logo

သစ္စာပါရမီ

ဓမ္မရိပ်သာ

ဝဋ်သုံးပါး နှင့် အဆုံးသတ်

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
7/14/2026
ဝဋ်သုံးပါး နှင့် အဆုံးသတ်

❖ စက်ဝိုင်းဒေသနာနဲ့ ပြန်ပိတ်ရအောင်နော်။ နံပါတ်(၂) နဲ့ (၃) အကွက်မှာ အားလုံးမှာ ဝိပါကအဖြစ်နဲ့ပေါ်တာဟာ အာရုံသိကို ပြောတာနော်။ တုံးလုံးလှဲနေလည်းပဲ ကိုယ်မှာ‌လောင်တော့ သိမနေဘူးလား။ ကာလမခြား အမူအရာပါ တွဲမနေဘူးလား။ အဲဒီတော့ လှုပ်တဲ့အမူအရာ၊ ပူတဲ့အမူအရာ ထိုအမူအရာဟာ အရှုခံပဲလေ၊ ခန္ဓာငါးပါးပဲ။ 

❖ ထူးခြားတာက တံလျှပ်ကဲ့သို့၊ အကောင်အထည် မဟုတ်ဘူးလေ။ အဲဒီအမြင်လေး ကပ်ထားရမယ်နော်။ အားထုတ်လိုက်တာကိုး၊ အလင်းဓါတ်နဲ့ကြည့်ပြီ။ ကြည့်ရင် ကျနော်ဟာ ခေါင်းပါ ခြေပါ လက်ပါ နာလှပါပြီ ပြောင်းပေးပါလို့ ပြောတဲ့အသံပါလား။ ပါတော့ဘူး။ 

❖ တိတ်ဆိတ်လို့ တံလျှပ်အငွေ့လိုဖြစ်မှန်းသိတော့ ငါလို့လည်း မယူတော့ဘူးလေ။ ငါလို့မှ မပြောတာ။ မယူတော့ ငါ့အတွက် ငါနာတာ ပြင်အုန်းမယ်ဆိုတဲ့ ဥပါဒါန် ကံ လာသေးလား။ မလာဘူး။ သေခါနီးမှာ ဆရာဝန်ခေါ်ပေးပါအုန်းလို့ အော်တဲ့အသံ လာပါ့မလား။ ရင်ထဲမှာ မအော်တော့ဘူး။ 

❖ ငါ့ကို ကယ်ပါအုန်းရော အော်ပါ့မလား။ အော်တော့ဘူး။ အသံမှ နဂိုတည်းက မရှိတာ။ ဒီထဲမှာ အသံမှာ မပါတာ‌နော်။ ပညတ်မှာ အသံမှ မပါတာကိုး။ တရိပ်ရိပ်နဲ့ပေါ်ပြီးတော့ကား သူက တံလျှပ်လို ပျောက်နေတာပဲရှိတော့ သူ့သဘောတရားက အသစ်အသစ်အစားထိုးတာနော်။ ဒါလေးပဲရှိတာကိုး။ 

❖ အဲဒါလေးပဲရှိတာကို သိသောကြောင့် အော်စရာအသံလည်းမရှိ၊ အသက်ဝင်အောင် လှုပ်ရှားလို့လည်း မရတာ။ အဲဒါနှလုံးသွင်းထားတာ တည့်နေပြီလေ။ ဒါဆိုရင် ဒီဘက်အုပ်စု ပျောက်မနေဘူးလား။ ပျောက်သွားရင် ဇာတိကုန်တဲ့လမ်းပဲပေါ့။ ဒါဆိုရင် ဝဋ်ကထွက်တယ်လို့ မှတ်ရမယ်။ ဝိပါက နောက်ကနေ ကိလေသာ မလိုက်ခင်မှာ ဉာဏ်ကဖြတ်သွားတာ။

