logo

သစ္စာပါရမီ

ဓမ္မရိပ်သာ

သောကကိုဖယ်၊ ဒါနနဲ့ပျော်၊ မေတ္တာပေါင်းပါ

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
9/3/2026
သောကကိုဖယ်၊ ဒါနနဲ့ပျော်၊ မေတ္တာပေါင်းပါ

❖ သောတာအာပတ္တိ စကားလေးကို စဥ်းစားကြည့်ရအောင်နော်။ သောတာပန်စကားက ဉာဏ်ကိုပြောတာပါတဲ့။ သောတာဆိုတာ တဏှာမရှိရာလမ်းကြောင်း။ တဏှာအစပ်ပြတ်ပြီးတော့ကား တဏှာ နိရောဓဆိုတဲ့လမ်းလေး၊ နိဗ္ဗာန်လမ်းလည်းခေါ်တယ်။ ဝဋ်ရဲ့အဆုံးလမ်းကို အာပတ္တိ ဉာဏ်နဲ့ဦးစွာရောက်သွားပြီတဲ့ဗျ။ ပြီးပြီးသား တကယ်ပြီးနိုင်သွားတာကိုဗျ။ 

❖ အဲဒီပုဂ္ဂိုလ်တွေမှာက အမြင်မှားသုံးခုကို ပယ်ပြီးသားဖြစ်နေတယ်။ အကောင်အထည်သတ္တဝါထင်တာက သက္ကာယဒိဋ္ဌိ၊ ရှိသေးလား။ ကြိုက်သလောက်တွေးလိုက်၊ မျက်စိမှိတ်လိုက်တယ်၊ ရှူဆဲမှာ ကိုယ်မှာလောင် အမူအရာပေါ်သမျှသည် ကိုယ်မှာ ဓါတ်သဘောပဲသိရတယ်။ တွေးတဲ့အမူအရာလည်း သတ္တဝါ ဟုတ်သေးလား။ (မဟုတ်ပါဘူး ဘုရား)။ ရှင်းသွားပြီ။

❖ ဆက်တွေးတဲ့အခါမှာ အပူဓါတ်များလာရင် အစုန်လမ်း၊ မေတ္တာပေါင်းရင် အဆန်လမ်း၊ ခန္ဓာနိရောဓမြင်ရင်တော့ တဏှာအစပ် ဆက်အုန်းမှာလား။ နိဗ္ဗာန်လမ်းလို့ သိသွားပြီဆိုရင် ဝိစိကိစ္ဆာ မလာတော့ဘူး။ ဝိစိကိစ္ဆာဆိုတာ တောနက်ထဲမှာ မျက်စိလည်တဲ့ပုဂ္ဂိုလ်လို လမ်းပျောက်တာလေ။ အစုန်လမ်းလည်း သူမသိ၊ အဆန်၊ နိဗ္ဗာန်လည်း သူမသိဘူးလေ။ ခုတော့ သိသွားပြီ။ အမှားအမှန်ခွဲတတ်သွားပြီတဲ့။ 

❖ ဒါဖြင့် စက်ဝိုင်းဒေသနာ ပြန်ကြည့်ပါ။ တဏှာအစပ်ကို ပြန်ကြည့်ပါ။ ခန္ဓာမီးလောင်သမျှသည် မနောအထိ လောင်သမျှသည် ရှေ့ဆက်မှာလား ငြိမ်းပြတာလား။ (ငြိမ်းပြတာပါ ဘုရား)။ အမှောင်ဓါတ်လက်ဦးနေရင်တော့ကား ဆက်သွားလိမ့်မယ်တဲ့။ အလင်းဓါတ်လက်ဦးရင် အမှောင်လာသေးလား။ (မလာပါဘူး ဘုရား)။ 

❖ အလင်းလာရင် အမှောင်ပျောက်သောကြောင့် ချုပ်ငြိမ်းတာတွေ့ရင် ထွက်လမ်းပေါ့။ တဏှာ မရှိတဲ့လမ်း။ တဏှာက နဂိုတည်းက မလာဘူးနော်။ မလာချုပ်ကြီးနော်။ အမှောင်ဖုံးလို့ ဖြစ်တာကို အမြင်မှန်လည်းပေါ်ရော သတ္တဝါ မထင်တော့ကား၊ ဆက်တာချုပ်တာ လာသေးလား။ လာတော့ဘူး။ 

