logo

သစ္စာပါရမီ

ဓမ္မရိပ်သာ

ဝဋ်သုံးပါးနှင့်အဆုံးသတ်

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
6/24/2026
ဝဋ်သုံးပါးနှင့်အဆုံးသတ်

❖ တရား အဖွင့်မှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို နမောတဿဂါထာ သုံးကြိမ်နဲ့ ပူဇော်ကြရအောင်။

🙏 နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ (၃ခေါက်)

❖ လိုက်ဆိုလိုက်နော်။ 

❝အဟံဘန္တေ တိသရေဏသဟ အာဇီဝဋ္ဌမကသီလံ သမာဒိယာမိ။❞

အရှင်ဘုရား ဘုရားတပည့်တော်သည် ဘုရားတရားသံဃာ ရတနာမြတ်သုံးပါးကို ဆင်းရဲကင်းပျောက် ချမ်းသာရောက်အောင် စောင့်ရှောက်တတ်သော ကိုးကွယ်ရာဟူ၍ အသက်ထက်ဆုံး မှီဝဲဆည်းကပ် သိမှတ်ပါသည်ဘုရား။ ရှစ်ပါးသော အာဇီဝ သီလတော်မြတ်ကိုလည်း ကောင်းစွာ ဆောက်တည်ပါသည် ဘုရား။ 

အရပ်ဆယ်မျက်နှာ၌ ရှိကြကုန်သော အနန္တစကြာဝဠာနေ အနန္တများစွာ သတ္တဝါ လူနတ်ဗြဟ္မာအပေါင်းတို့သည် ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။ ကောင်းကျိုလို၇ာဆန္ဒပြည့်ဝ၍ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ 

ဣဒံမေပုညံ အာသွက္ခာဝဟံ ဟောတု။ 

ဣဒံမေသသီလံ နိ‌ဗ္ဗာနဿ ပစ္စယော ဟောတု။ 

တိသရဏေန သဟ အာဇီဝဋ္ဌမက သီလံ ဓမ္မံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ

(အာမန္တေပါ အရှင်ဘုရား)။

❖ သက်သာသလိုပြောင်းထိုင်ကြနော်။ စက်ဝိုင်းဒေသနာ အရင်ကြည့်ရအောင်နော်။ ဒီထဲမှာ ဝဋ်သုံးပါးဆိုတာ ပါတယ်နော်။ ကိလေသဝဋ်ရယ်၊ ကမ္မဝဋ်ရယ်၊ ဝိပါကဝဋ်ရယ်။ ကိလေသဝဋ်က ဘယ်နှစ်ပါးတဲ့တုံး။ (၃ ပါးပါ ဘုရား)။ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်။ ဒီမှာ ကိလေသာဆိုတဲ့ စကားလေး နားလည်ဖို့ လိုတယ်နော်။ 

❖ ကိလေသာဆိုတာက တွေးစရာအာရုံတစ်ခု မနောအထိ ထင်တဲ့အခါမှာ နောက်စိတ်၌ အဝိဇ္ဇာဆိုတဲ့အမှောင်ဓါတ်၊ မောဟအမှောင်ဓါတ်နော် ဖုံးသဖြင့် အမြင်မှားသွားပြီးတော့ကားတဲ့ အကောင်အထည်လို့ မှတ်ထင်တာ ဆိုးတာနော်။ ဒီတော့မှ ဒိဋ္ဌိအဖြစ်နဲ့ မာနပြီးတော့ တဏှာလာတယ်။ ငါ၊ ငါ့ဥစ္စာ၊ ငါ့ပစ္စည်း လို့ ပုံစံချတာ ဥပါဒါန်။ အဲဒီအဆင့်ထိအောင် ကိလေသဝဋ်ထဲ ထည့်ထားတာတဲ့။ 