❖ ဝဋ်သုံးပါးက အခုဖြစ်ဆဲပစ္စုပ္ပန်ကာလမှာ ရှိတယ်နော်။ အခုလောလောဆယ်မှာ ရှိတာ။ လက်ရှိအချိန်မှာကိုပဲ လှမ်းဆဲလေးမှာ ဝဋ်သုံးပါးရှိတယ်။ မသိရင် လည်နေတယ်။ ပြုခဲ့တဲ့ကံအရှိန်ကြောင့် သိခွင့်ရနေတယ်လေ။ လှုပ်ရှားသမျှ မသိရဘူးလား။ ဒါက ဝိပါကဝဋ်။ 

❖ တခါတလေ နေမကောင်းဘူးဆိုတာ အကုသိုလ်အကျိုးပေး။ ချောင်းဆိုတာ နှာချေတာပါ ထည့်လိုက်အုန်း။ ချောင်းဆိုးလည်းပဲ တရားလွတ်မပြစ်နဲ့နော်၊ ချောင်းဆိုးလည်းပဲ အဲဒီအမူအရာအကုန်လုံးက ဝိပါကဝဋ်ပဲ။ 

❖ နောက်ကအမူအရာ ချောင်းဆိုးတဲ့အမူအရာကို နောက်စိတ်က အထည်မဟုတ်ကြောင်း ဆုံးဖြတ်ရင် ဝေဒနာနှင့်တဏှာအစပ်မှာ တဏှာဘက်ကို မကူဘူး။ တရားထိုင်ရင်းနဲ့ ချောင်းဆိုးတယ်ဆိုရင် အ‌နှောင့်အယှက်များလိုက်တာဆိုရင်တော့ ကူးသွားပြီ။ မရတော့ဘူး။ 

❖ ချောင်းဆိုးလည်း အရှုခံလာတာပဲ။ ချေလည်း အရှုခံလာတာပဲ။ ဗိုက်အောင့်လည်း အရှုခံပဲနော်။ တချို့က ချောင်းဆိုးလို့ရှိရင် လွတ်ပလိုက်တယ်။ မလွတ်နဲ့၊ ချောင်းဆိုးလည်း ချောင်းဆိုးတဲ့အမူအရာကြီးက အရှုခံပဲ။ နောက်က အမူအရာကိုသာ အကောင်အထည်မဟုတ်ကြောင်း ဆုံးဖြတ်ပေး။ ဒါဆို ဒီဘက်ကူးပါ့မလား။ မကူးဘူး။ 

❖ အဲဒီလို ရှုပါများလို့ရှိရင် ရေမှာစာရေးသကဲ့သို့ (သို့) ရဲနေတဲ့သံအိုးကင်ပေါ် ရေတန်းကျဘိသကဲ့သို့ သူက အဆုံးသတ်ဖြစ်ရပ်ခေါ်တယ်၊ ဒီလိုမှ ရမှာနော်။ ပြတ်သွားတာ၊ ပျောက်သွားတာ မဟုတ်ဘူးနော်၊ အဆုံးသတ်ဖြစ်ရပ်။ ဘာမှမလာဘဲ ပျောက်သွားတာမဟုတ်ဘူးနော်။ ဒီက အသစ်အသစ်လာနေတယ်။ ဒါပေမဲ့ ရှေ့မဆက်တော့ အဆုံးသတ်ဖြစ်ရပ်ခေါ်တယ်။ 

❖ စကားလုံးမှားရင် ယောဂီတွေ အကျင့်မှားလို့နော် ဘုန်းဘုန်းက ချုပ်ငြိမ်းတယ်ပြောတော့ တချို့ဒကာတွေက ဘာမှမရှိတာကို လိုက်လိုက်ရှာရှာနေတယ်။ ဘာမှ မရှိတာကြီးကို မတွေ့ဘူးနော်။ အဆုံးသတ်ဖြစ်ရပ်ခေါ်တယ်။ အဲဒီလိုမှ နားလည်မှာ။ 

