❖ အလင်းအားများလာလို့ရှိရင် နောက်ဆုံးပိတ် အမှောင်ကုန်လို့ရှိရင် အဝိဇ္ဇာဓါတ် မရှိတော့ဘူးလေ။ မရှိတော့ တဏှာအစပ်ပြတ်မသွားဘူးလား။ ဟုတ်တယ်။ အို နာ သေ ဘက်ကမ်းကနေ အို နာ သေ လွတ်ရာ ဘက်ကမ်းရောက်စေတဲ့အလုပ်တဲ့။ အဲဒါ ပါရမီခေါ်တာ။
❖ ပါရမီရင့်လာတဲ့ပုဂ္ဂိုလ်များကျတော့ ပြောလိုက်ရင် ပေါက်လွယ်တယ်လို့ပြောတာ။ ကိုယ့်ကိုယ်ကိုယ် တန်းဖိုးထားကြနော်။ အခြေအနေကောင်းတာ ကောင်းမှန်းသိပစေနော်။ မဖျက်ပစ်ရဘူး။ အဲဒီတော့ ဒီထဲကို ထပ်ထပ်ပြီး မထည့်နဲ့၊ မဟုတ်တာ မထည့်ရဘူး။
❖ အဲဒါကြောင့် တရားကို လေးစားရမယ်ဆိုတာ ဒါကိုပြောတာ။ ဒီထဲမှာ ကိန်းတာကို တရားလို့ခေါ်တာလေ၊ ဆောင်ခြင်း ဆောင်ခြင်း။ ဓရ ကနေလာတာနော်။ မနေ့ကသင်ခဲ့ပြီ။ ဓရ ဆိုတာ ဆောင်ခြင်းနော်။ ဘာတွေးတွေး စိမ့်စိမ့်ဝင်တာ သိသောကြောင့် တန်ဖိုးထားရမယ်။
❖ ကိုယ့်ခန္ဓာကိုယ်မှာ မေတ္တာနဲ့စောင့်ရှောက်တဲ့ပုဂ္ဂိုလ်က တန်ဖိုးထားရမှာ။ တွေးသမျှက စိမ့်ဝင်တာလေ။ မဟုတ်တာတွေးလိုက်လို့ရှိရင် သတ္တိက ဝင်သွားပြီ။ မနည်းပြန်ဖျက်ရမယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် ဆုံးရှုံးခံပြီးတော့ ဒေါသဖြစ်ခံမယ်၊ စိတ်ဆင်းရဲခံမယ်၊ သူများအတွက် အနစ်နာခံပါမယ်၊ ကိုယ်ကျိုးစွန့်ပါတယ်ဆိုတဲ့သူက လူမိုက်တဲ့။ ဒီစကားက အဆန်းနော်။
❖ ကိုယ်ကျိုးစွန့်ရင် ကောင်းတယ်ထင်တာမို့လား။ မဟုတ်ဘူးတဲ့။ သူများကောင်းကျိုးအတွက် ကိုယ်ကောင်းကျိုးမရှိဘဲနဲ့ ကိုယ်ကျိုးစွန့်တာ လူမိုက်တဲ့။ အဲဒီတော့ မေးစရာရှိတယ် အရှင်ဘုရားရယ် ဘုရားအလောင်းတော်တွေက ကိုယ်ကျိုးစွန့်တာ မဟုတ်ဘူးလား၊ မမေးသင့်ဘူးလား။ (မေးသင့်ပါတယ် ဘုရား)။
❖ စကားလုံးလေးက နည်းနည်းလေးနဲ့ မှားတတ်တယ်နော်။ သတိထားပါ။ ကောင်းကျိုးမရှိဘဲနဲ့၊ ကိုယ်ကျိုးစွန့်ဆိုတာက လူမိုက်အလုပ်ပဲလေ။ ဘုရားအလောင်းတော်ကြီးတွေက ကိုယ်ကျိုးမစွန့်ပါဘူး။ ပါရမီဖြည့်တာ ဘယ်ကိုယ်ကျိုးစွန့်တယ် ခေါ်မလဲ။