❖ အာရုံ ဒွါရတိုက်တဲ့အခါမှာ ဘယ်မှာတိုက်တိုက် မနောအထိ ပေါ်မနေဘူးလား။ ပေါ်တဲ့အခါမှာ နောက်စိတ်က လက်ခံဆုံးဖြတ်တဲ့ အလေ့အထ ရှိတာကိုး။ ဥပမာ ၇၀၀ + ၇၀၀ = ဆိုရင် ၁၄၀၀။ အသံကြားတာက သက်သက်၊ ကြားသိစိတ် ခန္ဓာငါးပါး။ မနောမှာ ပုစ္ဆာပေါ်တာက ကြံသိစိတ် ခန္ဓာငါးပါး။ နောက်စိတ်က တခါ ၇၀၀ + ၇၀၀ ကို အဖြေထုတ်တာက သက်သက်။ ၁၄၀၀ ပေါ်တာက သက်သက်နော်။ 

❖ အဲဒီပမာပဲ ဒီမှာလည်းပဲ ငါးဒွါရ ဘယ်မှာပဲပေါ်ပေါ်၊ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်။ အသက်ရှူလိုက်လည်း ကိုယ်မှာထိတာနဲ့ မနောမှာ ကာလမခြား ရင်ဘက် မျက်နှာ ပါးပါး‌လေးပေါ်လာမယ်၊ အမူအရာလေး ပေါ်လာမယ်။ ကိုယ်မှာပေါ်တာက ဓါတ်သုံးပါး၊ အေးတာ ပူတာ လှုပ်တာ တင်းတာ လျော့တာ ဒါပဲ ပေါ်နော်။ 

❖ အကောင်အထည်မပါဘူး။ အမူအရာက ကပ်ပြီးပါလာတာ။ ပေါ်တာကို နောက်စိတ်က အမှောင်ဖုံးထားတာက ကိလေသဝဋ်၊ အမှောင်ဖုံးလို့နော်။ အမြင်သွားပြီးတော့ကား အကောင်ထင်တာက ဒိဋ္ဌိ၊ သူငါ ထင်တာက မာန၊ ဆက်တာက တဏှာ။ ပြတ်တာ မသိဘူးနော်။ 

❖ အဲဒီတော့မှ ငါ့အတွက်၊ ငါ့စီးပွားအတွက်၊ ငါ့အိမ်အတွက်ဆိုပြီး ပုံစံချတာ ဥပါဒါန်။ အဲဒီအဆင့်ထိ ဘာဝဋ်ခေါ်မလဲ။ ကိလေသဝဋ်။ ပြီးတော့ ကမ္မဝဋ် ကြည့်ရအောင်နော်။ ကမ္မဝဋ် ဘယ်နှစ်ပါးလဲ။ (၂ ပါးပါ ဘုရား)။ သင်္ခါရနှင့် ကမ္မဘဝ။ ဒီတော့မှ မဖြစ်မနေ တွေးပေးတယ်၊ ပြောပေးတာ ဖြစ်လာတယ်။ လုပ်စရာပေါ်လာရင် အရှိန်အဟုန် ထွက်မလာဘူးလား။ ထွက်တဲ့ အရှိန်အဟုန်ကို ကံ လို့ ခေါ်တာကိုး။ 

❖ ဆုံးဖြတ်ချက်ချလို့ရှိရင် ထွက်လာပြီတဲ့။ အဲဒီအရှိန်အဟုန်က မကျေနပ်စရာဆိုရင် အပူဓါတ်အဟုန်၊ ကျေနပ်စရာဆိုရင် အအေးဓါတ်အဟုန်၊ ကုသိုလ်နဲ့အကုသိုလ်ဆိုပြီးထွက်လာတာ။ အဲဒါကြောင့် ဘုရားက ကံလို့ပြောတာ။ အဲဒီ ကံကြောင့်မို့လို့ ဓါတ်ရိုက်ဓါတ်ခိုးတွေက ပြောင်းလဲသွားပြီလေ။ အဲဒါ ဘဝဖြစ်တယ်ခေါ်တာ။ 

❖ သမထသမားကြီးတွေတောင်မှပဲ ငြိမ်ပြီးတော့ ရှူဆဲထုတ်ဆဲ၌ ကိုယ်မှာပေါ်ရင် မနောအထိပေါ်တဲ့သဘောတရား ဝီထိအစဥ်ကို ဘုရားဟောသလို သိမှမသိကြတာ။ စျာန်သမားတွေနော် မသိဘူးနော်။ ပဋ္ဌာန်းနည်းတွေလည်း မသိဘူး။ အဘိဓမ္မာနည်းလည်း မသိကြဘူးနော်။ မသိတော့ကား ငါ့ကိုယ်ထဲကပဲ ထင်ထားတာပဲလေ။ ငါပဲ ထင်ထားတာ။