❖ အသစ်အသစ် ပေါ်ပြီးတော့ ဒီမှာ(ဝေဒနာနှင့်တဏှာအစပ်)အဆုံးသတ်နေတာ၊ ဒီဘက်မကူးတာ။ အကောင်အထည်မဟုတ်ဘဲနဲ့ အဆုံးသတ်နေတာ၊ ရှေ့ကို မဆက်တာ။ အသစ်အသစ်ဆိုတော့ အဟောင်းက မရှိဘူးလေ။ သို့သော် အသစ်က မနားတမ်းလာနေတာကိုး။ ဘာမှမရှိတာ သွားရှာလို့ရှိရင် လွတ်သွားလိမ့်မယ်၊ မှားသွားမယ်။ နားလည်မလား၊ ပျောက်သွားပျက်သွားတာ မရှာနဲ့နော်။ 

❖ ဖြစ်ပျက်ဆို ပျောက်တာရှာနေတာ။ ပျောက်တာသွားရှာရင် မှားလိမ့်မယ်။ ဘုရားပေးတဲ့ဥပမာက ရဲနေတဲ့အိုးကင်းပေါ် ရေတန်းကျသလို၊ အဆုံးသတ်ဖြစ်ရပ်လေးပဲရှိတာ၊ ရှေ့မဆက်တာ။ ရေမှာ စာရေးတယ်၊ မနားတမ်းရေးနေကြည့် ရှေ့နောက်မထင်တာပဲရှိတယ်၊ အဆုံးသတ်ဖြစ်ရပ်မို့လား။ အဲဒီအတိုင်းပဲ သွားနေရမှာ။ မနားတမ်း မသေမချင်းက ပေါ်နေမှာကြီးကို။ အဲဒါလေး အရေးကြီးတယ်နော်။ 

❖ တောက်လျှောက် ရှူနေဆဲမှာကိုပဲ အသစ်အသစ် သူက အစားထိုးရင်းနဲ့ပြီးဆုံးနေတာ။ နောက်က အမူအရာသာ အကောင်မထင်နဲ့။ ဒီတိုင်း ငြိမ်နေလည်းပဲ ရတယ်နော်။ ငြိမ်လည်းလောင်နေတာက အဆုံးသတ်ဖြစ်ရပ်ပဲ။ သူ့ကို အချိန်နဲ့ကပ်ထားရင် ပိုကောင်းတယ်။ အချိန်ထားလိုက်ရင် ပိုကောင်းတယ်နော်။ အချိန်သတ်မှတ်ချက်လေး ပေါင်းလိုက်ရင် ပိုပြီးရှင်းတယ်။

❖ တောက်လျှောက်အချိန်ဟာ ကုန်မနေဘူးလား။ ကုန်တယ်ဆိုတာ အဆုံးသတ်ဖြစ်ရပ်ပဲ။ လုံးလုံးမရှိတာ မဟုတ်ဘူးနော်။ နားလည်မလား။ လုံးလုံးမရှိတာ သွားမရှာနဲ့နော်။ အဆုံးသတ်ဖြစ်ရပ်ကို နားလည်ရမယ်။ ရှေ့ကို မပြေးသော မဆက်သောကြောင့် နိရောဓခေါ်တာ။ ရောဓက ပြေးခြင်း၊ သွားခြင်း၊ အဲဒါကျ ဓမ္မစေတီဆရာတော် ကျေးဇူးဗျာ။ 

❖ ဘုန်းဘုန်းတို့ မုံရွာမှာ တရားသွားဟောတော့ အဲဒီမှာ နှစ်ပါးသွာဟောရတာ။ ဘုန်းဘုန်း ရဟန်းအစ်မ ‌ဒေါ်နွဲ့နွဲ့ဝင်း တို့ဆိုတာရှိတယ်၊ သူတို့က ဆရာတော်ကို ဘုန်းဘုန်းသွားဟောနေကြနေရာကို ပင့်လာတယ်။ ညဘက် ပရိတ်သတ်ပျင်းမှာစိုးလို့တဲ့။ သူက ပျော်ပျော်ပါးပါးဟောတတ်တာကိုး။ သီချင်းဆိုရင် ဆိုလိုက်နဲ့ဆိုတော့ ပင့်လာတာ။ 