❖ ဘုရားလောင်း မျောက်မင်းဇာတ်တစ်ခုကို ဖတ်ပြီး မျက်စိလည်သွားတယ်နော်။ စာရေးဆရာမှားတာပါ အမှန်က။ အယူအဆမှားတာနော်။ မျောက်တွေအုပ်ချုပ်ပြီးတော့ကား သရက်ပင်တစ်ပင်ရတော့၊ သရက်ပင်ကြီးက အင်မတန်ကောင်းတာ။ အဲဒီအပင်က အသီးတွေကလည်း အင်မတန် တန်ဖိုးရှိတာသိတော့တဲ့ ဘုရားလောင်းမျောက်မင်းက ဉာဏ်ကောင်းတယ်။
❖ သရက်ပင်က မြစ်ကမ်းဘေးဖြစ်နေတာကိုး၊ အဲဒီမှာ သစ်ကိုင်းတစ်ခုက မြစ်အလယ်ကို ထွက်နေတာ၊ အဲဒီသစ်ကိုင်းက သရက်သီးက ကြွေကလို့ရှိရင် မြစ်ထဲပါသွားလိမ့်မယ်။ ပါရင် လူတွေက မြစ်ညှာ ဟိုးအောက်ဆုံးကနေပြီးတော့ စုန်ဆင်းသွားရင် တွေ့မှာကိုး။ တွေ့ရင် အန္တရာယ်ဖြစ်လိမ့်မယ်။ အဲဒီကိုင်းမှာ အသီးသီးပြီဆိုရင် ချွေပစ်လိုက်ကြ။ အစတည်းက ချွေခိုင်းတာ။
❖ မျောက်တွေက ချွေရင်းနဲ့ မျက်စိရှန်ပြီး တစ်လုံးကျန်နေခဲ့တာ။ ရွက်ပုန်းသီးလေး ကျန်နေခဲ့တာ။ အဲဒါမှည့်တော့ ပြုတ်ကျသွားတာ မသိလိုက်ကြဘူး။ အဲဒါ ဘုရင်က ဂင်္ဂါမြစ်မှာ ရေချိုးနေရင်းနဲ့ အဲဒီသရက်သီးမြောလာတော့ ဒီအသီးတယ်ကောင်းပါလားပေါ့၊ အထက်ရှိရမယ်ဆိုပြီး စုံစမ်းခိုင်းတာ။ သွားတွေ့ရော။
❖ တွေ့တော့ ဘုရင်ကို အကြောင်းကြားတော့ စစ်တပ်နဲ့သွားတာ။ ဒီအပင်မျိုးလိုချင်လို့ သွားတာ။ မျောက်တွေကအပေါ်ရောက်နေတာ။ အဲဒီတော့ ဘုရားလောင်းက စဥ်းစားတယ်၊ ဒုက္ခရောက်ပြီ။ မျောက်တွေ ဟိုဖက်ကမ်းကူးဖို့၊ မြစ်ကို မျောက်တွေက မကူးနိုင်တော့ ဟိုဘက်ကမ်းကို ခုန်လိုက်တယ်။ ဘုရားလောင်းမျောက်မင်းက သူများထက်လည်းကြီး ထွားလည်းထွားတော့နော်။
❖ နွယ်တစ်ခုကို သရက်ပင်မှာ တစ်စကို ချည်လိုက်တယ်။ တစ်စကို ခါးချည်ပြီး ဒီဘက်ကို ခုန်ကူးတာ။ ကူးတော့ တကိုယ်စာလေး လိုနေတော့၊ တန်းလန်းဖြစ်နေတယ်။ ကဲ ငါ့ကျော်ပေါ်က သွားကြပါဆိုတော့ မျောက်တွေက ကန်တော့ကန်တော့ပြီးတော့ ကျော်ပေါ်က ဖြေးဖြေးသွားကြတယ်။