❖ ငါ ယောင်ယောင်ပဲ ထင်ပြီးတော့ကား တခြားအာရုံတွေ မသွင်းဘဲနဲ့ ငြိမ်သောကြောင့် အအေးဓါတ်လာတာပဲ။ အိမ်စီးပွားရေး၊ သားသမီးစီးပွားရေး၊ အကုန်စွန့်ထားတဲ့ သမထသမားကြီးတွေရှိတယ်လေ။ ဘုရားအလောင်းတော်ဆိုရင် ခဏခဏ ကောင်းကင်ပျံနိုင်ခဲ့တာပဲ။ 

❖ နန်းတော်စွန့်၊ မိဖုရားတွေစွန့်၊ အကုန်စွန့်ခဲ့တာ။ စွန့်ပြီးတော့ကား နှလုံးသွင်းတာက အေးအေးဆေးဆေးပဲ အေးရင် အေးတာလေး တစ်ခုပဲပေါ့နော်။ အာရုံတစ်ခုထဲမှာ ငြိမ်ပြီးတော့ သွင်းတော့ ငါ့ ကိုယ်ထဲကအထင်က မပျောက်ဘူးလေ။ ဘာကြောင့်လဲဆိုတော့ အာရုံ ဒွါရတိုက်ချိန်မှာ သိတစ်ချက်၌ ဒါက စိတ်၊ ဒါက စေတသိက်၊ ဒါက ရုပ်လို့ ဘယ်မှာခွဲသိမှာလဲ။ ဘုရားမှ မဟုတ်သေးတာနော်။ 

❖ ဘုရားမဟုတ်သေးတော့ မသိသေးဘူးပေါ့။ မသိတော့ကား ငါ ယောင်ယောင် ရှိတာပေါ့နော်။ အဲဒီအအေးဓါတ်နဲ့ယှဥ်ပြီး ငါယောင်ယောင်ကိုပဲ ကျေနပ်ပြီးတော့ နေကြတာ။ အေးလွန်းအားကြီးတော့ စိတ်နဲ့ကိုယ် တသားတည်းဖြစ်ပြီးတော့ ကောင်းကင်တောင် ပျံနိုင်ကြတယ်၊ သူများစိတ်အကြံ သိကြတယ်။ 

❖ ဒါပေမဲ့လို့ တဏှာ၊ ဥပါဒါန်၊ ကံ မလွတ်ဘူးလေ။ ဝဋ်သုံးပါး မလွတ်ဘူးနော်။ ကိလေသဝဋ် မလွတ်ဘူး။ နောက် ကမ္မဝဋ် မလွတ်ဘူး။ ဒါကြောင့် ဘဝက မဟာကုသိုလ်နဲ့ ဗြဟ္မာဖြစ်နေကြတာ။ သေတဲ့အခါမှာ အဲဒီဇောအရှိန်နဲ့ ဗြဟ္မာဇာတိဖြစ်ကြရတာ။ ယခုဖြစ်ဆဲပစ္စုပ္ပန်ကာလမှာ ကိလေသဝဋ်နဲ့ ကမ္မဝဋ် နှစ်ခုရပြီနော်။ 

❖ နောက် ဝဋ်တစ်ခု ထပ်ရှာ၊ ဝိပါကဝဋ်ကို ရှာရလိမ့်မယ်နော်။ ဝိပါကဝဋ်က ၈ ပါး။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠယတန၊ ဖဿ၊ ဝေဒနာ၊ ဇာတိ၊ ဥပပတ္တိဘဝ၊ ဇရာ မရဏ။ သစ္စာက ဒုက္ခသစ္စာ။ ဝိပါကဆိုတာ အကျိုးကိုပြောတာလေ။ အဝိုင်းပြေးသဘော၌ အကျိုးတရားအဖြစ်နဲ့ ပါဝင်တာကြောင့် ဝိပါကဝဋ်လို့ ခေါ်တာကိုး။ 

