❖ ဘုရားစကားပြန်ချုံ့ရင် မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား။ နောက်ဆုံးစကားက ဖြူစင်တဲ့စကား မပါဘူးလား။ ကုသိုလ်ဓါတ်အင်မတန်များမှ ဒီဉာဏ်ပေါ်တာပါတဲ့။ ပြန်ပေါ်တော့မှ ပွားများလို့ရှိရင် အမှောင်ဓါတ်တွေနေရာမှာ အလင်းဓါတ်အစားထိုးတာခေါ်တယ်။
❖ အမှောင်ဓါတ်ကုန်သွားရင် ဖြူစင်တာခေါ်တာ၊ ကိလေသာစင်ကြယ်သွားတာကို ဖြူစင်အောင်ထားပြောတာ။ ရဟန္တာထိပြောတာပါလို့ မှတ်ကြရမယ်။ ဒါဖြင့်ရင် ဝတ္ထုသာဓက ထုတ်ရအောင်နော်။ ဒီတရားမြင်တဲ့ပုဂ္ဂိုလ်တွေက သစ္စာလေးပါးကို တပြိုင်နက်အားဖြင့် ပြီးပုံကို အပြီးသိမှသာ မှန်တယ်လို့ သိရတယ်။
❖ ဒါကို မိုးကုတ်ဆရာတော်ဘုရားကြီး ဆုံးမတာ နာကြည့်ရအောင်နော်။
❝အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ ဘယ်လိုပင် တွင်တွင်ကျယ်ကျယ် သိပြီးသကာလ နေငြားသော်လည်း သစ္စာလေးချက်ကို တပြိုင်နက်အားဖြင့် မထင်မြင်လာ သေးလို့ရှိရင်၊ ဒါ... ကိစ္စ မပြီးသေးတဲ့ အလုပ်ပဲ၊ အပါယ်လေးပါး တံခါးမပိတ်သေးတဲ့ အလုပ်ပဲလို့ သေသေချာချာ မှတ်ကြပါ။❞
❖ တရားရှုမှတ်တဲ့အခါ တချို့ကတော့ ထိုင်နေရင်းနဲ့ တကိုယ်လုံးမှာက နာတာကျင်တာ ဖောက်ပြန်တာကို ကြည့်နေရင် တရားလို့ ထင်တာပေါ့နော်။ အဲဒါတွေ ဘယ်တော့ဆုံးမလဲလို့ ဝေဒနာထင်ပြီး ဝေဒနာကိုဆုံးအောင်ရှုဆိုပြီးတော့ အဓိပ္ပါယ်မကောက်တတ်တော့ ထိုင်ကြည့်တာကို တရားထင်နေကြတာကိုး။
❖ ကြာကြာထိုင်နိုင်မှ အပြင်းအထန်ထိုင်နိုင်မှ တရားပေါ့။ အပြောများပြီး အခုလိုနာနေတာ တရားမထင်ကြတာ အများကြီးပဲလေ။ အခု ပါချုပ်ဆရာတော်ဘုရားကြီးက အဲဒါကို သင်နေပါတယ်။ ဘယ်အမူအရာဖြစ်ဖြစ်ပါ သမ္မာသင်္ကပ္ပဉာဏ်နဲ့ သိမ်းနိုင်လို့ လွတ်မြောက်ရင် အမှန်လို့ ပြထားတာနော်။ သတိထား အယူအဆ မမှားစေနဲ့နော်။