❖ ဘုရင်က ကြည့်ပြီး အံ့သြနေတာ။ လူလိုဖြစ်နေတာကိုး။ အဲဒီမှာ ဆန့်ကျင်ဖက်က အမြဲတမ်းရှိသမြဲပဲ။ လောကမှာ ဆန့်ကျင်ဖက်ရှိတာ ဓမ္မတာပဲ။ အဲဒါကို စိတ်မဆိုးရဘူးနော်။ ဆန့်ကျင်ဖက်ရှိတာက နိယာမတရား။ ဆန့်ကျင်ဖက်ကနေ အားဖြည့်ပေးတယ်ခေါ်တယ်။ ကိုယ့်ရဲတရားအား ဘယ်လောက်ရှိတယ်ဆိုတာ မှတ်ကျောက်တင်တဲ့သဘောပဲ။
❖ ဆန့်ကျင်ဖက်ပုဂ္ဂိုလ်ပေါ်လို့ရှိရင် မှတ်ထားတော့ ဝမ်းသာတောင် ဝမ်းသာရမှာ။ စိတ်မဆိုးရဘူးနော်။ သေချာမှတ်နော်။ မကောင်းတဲ့ပုဂ္ဂိုလ် ဆန့်ကျင်ဖက်ပေါ်လာလို့ရှိရင် ဆန့်ကျင်ဖက်က အားဖြည့်တာ။ အဲဒီအချိန်မှာ ကိုယ်က သိရမယ်၊ ဒါကို သည်းခံပြီး ကျော်နိုင်ရမယ်။ ကျော်နိုင်ရင် ဒါ အောင်မြင်စွာ တွေ့ရှိတယ်ခေါ်တယ်။ ဘုရားပေးတဲ့နိယာမကို အောင်မြင်စွာ တွေ့ရှိတယ်ခေါ်တယ်။
❖ အောင်ပွဲကြီးပဲ အကုန်လုံးက။ မှတ်ထားနော်။ အဲဒီမှာ ဒေဝဒတ်အလောင်းက ရိုးရိုးမဟုတ်ဘူး သူက ခေါင်းဆောင်ဖြစ်ချင်တာ မဖြစ်ရတော့၊ ဟိုးအမြင့်က ကျောပေါ်ခုန်ချတယ်။ သူများက ကန့်တော့တာ သူက ကျောပေါ်ခုန်ချတာ။ ခုန်ချတော့ နှလုံးကွဲသွားတော့ သွေးကအန်တာပေါ့။ သွေးစက်တွေကြားက ကိုင်ထားပြီးတော့ကား သွားပါတဲ့။ မေတ္တာအပြည့်နဲ့ သွားခိုင်းတယ်။
❖ အဲဒါကို ကြည့်ပြီး ဘုရင်က အံ့အားသင့်တယ်။ သူတော်ကောင်းကြီးပဲလို့ မြင်တော့မှ အဲဒီမှာ စစ်သားတွေကို အပေါ်တက်ခိုင်းပြီး ကြိုးတွေနဲ့ အောက်ကိုချခိုင်းတယ်။ ဘုရားအလောင်းတော်ကြီးက လူစကားပြောတတ်တာကိုးနော်။ သတ္တဝါတွေက မှတ်ပါ၊ လူနားနီးရင် လူစကားပြောတတ်တာကိုး။
❖ အဲဒီမှာ ဘုရားအလောင်းတော်ကြီးက ရှင်းပြသွားတာ။ မေတ္တာထားပုံတွေ၊ မင်းကျင့်တရားတွေ အကုန်လုံးရှင်းပြသွားတာ။ အံ့သြစရာကောင်းတယ်နော်။ အဲဒီမှာ ဘာကြောင့် အသက်စွန့်လဲမေးတော့ ကိုယ်ကျိုးစွန့်တာ မဟုတ်ပါဘူးတဲ့။