❖ တဏှာ မလာချုပ်လို့ခေါ်တယ်။ အဲဒါ မိုးကုတ်ဆရာတော်ကြီးစကားနော်။ တဏှာမလာချုပ် ချုပ်တာပါဗျာ။ အလင်းလာတော့ အမှောင်မှ မလာတာ ပြီးသွားပြီလေ။ နိရောဓ ပေါ်သွားပြီတဲ့ဗျ။ သောတာအာပတ္တိဉာဏ်။ ဝဋ်ကထွက်တဲ့လမ်းကြောင်းလေးက သောတာ ခေါ်တယ်၊ တဏှာမရှိရာလမ်း အာပတ္တိ ဉာဏ်နဲ့ ဦးစွာတွေ့သွားပြီ။ 

❖ ကံအားဖြင့်လည်း ခွင့်လွှတ်နိုင်ရတယ်၊ ဉာဏ်အားဖြင့်လည်း ပြီးပြီးသား ပြီးနိုင်ရမယ်။ တကယ်ပြီးသွားတာ အမှန်လေ။ ဘယ်လိုစဥ်းစားစဥ်းစား အဖြေမှန်ရသွားပြီ။ ကိစ္စအားလုံး ပြန်တွေးလိုက်ပါ။ တွေးလို့ပေါ်သမျှ အားလုံးဟာ အဟောင်းတွေပြန်ခေါ်လို့ ပေါ်တာဟုတ်လား။ (မဟုတ်ပါဘူး ဘုရား)။ အသစ်ဖွဲ့ရင်း ပျောက်တာ ဖြစ်နေတယ်လေ။ 

❖ ဘယ်ပြဿနာပေါ်ပေါ် ပြန်ခေါ်တွေးကြည့်မယ်။ တွေးရင် မပေါ်ဘူးလား။ အဟောင်းတွေခေါ်လို့ လာပေါ်တာလား၊ အခုဖွဲ့ရင်းပျောက်တာလား။ (အခုဖွဲ့ရင်း ပျောက်တာပါ ဘုရား)။ ရှင်းနေပြီ။ ပြီးပြီးသားက ပြီးနေပြီလေ။ အဲဒီတော့ အာဃာတက မကျေမချမ်းတော့ ရှိပါအုန်းမလား။ ဖြစ်ကြောလည်း မရှည်၊ ရှည်စရာမှ အကြောင်းမရှိတာကြီးကို။ 

❖ အဲဒါကို သောတာအာပတ္တိဉာဏ်လို့ခေါ်တာ လို့ မှတ်ကြရမယ်။ အဲဒီလောက်တော့ မရသင့်ဘူးလား။ နားလည်သင့်တာပေါ့။ ဒါ အဖြေမှန်ပဲဥစ္စာကြီးကို။ အဲဒီလောက်ရရင်ပဲ မအေးချမ်းဘူးလား။ လူတွေက မပြီးနိုင်လို့ ဒုက္ခရောက်နေတာလေ။ မနက်ကဟာ နေ့လယ်ပါ၊ မနှစ်ကဟာ ဒီနှစ်ပါဆိုတော့ မပြီးတော့ဘူးဆိုတော့ လောင်နေရင် ပင်ပန်းတာပေါ့။ အဓိပ္ပါယ်လည်း ဘာမှ မရှိတော့ဘူးနော်။ အမှားကို အမှန်ထင်တာကိုး။ 

❖ အမြင်မှန်လည်းရရော တကယ်ပြီးတာ သိသောကြောင့် ကြိုက်တာလာပြောလေ။ အဟောင်းက ဆွဲခေါ် မပေါ်မှန်း သိသွားပြီ၊ လာပြောလည်း အေးအေးဆေးဆေးပေါ့။ အသိအမှတ်မှ မပြုတော့တာ။ ပူစရာလိုသေးလား။ အမှောင်သမားကတော့ အသိအမှတ်ပြုတုန်းနော်။ ဒေါသဖြစ်တုန်း၊ ကြားတိုင်းဒေါသဖြစ်၊ မြင်တိုင်းဒေါသဖြစ်ရင် အခြေအနေကောင်းလား။ 

