနေနဲ့ဆိုရင် ဘုန်းဘုန်း စိတ်ထဲမှာ သား စိတ်လည်းရှိတယ်၊ သားစိတ်ရှိရင် သူက မလုံလောက်ဘူး။ သားက အမေကို လုံးလုံးလျားလျား မှီခိုတယ်လေ။ မိဘကို လုံးလုံးလျားလျား မှီခိုတယ်။ ငယ်ငယ်တုန်းက ဆိုရင် ကိုယ့်ဟာကိုယ်လည်း မစားတတ်ဘူး။ နို့တောင်မှ ကိုယ့်ဟာကိုယ် မစို့တတ်ဘူး။ ငိုပဲ ငိုတတ်တယ်။ 

★ အဲဒီဟာတွေအားလုံး အမေကနေ စောင့်ရှောက်ရတယ်။ ဒါဖြင့် စောင့်ရှောက်တယ်၊ စောင့်ရှောက်တဲ့ အခန်းကဏ္ဍ။ စောင့်ရှောက်တယ်၊ မွေးမြူတယ်။ အဲဒီဟာတွေက မိဘရဲ့အခန်းကဏ္ဍပေါ့။ အမေစိတ်လို့ပြောရင် အဖေစိတ်ပါ ပါတယ်။ မိဘစိတ်ပေါ့။ ဒါဖြင့် ကျွေးမွေးတဲ့ ဒီစိတ်၊ ကိုယ့်ရဲ့စိတ်ထဲမှာ ဒေါသဖြစ်သွားရင် အဲဒါ ကလေးစိတ်ဖြစ်သွားပြီလေ။ 

★ ကလေးစိတ်ကို ဘာခေါ်တုံးဆိုတော့ မသိစိတ်လို့ခေါ်တာ၊ subconscious mind လို့ခေါ်တာ။ မသိစိတ်လို့ခေါ်တာ။ ဘုန်းဘုန်းတို့ မာနဖြစ်တယ်၊ ဒေါသဖြစ်တယ်၊ ငါ ငါ ဆိုပြီးတော့ ဖြစ်တယ်။ အဲဒီလို ဖြစ်တဲ့အချိန်တိုင်းမှာ ကိုယ်က ကလေးစိတ်ဖြစ်နေတာ။ 

★ အနောက်နိုင်ငံရဲ့ အသုံးနဲ့ဆိုရင်တော့ subconscious mind ပေါ့။ ကလေးစိတ်ဖြစ်နေတာတဲ့။ အဲဒီကလေး ဒီတိုင်း သူ့ကို စောင့်ရှောက်တဲ့သူမရှိရင်တော့ သူ ငိုတယ်၊ ပြီးရင် စိတ်ဆိုးတယ်။ ပြီးရင် trauma ဖြစ်သွားတယ်၊ စိတ်ဒဏ်ရာ ဖြစ်သွားတာပေါ့။ အဲဒီဟာကို ပုဂ္ဂိုလ်ရေးအရ မကြည့်နဲ့တဲ့။ ဒီကလေးက ဆိုးတယ်ဆိုပြီးတော့ မလုပ်နဲ့။ personalized လုပ်ရင် အဲဒါ သက္ကာယဒိဋ္ဌိဖြစ်တယ်၊ personalized မလုပ်နဲ့။

★ အင်္ဂလိပ်လို စကားလုံးနှစ်လုံး ထည့်ပြောမယ်၊ data နဲ့ identity, trauma ဖြစ်တယ်ဆိုရင် အဲဒီ traumatic experience ကို ဒါ data အနေနဲ့မြင်ပါ။ data အနေနဲ့မြင်တယ်ဆိုရင်တော့ အချက်အလက် သုတေသနလုပ်တဲ့နေရာမှာ အချက်အလက်လေးတွေအနေနဲ့ မြင်တာ။ 

★ တချို့ကျတော့ ဒီဟာကို ဒီလိုဖြစ်ရင် ဒီဟာလိုက်လာတယ်။ ဒီဟာဖြစ်ရင် ဒီဟာ လိုက်မလာဘူး၊ အဲဒီလို ဒေတာ ရှုထောင့်ကနေ မြင်မြင့်အစား ဒီဟာက ငါ့ကို ဒီလိုဖြစ်တယ်၊ ငါ့ကို ဒီလိုလုပ်တယ်။ ငါ ဒီလိုခံစားရတယ်ဆိုတော့ ဘာဖြစ်သွားတုံး။ ငါ ဖြစ်သွားတယ်။ အဲဒါကို identity လို့ခေါ်တယ်။ 

★ data လုပ်မယ့်အစား၊ data collect လုပ်မယ့်အစား ကိုယ်က ဘာလုပ်လိုက်တုံး၊ identity တည်ဆောက်လိုက်တယ်။ identity တည်ဆောက်တာကိုပဲ ဒါ အပိုစိတ်တွေများတယ်လို့ခေါ်တယ်။ အပိုစိတ်တွေ တိုးလာတယ်။ 

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်

ပါမောက္ခ ‌ဒေါက်တာအရှင်ဓမ္မသာမိ

🙏🙏🙏

(၁၁.၁.၂၀၂၆) ဇဗ္ဗူသီရိဗိမာန်တွင် ဟောကြားတော်မူခ‌ဲ့သော အမေ့စိတ်တရားတော်မှ စာစီပူဇော်ပါသည်။ 

#တရားနာယူရန်

https://youtu.be/WXkpfwh6rt0?si=JyOdFqTeMCJT_oMf