❖ ဉာဏ်အမြင်ဟာ သစ္စာလေးချက်ကို တပြိုက်နက်အားဖြင့် မထင်မြင်လာသေးလို့ရှိရင် ဒါ ကိစ္စမပြီးသေးတဲ့အလုပ်ပဲ၊ အပါယ်လေးပါး တံခါးမပိတ်သေးတဲ့ အလုပ်ပဲလို့ သေသေချာချာ မှတ်ကြပါ တဲ့။ နိဗ္ဗာန်ကိုရှင်းရှင်းမြင်သွားတဲ့ သောတာပတ္တိဉာဏ်ကို ဦးတည်ပြောတာပါတဲ့။ တဏှာမရှိတဲ့ နိဗ္ဗာနဓါတ်ကို ရှင်းရှင်းမြင်သွားတဲ့ ဉာဏ်အမြင်ကို ဦးတည်ပြောတာ မှတ်ထားရမယ်။
❖ တရားဦးဓမ္မစကြာမှာ သစ္စာလေးပါးကို ဟောတာပါလို့ မှတ်ကြပါ။ သစ္စာလေးပါး တရားက အံ့သြစရာကောင်းတယ်နော်။ စဟောတော့ ဉာဏ်လည်း အကုန်ပွင့်သွားရောတဲ့။ တရားလည်းပွင့်သွားရော ဓါတ်သဘောတွေ ဆန်းကြယ်လိုက်တာ၊ သစ်ပင်က ပန်းတွေက ပွင့်ပြီးသား ထပ်ပွင့်ကြတာ။ ပန်းအကုန်ပွင့်တာ။
❖ နတ်ပန်းလည်းပွင့်တာပဲ။ တချို့နတ်တွေဆို ဘုရားပွင့်တာ မသိဘူး၊ ပန်းတွေပွင့်တော့မှ ဆန်းလိုက်တာဆိုမှ ဓမ္မစကြာဟောနေပြီလို့ သိရတယ်။ အပွင့်ဓါတ်ကြီး အံ့သြစရာကောင်းတယ်၊ သိထားကြနော်။
❖ ဒီမှာ ဘုန်းဘုန်းတို့ သစ္စာလေးပါး ဒုက္ခသစ္စာရယ်၊ သမုဒယသစ္စာရယ်၊ နိရောဓသစ္စာရယ်၊ မဂ္ဂသစ္စာရယ်။ ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂပေါ့နော်။ တပြိုင်နက်ပြီးတယ်ပြောထားတော့ မျက်စိလည်တာပေါ့။ ဒီမှာက တရားနာတဲ့အခါမှာ တရားစာဖတ်တဲ့အခါမှာက သတိထားရမှာကတော့ သုတ္တန်နည်းရှိတယ်၊ အဘိဓမ္မာနည်းဆိုတာရှိတယ်။
❖ သုတ္တန်နည်းကတော့ စာလုံးလေးတွေ တန်းစီပြီးတော့ ရေးရတာ။ မဂ္ဂင် ၈ပါးဆို ၈ပါးကို တန်းစီရေးရတယ်။ တပါးချင်းစီကိုလည်း ခွဲပြီးသင်ရတယ်။ အဲဒါ သုတ္တန်နည်းခေါ်တယ်။ ချဲ့ရင်ချဲ့သလို ပိဋကတ်သုံးပုံမပြီးနိုင်ဘူး ချဲ့လို့ရတာပေါ့နော်၊ သုတ္တန်နည်းခေါ်တယ်။
❖ အဘိဓမ္မာကျတော့ ဉာဏ်တစ်ချက်တည်းမှာ အကုန်ပါသွားတာ။ အဲဒါကိုပိုင်မှ အမှန်မြင်ရလိမ့်မယ်တဲ့။ မှတ်ခဲ့နော်။ မဂ္ဂင် ၈ပါးဆိုလည်း မဂ္ဂင် ၈ပါး ကျင့်နေပြီဆိုရင် အကျယ်ကြီးပဲကျင့်ရမှာလားလို့ ထင်ကြတာပေါ့နော်။ တကယ်ပေါင်းလိုက်တော့ ဉာဏ်တစ်ချက်မှာ အကုန်ပါတာလို့ သိမှ ဒီတရားက နားလည်မှာ။ မှတ်ခဲ့နော်။