❖ ဒီပါရမီအား မေတ္တာအားအပြည့်နဲ့ ပြုတဲ့ကံ၊ အသက်စွန့်ပြီးတော့ တဖက်သားချမ်းသာဆောင်တဲ့ သတ္တိအရှိန်နဲ့ ဘုရားဆုပန်သွားတာတဲ့။ စွမ်းအားဖြည့်သွားတာ၊ ကိုယ်ကျိုးစွန့်တာ မဟုတ်ဘူး။ အကျိုးရှိတာမြင်လို့ လုပ်တာ။
❖ ဘုရားအဖြစ်လိုချင်လို့ အသက်ပါရင်းပြီးတော့ ပီတိအရှိန်အဟုန် ယူသွားတာလေ။ အကျိုးမြင်လို့ လုပ်တာ။ ကိုယ်ကျိုးစွန့်တာ ဟုတ်လား။ အဲဒါကို မသိတော့ကိုယ်ကျိုးစွန့် ကျိုယ်ကျိုးစွန့် ဆိုတာ မှားနေတာ။ ကိုယ်ကျိုးမရှိဘဲနဲ့ တဖက်သားအတွက် အနစ်နာခံတယ်ဆိုရင် လူမိုက်သာ မှတ်လိုက်တော့။
❖ ဒကာတစ်ယောက်ဆိုရင် ဆရာဝန်က စစ်တာ အသည်းကမကောင်းတော့ဘူးတဲ့၊ ခင်ဗျားနားရမယ်တဲ့။ အဲဒါ ဘုန်းဘုန်း မယ်တော်ကြီးကို အစ်မပဲ ခေါ်တယ်။ အစ်မရယ်တဲ့ ဘယ်လိုလုပ်မလဲတဲ့ ကားကမောင်းရမှာပဲ။ မတတ်နိုင်ဘူး၊ မောင်းကျွေးရမှာပဲဆိုပြီး မိသားစုအတွက် ကားမောင်းကျွေးတယ်။ လေးလပဲကြာတယ် သေသွားရော။ အဲဒါ လူမိုက်ပဲ။
❖ တကယ်ဆို အေးအေးချမ်းချမ်းနေပေါ့နော်။ တရားပါ အားထုတ်ပြီး ကိုယ့်ဟာကိုယ် လမ်းကြောင်းလျှောက်ပါလား။ မောင်းကျွေးမှာပဲဆိုတော့ ဖြစ်နေတာ ကိုယ်ကျိုးစွန့်တယ်ဆိုတာ အဲဒါ လူမိုက် လို့ခေါ်တယ်။ အဲဒီတော့ ချိန်ရတယ်နော်။ သူလည်းအကျိုးရှိရမယ်၊ ကိုယ်လည်းအကျိုးရှိရမယ်။
❖ တခါတရံမှာ ဘယ်လိုမှ သူများအကျိုးရှိအောင် လုပ်လို့မရဘူးဆိုရင် ကိုယ့်အကျိုးကို ရအောင် ယူသွားလိုက်တော့။ သူလည်း ကယ်လို့မရတော့ဘူးဆိုရင် ကိုယ့်ဟာကိုယ် အလွတ်ရုန်းသွားတော့။ ရရင်တော့ ကယ်မယ်ပေါ့။ မရဘူးဆိုရင် အလွတ်သာ ရုန်းသွားတော့။ သဘောပေါက်လား။ အရေးကြီးတယ်နော်။
❖ ဒါကြောင့်မို့လို့ ဘုရားအမိန့်ရှိတဲ့စကား အင်မတန် သိမ်မွေ့တယ်နော်။ ပါရမီရင့်မှလည်းပဲ ဒီသတ္တိတွေက ရင့်လာမှာ။ ရင်တော့မှ ဒီအလင်းဓါတ်ကလည်းအားကောင်းတယ်။ အခံအားကောင်းတယ်။ ဒါဖြင့်ရင် ဘုန်းဘုန်းတို့ပြောချင်တာ ဘာလဲဆိုရင် အခု သဘောမပေါက်သေးတဲ့ပုဂ္ဂိုလ်များရှိခဲ့သော် စိတ်ဓါတ်မကျနဲ့။ အအေးဓါတ်ထုံပေးရတယ်။