❖ အဲဒါ ပုထု - များစွာသော ကိလေသာဆိုတာ အဖြေမှား အမှောင်ဓါတ်တွေပြောတာဗျ။ ဇနေတိ - ဖြစ်ပွားနေသောကြောင့် အဖြေမှန်မပါဘဲနဲ့ အမှားကြီးပဲ ပွားတိုးသောကြောင့် ပုထုဇဥ်ခေါ်တာတဲ့ဗျ။ အဖြေမှန်ရကိုမရတာ။ ပြဿနာပေါ်ရင် အဖြေမှန်နဲ့မလာဘူး၊ အပူနဲ့ချည်း လာတာပဲ။ အဲဒီတော့ များစွာသော ကိလေသာတွေ ဖြစ်နေသောကြောင့် ပုထုဇဥ်လို့ခေါ်တာ။ 

❖ အခုဟာက အလင်းဓါတ်ရလည်းသွားရော သိသွားပြီလေ၊ တိုက်ခိုက်ပြောဆိုလည်းပဲ ရှင်းရှင်းလင်းလင်း မြင်နေပြီ။ ဤလောကကြီး၌ မတရားတာမရှိ၊ မဖြစ်သင့်တာမရှိ၊ ပြုသူအသစ်၊ ဖြစ်သူအဟောင်း။ အဲဒီပုဂ္ဂိုလ်ကို ခွင့်လွှတ်နိုင်သွားတယ်။ ခွင့်လွှတ်ပြီး မြင်တတ်တယ်။ အေးချမ်းအောင် နေသွားပြီ၊ မေတ္တာပေါင်းနိုင်ပြီ။ 

❖ ပြီးတော့ ပြီးပြီးသားကလည်း ကြိုက်တာတွေး၊ တကယ်ဟုတ်သေးလား။ (မဟုတ်ပါဘူး ဘုရား)။ အဟောင်းပေါ်တာ ဟုတ်သေးလား။ (မဟုတ်ပါဘူး ဘုရား)။ ရှိမှမရှိတာ၊ အထည်လည်း မဟုတ်ဘူးလေ။ ပြီးပြီးသား တကယ်ပြီးသွားသောကြောင့် ရင်ထဲရှင်းပြီးတော့ အေးချမ်းမနေဘူးလား။ အင်မတန်ကောင်းတာ။ အင်မတန်ကောင်းတဲ့တရား ဘုရားပေးထားတာလေ။ 

❖ အဲဒီတော့ ဒါ မရှိတဲ့ပုဂ္ဂိုလ်တွေက ပင်ပန်းတာပေါ့။ မပြီးနိုင်ပဲ ပြစ်တောက်ပြစ်တောက်ပြော၊ အင်မတန်ပင်ပန်းကြတာနော်။ အဲဒါကြောင့် အပယ်လေးပါး ကျနိုင်တာပေါ့။ အခုဟာက လုပ်ကြံတာလား။ အမှန်တရားလား။ (အမှန်တရားပါ ဘုရား)။ အဖြေမှန်ကို ဘုရားသင်နေတာ။ ဒီအမှန်ကို တွတ်တတ်ဖို့ဆိုတာ တော်ရုံတန်ရုံဉာဏ်နဲ့ မရဘူးနော်။ 

❖ အားလုံးဟာ မှတ်ထား၊ ဒီဟာကို နားလည်နိုင်တဲ့ဉာဏ်က ဒါနက စခဲ့ကြတာ။ အတွေးနယ်မှာ ငါလို့ထင်ရင် ငါကိုခိုင်အောင်ချည်ပြီးတော့မှ ငါ့အိမ်ခိုင်တာ မပျောက်တာ။ ဆုပ်ထားတာနော်။ ငါ့ပစ္စည်းဆိုပြီး ဆုပ်ထားတာ။ များသထက်များအောင်ပဲ တောင့်တယ်၊ တိုးသထက်တိုးအောင်ပဲ တောင့်တပြီးတော့ ခိုင်လာခဲ့တာ။ ဒါဆိုရင် တဏှာလည်းများ၊ ဒိဋ္ဌိ မာနလည်းများတဲ့ပုဂ္ဂိုလ်တွေ။ 

❖ အဲဒါက မေတ္တာလည်းပေါင်းလိုက်ရော စွန့်နိုင်တယ်၊ အံ့သြစရာ။ သူ့ပစ္စည်းဖြစ်အောင် ပျော်နိုင်တယ်ဆိုရင် အအေးဓါတ်ပေါ်မလာဘူးလား။ စွန့်ရင်းစွန့်ရင်းနဲ့ ပျော်တတ်လာတာ။ အအေးဓါတ်က ဉာဏ်ပေါ်လာတာ။ ဟို ပူရင် မှောင်တာ။ အအေးဓါတ်ပေါ်တော့မှ အချိန်လဲပေးရဲလာတယ်၊ ဘုရားလည်းချစ်လာတယ်။ 