❖ ဉာဏ်ကလည်းပဲ ဘယ်လိုပေါ်လဲမေးရင်တဲ့၊ ဘုရားဟောတော်မူတာကို နာရတာ။ ဉာဏ်ကို တနည်းအားဖြင့် ဉာဏ်ဆိုတာ စိတ်မှာယှဥ်တဲ့စေတသိက်ပါလို့ သိရတယ်။ ပညာစေတသိက်ကို ခေါ်တာတဲ့။ ဒါ တည်တောဆရာတော်ဘုရားကြီးတို့ ရှင်းပြခဲ့တာ။ ဘုရားရှင်အကြောင်းမေးတယ်။ ဉာဏ်တော်က ဘုရားလား၊ သန္တာန်တော်က ဘုရားလား လို့ မေးတဲ့အခါမှာ မေးခွန်းအဟောင်းကြီးဖြစ်တဲ့အကြောင်း ရှင်းပြပြီးတော့မှ -
သဗ္ဗညုတဉာဏ်တော်ဆိုတာဗျာတဲ့ ပညာစေတသိက်ကို ခေါ်တာပါတဲ့။ အလင်းဓါတ်တဲ့၊ စိတ်မှာယှဥ်တဲ့အလင်းဓါတ်ကြီး ခေါ်တာပါ။ ပညာစေတသိက်က စိတ်ကိုမှီထားတာဗျတဲ့။ စိတ်က ရုပ်ကို မှီရတယ်။ အဲဒီတော့ ပေါ်တဲ့အာရုံတွေကို အလင်းဓါတ်နဲ့ ဦးအောင်ရှုတဲ့အခါမှာ အမှောင်မလာဘူးတဲ့။ အလင်းဓါတ်သတ္တိကိန်းတယ်တဲ့၊ ပညာသတ္တိကိန်းတော့တာပဲတဲ့။
❖ နည်းနည်းခက်လာပြီနော်။ တွေးသမျှအားလုံးဟာ ပြီးရောမဟုတ်ဘူးတဲ့၊ သတ္တိကိန်းတာတဲ့။ ဒီခေတ်တော့ ဥပမာပေးလို့ရပြီ၊ ဖုန်းတွေနဲ့ အင်တာနက်ဖမ်းတယ်။ ကြိုက်တဲ့ဇာတ်လမ်းလေးပေါ်လာရင် သိမ်းထားလို့ မရဘူးလား။ (ရပါတယ် ဘုရား)။ အဲဒီလိုပဲ စိတ်မှီတဲ့အသွေးကနေတဆင့် အသား၊ ချဥ်ဆီထိအောင် ကိန်းတော့တာတဲ့ဗျ။
❖ အရက်သမားလိုပေါ့၊ အရက်ကြိုက်တဲ့ဓါတ်ကိန်းသွားတာပဲ။ ပြည့်သွားလို့ရှိရင် အရက်ပဲ တောင့်တတော့တာပေါ့။ ဘိန်းသမားလည်း ဘိန်းပဲ တောင့်တတော့တာပေါ့။ ဂိမ်းကလည်း ဂိမ်းပဲ တောင့်တတော့တာပေါ့။ ပြည့်သွားတာကိုး။ ဂုဏ်တော်ပွားလည်း ပြည့်အောင်ပွားရတာပဲ။ အလင်းဓါတ်နဲ့ ဂုဏ်တော်ပွားရင် ပြည့်သွားရင် ဂုဏ်တော် ပြန်ထွက်လာတာပဲလေ။