❖ အဲဒါ ညဘက် သူကဟော၊ ဘုန်းဘုန်းက နေ့ခင်းဘက်ဟော။ အဲဒီလိုဟောရတာကိုး။ သူဟောတာထဲမှာ မှတ်စရာပါတယ်၊ ရောဓ အကြောင်းပြောတော့ သူက ထိုင်ပြီးတော့ အမှတ်တမဲ့ပြောလိုက်တာလေးက တန်ဖိုးရှိတာ။ အင်္ဂုလိမာလကြီးကတဲ့ ပြေးတာနော်၊ ဘုရားရှင်က ရှေ့ကပြေးတယ်ထင်တာကို နောက်ကလိုက်တာမို့လား။ 

❖ အမှန်က ဘုရားက တန်ခိုးတော်နဲ့ ရပ်နေတာ။ သူ့မှာသာ ပြေးနေရတာ။ မပြေးနဲ့ မပြေးနဲ့၊ ဘုရားကို။ ဘုရားက ငါက မပြေးဘူး၊ သင်ကသာ ပြေးနေတာ။ အဲဒီမှာ ရောဓ ဆိုတဲ့စကားလေး ထည့်ထားတာ။ ရောဓ ဆိုတာ ပြေးခြင်း၊ သွားခြင်း အဓိပ္ပါယ်တဲ့။ နိရောဓ ဆိုတာ မသွားဘူး၊ မပြေးဘူးတော့ဘူး ပြောတာတဲ့။

❖ အဲဒီစကားလေးကို ကြည့်လိုက်တော့ ဒီစကားတန်ဖိုးရှိလိုက်တာလို့။ အရှင်ဘုရား ကျေးဇူးများတယ် ဒီတန်ဖိုး မသေးဘူး။ အဲဒီတော့ ရောဓဆိုတဲ့ သဘောတရားက ဒီမှာ အထည်ထင်ရင် ဆက်ပြီလေ။ ဆက်ရင် သံသရာဂျောက်ထဲသွားပြီ၊ လည်တော့မှာပေါ့။ ရောဓက မရပ်တော့ဘူး။ 

❖ အရှိအရှိအတိုင်း မြင်လိုက်ရင်တော့ မသွားတော့ နိရောဓ ခေါ်တာ။ အပြီးသတ် နောက်ဆုံးအခြေအနေ အဆုံးသတ်ဖြစ်ရပ်ခေါ်တယ်။ အဲဒီမှာ ရပ်နေတာ။ သို့သော် အသစ်အသစ်ပေါ်နေတယ်၊ ဒီမှာရပ်နေတယ်။ ရဲနေတဲ့သံအိုးကင်းပေါ် ရေတန်းကျသလိုပေါ့ ဒီမှာ(ဝေဒနာနဲ့တဏှာအစပ်) အဆုံးသတ်ပြီး ပျောက်နေတာ။ ရှေ့မဆက်တော့တာ။ 

❖ အဲဒါကို နိရောဓ ပြောတာ။ အဲဒီစကားလေးကျ ပိုရှင်းသွားတယ်နော်။ ချုပ်ငြိမ်းခြင်းလို့ ဘာသာပြန်လိုက်ရင် မလိုက်နိုင်ဘူး။ မမှီတော့ဘူး။ ချုပ်ငြိမ်းခြင်းဆို မရှိဘူးဖြစ်သွားမှာ၊ အဲဒီလိုမဟုတ်ဘူး အဆုံးသတ်ဖြစ်ရပ်ပဲနော်။ နိရောဓဆိုတာ ရှေ့ကိုမပြေးတာ မဆက်တော့တာ။ 

❖ အဲဒီတော့ နိ ဆိုတာ မရှိတာ၊ ရောဓ က ပြေးတာ။ ပြေးခြင်းမရှိတော့ဘူးလို့ပြောတာ။ သံသရာကို ဒီလို မပြေးတော့ဘူး။ ပေါ်သမျှအားလုံးဟာ အဆုံးသတ်ဖြစ်ရပ်ကို ဉာဏ်က မိနေပြီ။ အဲဒါ နိရောဓလို့ သတ်မှတ်လိုက်ရင် လုပ်ရတာလွယ်သွားလိမ့်မယ်။ မရှိတာရှာရင်တော့ လည်နေမှာပဲ။ မရဘူး။ 