❖ ဘုရားဟောအတိုင်း ဒါနရယ်၊ သီလရယ်၊ ဘာဝနာရယ် သုံးမျိုးကျင့်နေရတယ်။ အမြဲတမ်းအေးချမ်းပြီးတော့ တဖက်သားနှလုံးအေးအောင် ထပ်တူခံစားပျော်ပြီးတော့ ပေးရမယ်။ သီလဆောက်တည်ပြီးတော့လည်း သတ္တဝါတွေမေတ္တာထား၊ စောင့်ရှောက်ပြီး ပျော်ရမယ်။ တဖက်သားကောင်းကြောင်းတွေ၊ ဘုရားကိုချီးကျူးပြီး ပျော်တဲ့ပီတိထည့်ရမယ်။ အားတွေသွင်းပေး။
❖ သွင်းတော့ အားကောင်းလာရင်တော့ လေးငါးဆယ်လဆိုရင် ဉာဏ်ရင့်လာလိမ့်မယ်။ တကယ်လို့များအကြောင်းညီညွတ်လို့ နောက်တခါ နာရလို့ရှိရင် ပိုပေါက်လာမယ်။ ဘုန်းဘုန်းတို့ကိုယ်တိုင်လည်း ဒီတရားကိုကြည့်ပြီး အံ့အားသင့်တယ်နော်။ နှစ်ပေါင်းများစွာ ဘုန်းဘုန်းတို့ဟောနေတာနော်။ ခုဆို နှစ်ပေါင်း ၂၅နှစ်ပေါ့ ၁၀ဝါက စဟောရင်။ တစ်ဝါတည်းက စဟောတာ။
❖ နှစ်အကြာကြီးမှာ ဟိုးတုန်းက ဘုရားဟောတဲ့စာတွေ ဘုန်းဘုန်းဖတ်ရဖူး။ ဗုဒ္ဓဝင်တွေဖတ်တယ်။ သုတ္တန်တွေဖတ်တယ်။ ဟိုတုန်းကလည်း သဘောပေါက်တယ် ထင်တာပဲ။ အခုလည်း ပေါက်တုန်းပဲ။ နောက်ထပ်ဖတ်လည်း ပေါက်အုန်းမှာပဲ။ မပြီးနိုင်ဘူး။ သူက နာပြီးရင်းနာ၊ ပိုပေါက်ပေါက်လာတာ။
❖ တချို့က မသိတော့ လောကီပညာနဲ့ ထင်ပြီးတော့ကား သိပြီးသားပဲ နောက်ထပ် နာစရာမလိုဘူးထင်တာ၊ မဟုတ်ဘူး တူကို မတူတာ။ တခါနာပြီး နောက်ထပ်နာစရာမလိုဘူးထင်တာ မဟုတ်ဘူး။ နာလေ သဘောပေါက်လာလေ။ ဖတ်လေပေါက်လေလေ တအားအံ့သြစရာကောင်းတာ။
❖ ဒါကြောင့် ဘုရားက အစဥ်နက်ဝှမ်း ကမ်းကိုမလွန် စသည်ဖြင့် အံ့ဖွယ်သာသနာရှစ်ဖြာမှာ ပင်လယ်သမုဒ္ဒရာ ဥပမာပေးခဲ့တာမို့လား။ အစဥ်အတိုင်း နက်ရှိုင်းသွားတာ။ ကြာလေနက်လေ နက်လာတာပဲ။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
🙏🙏🙏
ဆစ်ဒနီနိုင်ငံတွင် ဟောကြားတော်မူခဲ့သော ဝဋ်သုံးပါးနှင့် အဆုံးသတ် တရားတော် မှ စာစီပူဇော်ပါသည်။