❖ ဒီမှာလည်း ဇာတိဖြစ်တယ်ဆိုရင်ပဲ ဒွါရခြောက်ပါး ပေါ်မလာဘူးလား။ ပေါ်ရင် ဒွါရခြောက်ပါးမှာ အာရုံတိုက်ရင် ခန္ဓာငါးပါး၊ ဝိညာဏ်ဆိုရင် အကင်းပါးရမယ်လေ။ ဝိညာဏ်ဆိုတည်းကိုက တစ်ခုတည်းဖြစ်ပါ့မလား။ (မဖြစ်ပါဘူး ဘုရား)။ ဘယ်သူ့အမည်လဲ။ (စိတ်အမည်ပါ ဘုရား)။ မမေ့နဲ့နော်။ 

❖ 

စိတ်ဆိုရင် စေတသိက်မပါဘူးလား။ သူ တစ်ခုတည်းမရနိုင်ဘူးလေ။ အာရုံဒွါရတိုက်မှ ပေါ်တာမို့လား။ ခန္ဓာငါးပါးကိုပြောတာ။ ခန္ဓာငါးပါးဖြစ်ပေါ်တာကို ဇာတိလို့ခေါ်တာ။ ဖြစ်ပြီး ပျောက်သွားတာ ဇရာ မရဏ လို့ခေါ်တာ။ ဘုရားဉာဏ်တော်ကြီးက နည်းနည်းမှ ထောက်စရာ မရှိအောင် ဟောပစ်ခဲ့တာ။ နာတာ မထည့်ထားဘူး။ နာတာမထည့်ဘူး မရဏ တန်းကူးလိုက်တယ်။ 

❖ ကြားဖူးတာက အို နာ သေ မို့လား။ ဒီမှာ နာတာ မထည့်ထားဘူး။ ဥပပတ္တိဘဝကတော့ ပြီးခဲ့ပြီ ထားခဲ့တော့နော်။ ဥပပတ္တိဘဝဆိုတာ သန္ဓေမှီတဲ့အချိန်မှာ နတ်ဇာတိ ဗြဟ္မာဇာတိမဟုတ်ရင် တို့စာရင်းထဲ မထည့်ရင်ရတယ်။ (ဘုန်းဘုန်းဘုရား ကမ္မဘဝနှင့် ဇာတိအစပ်ကို ဘယ်လို ပြတ်ရလဲ ဘုရား)။ 

❖ အဲဒီနေရာလေးက လူဇာတိဖြစ်ခဲ့သော် ကမ္မဘဝမှာကြည့်နော် သူက လူဖြစ်လောက်တဲ့အရှိန်အဟုန်ရှိမယ်။ ရှိခဲ့သော် နှလုံးသွေးရပ်တဲ့အခါမှာ ဘုရားဟောမှာပါတာနော် အမိဝမ်းအိမ်ရဲရဲလေး ကမ္မနိမိတ်ခေါ်တယ်၊ မနောမှာ ထင်လိုက်တယ်။ ထင်ပြီးအိပ်ပျော် သလိုဖြစ်သွားတယ်တဲ့။ ပြီးရင် ကာလမခြားဘဲ သန္ဓေမှီတော့တာပဲ။ 

❖ အဲဒီနေရာမှာ ဒီခေတ်တော့ ပြရလွယ်ပါတယ်။ email နဲ့ စာပို့သလိုပေါ့။ ဖားနတ်သား နတ်ဖြစ်တာကြည့်လိုက်လေ။ မသေခင်မှာ ဘုရားကိုကြည်ညိုတဲ့စိတ်နဲ့ နတ်အရှိန်ဖြစ်နေပြီ။ နှလုံးသွေးလည်းရပ်သွားရော ကာလမခြားပဲ နတ်ဇာတိ တန်းဖြစ်တာပဲ။ ဒီအစပ်ကို အသေစပ်ခေါ်တယ်။  