❖ တချို့ယောဂီတွေက ပျောက်တာရှာတယ်။ ပျောက်တာရှာ၊ ဘယ်ရမှာလဲ။ ဘာမှမရှိတာ ရှာလို့မရဘူး‌လေ။ ဘာမှမရှိဘူးဆိုလည်း အမြင်မှားကြီးပဲ။ ဘုန်းဘုန်းတို့ ကလေးတုန်းကဆိုရင် ဘာမှ မရှိတာကြီးနဲ့ နေခဲ့ဘူးတယ်။ 

❖ အဖိုးက လူလေးတဲ့ နိဗ္ဗာန်ဆိုတာ သုညတဲ့။ “သုညတော လောကေ အဝေက္ခသု” ကို ဘာသာပြန်မှားတာ။ တဏှာ ဒိဋ္ဌိ မာနမရှိတာကို သုညတော ခေါ်တာကို အဘိုးက တောသားကြီးတွေကိုး၊ ဘုန်းကြီးကျောင်းသား စာသိပ်မတတ်တော့ သုညဆိုရင် လူလေး ဘာမှမရှိဘူး။ 

❖ ဘာမှမရှိဘူး ဆိုတော့ လွယ်သားပဲပေါ့၊ အဲဒါ မျက်စိမှိတ် ကိုရင်ဝတ်တဲ့အခါ မျက်စိမှိတ်ပြီး ဟာလာဟင်းလင်းကြီး ဘာမှမရှိတာကြီးပုံဖော်ပြီး ငြိမ်နေတာပဲ။ ဘာမှ မပေါ်ဘူး။ ဟာလာဟင်းလင်းကြီးပေါ်ပြီး ငြိမ်နေတော့ ကောင်းမှကောင်း အေးနေတာပဲ။ နိဗ္ဗာန်မှတ်လို့။ ဘယ်ဟုတ်မလဲ သူက နိတ္ထိကိဉ္စိ ခေါ်တယ်။

❖ ဘာမှမရှိဘူး နှလုံးသွင်းပြီး ဟာလာဟင်းလင်းနေတာ စျာန်ဖြစ်နေတာ။ ကြာရင် ဗြဟ္မာဖြစ်မှာ။ အဲဒါ မသိဘူးလေ။ ငါနဲ့ သွားတာကိုး။ အဲဒါ အမှားနော်။ ဘာမှမရှိတာ သွားလုပ်မနေနဲ့နော်။ အဲဒီစကားမသုံးနဲ့။ ဘာမှမရှိဘူးဆိုရင် မှားတယ်နော်။ မသုံးရဘူးနော်။ လုံးလုံးမရှိတာလည်း ရှာမနေနဲ့ မှားတယ်။ လုံးလုံးရှိတာ သွားရှာသလား။ မရှာနဲ့နော်။ 

❖ ဖြစ်ပျက်ဆို ပျောက်တာ မရှာနဲ့နော်။ ပျောက်တာ သွားမရှာနဲ့။ ရဲနေတဲ့ အိုးကင်းပေါ် ရေတန်းကျသလို၊ အဆုံးသတ်ဖြစ်ရပ်။ ရှေ့ကို မဆက်သောကြောင့် နိရောဓခေါ်တာ။ ဘာသာပြန်သိပ်အရေးကြီးတယ်နော်။ အဲဒါကြေင့် ဓမ္မစေတီဆရာတော်ကို ဘုန်းဘုန်းက ကျေးဇူးသိပ်တင်တာ။ အဲဒီအမြင်လေးက ရဖို့မလွယ်လှဘူးနော်။ 

❖ နိရောဓဆိုတာ ချုပ်ငြိမ်းခြင်း တစ်ခုတည်းဆို လိုက်လို့မနိုင်ဘူး။ ဘာသာပြန်အရေးကြီးတယ်နော်။ အဲဒီတော့ ပြေးနေတာ၊ သွားနေတာက ရောဓ။ ဘုရားက ငါ မပြေးဘူး၊ ငါရပ်နေတာ နိရောဓ ဖြစ်နေတယ် ဘုရားက ပြောတာ။ တကယ်ပဲ အမှန်က မဆက်တော့ဘူးလေ။ ဒါဖြင့် အဲဒီနည်း ပိုသဘာဝကျတယ်။