❖ မေတ္တာပေါင်းပြီး ပေးတာနဲ့ ပျော်လာတော့ကား တဏှာဓါတ်က လျော့လျော့သွားတာပေါ့၊ အမှောင်ဓါတ်က ပါးပါးလာတာ။ ပါးတော့မှ ဒီတရားနာလို့ရတာ။ တချို့ဆို အိမ်တောင် မခွါနိုင်ရင် ဒီတရားနာလို့ရပါ့မလား။ မလာနိုင်ဘူးနော်။ စိတ်ကိုမချဘူး။ ငါသွားရင် ခက်တယ်ဆိုပြီး တစ်နာရီတောင် မခွါနိုင်ဘူး။ ငါ မရှိရင် ခက်တယ်ဆိုပြီးတော့ မခွါနိုင်ပဲနေတာ ဒီတရားနာနိုင်စရာ အကြောင်းမရှိဘူး။ 

❖ တရားနာရင်းတောင်မှ၊ စိတ်က နောက်ဖေးရောက်နေတာ၊ ဘယ်သွားမယ်။ စိုးရိမ်နေတာတဲ့ ပြီးရော။ မရတော့ဘူးပေါ့။ စွန့်နိုင်မှသာ ဒါနကစပြီးတော့ အချိန်တွေပေးနိုင်တဲ့ပုဂ္ဂိုလ်သာ ဒီတရားနာခွင့်ရတာ။ ဒါကို ပါရမီ ရှိတယ်ခေါ်တာပေါ့။ အခု အားလုံးက ဒီနေ့ဆို တနေကုန် အချိန်ပေးနိုင်တာနော်။ နည်းတဲ့အားမဟုတ်ဘူး။ 

❖ လုပ်ငန်းတွေ အများကြီးရှိတာပေါ့၊ ပူမယ်ဆို ပူစရာကြီးပေါ့။ အဲဒါတွေကို စွန့်လိုက်တာ။ စွန့်လိုက်မှ ဘုရားကို တကယ်ချစ်၊ တကယ်ကြည်ညိုပြီး အချိန်ပေးလို့ ဒါရတာ။ ရင်ထဲမှာ ပြဿနာအကြီးကြီးရှိတဲ့ ပုဂ္ဂိုလ်ဆိုရင် ရချင်မှ ရမှာနော်။ တရားနာရင်း ပူနေတာနဲ့ မရနိုင်ဘူး။ 

❖ ရှိတယ်ဗျာ ရှင်သာရိပုတ္တရာကြီးဆို ပထမဦးဆုံး ဗျာဒိတ်ပန်းရတုန်းကဆို သူ့တပည့်တွေက ခုနစ်သောင်းကျော်တယ်၊ ဘုရားတရားနာတော့ အကုန် ရဟန္တာတယ်၊ သူက မတာဘူး။ ဘယ်တာမလဲ ဘေးက ရှင်မောဂ္ဂလာန် လို လက်ဝဲရံကြီးကြည့်ပြီး အားကျပြီးတော့ အဲဒါစိတ်ဝင်စားပြီး တရားကမရဘူး။ အဲဒါဆုတောင်းပြီး ပါရမီဖြည့်ခဲ့ရတာ။ စိတ်ဝင်စားတာ တခြားဆို မရနိုင်ဘူးလေ။ 

❖ တရားသာနာရင်းနဲ့ အိမ်စီးပွားရေးလျှောက်တွေးနေမယ် ဘယ်ရမတုန်း။ သောကကိုဖယ်၊ ဒါနနဲ့ပျော်၊ မေတ္တာပေါင်းထားတဲ့ပုဂ္ဂိုလ်သာ ဒါတွေ ရနိုင်တာလို့ မှတ်ကြရမယ်။ နားလည်မလား။ 

ဆက်လက်ဖော်ပြပါမယ်။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

🙏🙏🙏

GIC မိသားစု (၂)ရက်တရားသင်တန်း (၅.၇.၂၀၂၆ - ဒုတိယအချိန်) #သစ္စာလေးပါးတရားတော်မှ စာစီပူဇော်ပါသည်။