❖ ဒီနေရာမှာ ခန္ဓာငါးပါးဖြစ်တယ်ဆိုရင်ပဲ ဇာတိခေါ်တာ။ ဥပပတ္တိဘဝကို ထားလို့ရတယ်နော်။ သန္ဓေလေးမျိုးရှိတာကိုး။ ဥရယ်၊ သားအိမ်ရယ်၊ အညှိရယ်၊ ဥပပတ္တိရယ်။ ဘုန်းဘုန်းတို့က သားအိမ်သန္ဓေဆိုတော့ ဥပပတ္တိထည့်စရမလိုတော့ဘူးနော်။ ဒါကို သစ္စာယူရင် ဘာသစ္စာခေါ်လဲ။ (ဒုက္ခသစ္စာပါ ဘုရား)။ 

❖ နံပါတ်နှစ် ယခုဖြစ်ဆဲကာလကို သွားကြည့်ရအောင်။ နံပါတ်(၂)အကွက်မှာ ဝိညာဏ်၊ နာမ်ရုပ်၊ သဠယတန၊ ဖဿ၊ ဝေဒနာ ဆိုတဲ့ ပစ္စုပ္ပန်အကျိုးအခြင်းအရာမှာ အကျိုးဆိုတာ ဝိပါကလို့ပြောတာ။ ပါဠိလိုက ဝိပါက၊ မြန်မာလိုကအကျိုး။ ဒါဖြင့် ဒါက ဝိပါကဝဋ်ဖြစ်နေတယ်။ အကျိုးတရားပေါ်တာနော်။  

❖ နံပါတ် ၃ အကွက်မှာ သေခါနီး ဥပါဒါန်သည် ဘဝဖြစ်မနေဘူးလား။ အတိတ်က အကြောင်းအခြင်းအရာငါးပါးမှာ ခန္ဓာငါးပါးကို အမှန်အတိုင်း မသိတော့၊ အဝိဇ္ဇာဖုံးထားတယ်။ အာရုံ ဒွါရတိုက်လို့ရှိရင် သင်္ခါရ ၅၀ ထဲမှာ မောဟ ပါမနေဘူးလား။ အဲဒီတော့ အမှားဆုံးဖြတ်တော့ တဏှာ၊ ဥပါဒါန်၊ ဘဝဖြစ်တာပေါ့။ 

❖ အဲဒီဘဝမှာ လူနဲ့တူသော ဘဝဖြစ်နေပြီနော်။ ဒါကြောင့် သေခါနီးမှာ လူသန္ဓေ မှီတော့တာပဲလို့ မှတ်ရမယ်။ နံပါတ် ၂ အကွက်မှာ ပဋိသန္ဓေအစဥ်လျှောက်ပြီး ဟောတဲ့နည်းကတော့ တစစနဲ့ ဒွါရခြောက်ပါးစုံတာ ထားလိုက်နော်။ သို့သော် လူရှင်ဆိုကတည်းက ဝိညာဏ်ဆိုရင် သဘောပေါက်ရမယ် ခန္ဓာငါးပါး တပေါင်းတည်းဖြစ်၊ တပေါင်းတည်းချုပ်။ 

❖ ဖြစ်တာက ဇာတိ၊ ပျောက်တာက ဇရာ မရဏ။ နံပါတ် ၄ နဲ့ နံပါတ် ၂ အတူတူပဲလို့ မှတ်ရမယ် ဝိပါကဝဋ်ပဲဖြစ်နေတယ်။ ဝိပါကဝဋ်ကတော့ ဘုရားမှာလည်းရှိတယ်၊ ရဟန္တာမှာလဲရှိတယ်။ အကျိုးတရားကို သတ်လို့မရဘူးလို့ မှတ်ခဲ့အုန်း။ အတိတ်က ပြုခဲ့တဲ့ ကံအရှိန် မကုန်မချင်းမှာ ပေါ်နေမှာပဲတဲ့။ သေချင်လို့လည်း သေလို့မရဘူးလို့ မှတ်ရမယ်။ 

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

🙏🙏🙏

ဆစ်ဒနီနိုင်ငံတွင် ဟောကြားတော်မူခဲ့သော ဝဋ်သုံးပါးနှင့် အဆုံးသတ် တရားတော် မှ စာစီပူဇော်ပါသည်။