❖ အဲဒီတော့ ပေါ်ချင်တာပေါ်တော့ အမူအရာဟာ နောက်ဆုံးပဲပေါ့နော်။ အမူအရာဟာ အ‌ကောင်အထည်မဟုတ်ကြောင်း၊ အသက်မဝင်ကြောင်း ဆုံးဖြတ်လို့ရှိရင် ရှေ့ဆက်ပါ့မလား။ မဆက်ဘူး။ တရိပ်ရိပ်နဲ့ ပြီးဆုံးတာပဲ။ လုံးလုံးမရှိတာ သွားမရှာနဲ့နော်။ တရိပ်ရိပ်နဲ့ ပြီးဆုံးတာပဲ ရှိနေမယ်။ သို့‌သော် အနာဂတ်မပေါ်တော့ဘူး။ 

❖ ငါ မပေါ်သောကြောင့် အနာဂတ် တောင့်တ လာသေးလား။ မလာရင် ကြွက်သားအာရုံကြော အကဲခတ်ရတယ်။ အာရုံကြောတွေ မတင်းတော့ဘူး။ အကြောတွေ လျော့ပြီးတော့ အေးပြီးကြည်လာတယ်။ နောက်ဆုံးပိတ် ဖွဲ့စည်းပုံက ဗြဟ္မာထက်လည်း သာသွားတယ်။ ငါ ယောင်ယောင်တောင် မရှိတော့ဘူးလေ။ 

❖ ငါ ယောင်ယောင်မရှိတော့ ဖွဲ့စည်းပုံ ပျောက်သွားတာ။ တင်းပြီးဖွဲ့တယ်ဆိုရင် ငါပေါ်တယ်လေ။ နူးညံ့သွားလို့ ငါယောင်ယောင်ရှိရင် ဗြဟ္မာဖြစ်အုန်းမယ်။ နယ်နိမိတ် မကုန်သေးဘူးလေ။ လုံးလုံးမရှိတာကိုး ငါ ဖယ်ထားတာကို။ ဒီမှာ ဇောအရှိန်ကြောင့် မဂ်ဇော်အရှိန်ကြောင့် ဖွဲ့စည်းပုံပျောက်သွားတာ။ နယ်နိမိတ်မရှိတော့ဘူး။ 

❖ ဒါကြောင့် သေတဲ့အခါမှာ တဖန်ဇာတိ ရှာလို့မရတော့ဘူး။ ကောင်းကင်မှာသွားတဲ့ ငှက်ခြေရာ မတွေ့သလိုပဲ၊ သေတဲ့အခါ သူ့ဇာတိ ရှာလို့မရတော့ဘူး။ ဇာတိမလာတော့ဘူးပေါ့။ အဲဒါ လမ်းမှန်ပဲ မှတ်ကြ။ နားရအောင်နော်။ 

❖ ဤကဲ့သို့ ဘုရားရှင်ဟောကြားဆုံးမတော်မူတဲ့အတိုင်း ဝဋ်သုံးပါးမှထွက်ပုံ သဘောပေါက် နားလည်လျှက် ကြိမ်ဖန်များစွာ ပွားများအားထုတ်ကာ ဉာဏ်ရင့်သထက်ရင့်လို့ နောက်ဆုံး အရဟတ္တမဂ်ဖိုလ်တိုင် ပေါက်မြောက်ပြီး တဏှာအစပ် အပြီးပြတ်ခါ ခန္ဓာဇာတ်သိမ်း ငြိမ်းနိုင်ကြပါစေ။ 

(ဆရာတော်ဘုရားပေးတဲ့ဆုနဲ့ ပြည့်စုံရပါလို့၏ အရှင်ဘုရား။)

သာဓု၊ သာဓု၊ သာဓု။ 

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

🙏🙏🙏

ဆစ်ဒနီနိုင်ငံတွင် ဟောကြားတော်မူခဲ့သော ဝဋ်သုံးပါးနှင့် အဆုံးသတ် တရားတော် မှ စာစီပူဇော်ပါသည်။