❖ ဝိပဿနာတရားလည်းပဲ သတ္တဝါ မဟုတ်ကြောင်းကို ရှုမှတ်သွား။ ပွားရင်း ပွင်းရင်းနဲ့ အမှောင်ကုန်သွားရင် ပြည့်သွားရင် ပြီးပြီပေါ့။ ပြည့်အောင် ပွားခိုင်တာပဲလေ။ ဒီမှာက အလင်းဓါတ်ဆိုတာက ပညာလို့ခေါ်တာ ဘာကြောင့်ရသလဲ၊ အဲဒါ လိုရင်းလေးပါ့။ နှစ်ချက်ပြတယ်။ ဒုကနည်းခေါ်တယ်။ အပြင်ကတစ်ချက်၊ အတွင်းကတစ်ချက်တဲ့။ မဂ်ဉာဏ်စသင်နေပြီနော်။ မှတ်ထား။
❖ အပြင်က “မိတ်ဆွေကောင်းတရားနာ”၊ အတွင်းက “နှလုံးသွင်းတည့်ခြင်း” ။ နှစ်ချက်နဲ့ပြီးတာကိုး။ အမှန်တရားကို သင်ကြားပေးတာ မိတ်ဆွေကောင်းခေါ်တယ်တဲ့။ အဲဒါကို စိတ်ဝင်စားပြီးတော့ သြော် ဟုတ်ပါလားလို့ နှလုံးသွင်းတာပေါ့။ ပီတိဖြစ်ပြီး ဝင်သွားပြီဆိုရင် ကိန်းပြီတဲ့ဗျ။
❖ ဥပမာပြောရအောင်နော်။ သင်္ချာပုစ္ဆာတစ်ခု ဘုန်းကြီးက နားကနေ ပြောလိုက်မယ်။ စိတ်သဘောတရားက အဖြေရအောင်ထုတ်တာနော်။ အံ့သြစရာကောင်းတယ်။ ဥပမာပေးနေကြ ထပ်ပေးမယ်။ ၅x၅= လို့ ကြားလိုက်မယ်။ အဖြေဘာပေါ်လဲ။ (၂၅ ပါ ဘုရား)။ အံ့သြစရာနော်။ ဘုန်းဘုန်းပြောတဲ့အသံမှာ ၂၅ ပါလို့လား။ မပါဘူး။
❖ အသံမှာက ၅ ဆိုတဲ့ အသံလှိုင်းလေးပဲလာတာ။ ပုံမပါဘူးနော်။ အမြှောက် ၅ ညီမျှခြင်း၊ အသံလှိုင်းလေးပဲလာတာ။ နောက်စိတ်က ဖွဲ့လိုက်တာနဲ့ ၅x၅= ပုစ္ဆာပေါ်မလာဘူးလား။ (ပေါ်လာပါတယ် ဘုရား)။ ပုစ္ဆာမှာ ချက်ချင်း ၂၅ ပါလား။ မပါဘူး။ ဒုတိယအတွေးကျမှ အလုပ်လုပ်ကြတာတဲ့။ အလင်းဓါတ်ကနေပြီးတော့မှ အဖြေထုတ်တော့မှ ၂၅ ပေါ်လာတာ။
❖ ၂၅ ပေါ်တာဟာ ငါ မဟုတ်ဘူးတဲ့ဗျ။ အဲဒါ ဘုရားက ဉာဏ်လို့ခေါ်တယ်၊ ပညာလည်းခေါ်တယ်။ နားလည်ပြီနော်။ တရားရှုမှတ်တဲ့အခါမှာ အဲဒီပညာရအောင် သင်ပေးရမှာ။ ရှုနည်းသင်တာ အဲဒါပဲ။ ၂၅ ရတာတောင် မသင်ဘဲနဲ့ ရပါ့မလား။ (မရပါဘူး ဘုရား)။ ကျောင်းမှာ သင်ရတာလေ။ မသင်ခင်တုန်းကဆို ဘယ်သိမလဲ ကလေးဘဝတုန်းက ပုစ္ဆာလာပေး ဘယ်ဖြေတတ်မှာလဲနော်။
❖ ကျောင်းမှာ ဆရာသမားသင်ပေးတော့ သင်တာနှလုံးသွင်းရင်း သွင်းရင်းနဲ့ သတ္တိလည်းကိန်းထားရော အခုကျတော့ ချတွက်စရာတောင်မလိုတော့ဘူးလေ။ ၅x၅= ဆိုတာနဲ့ ၂၅ ပေါ်မလာဘူးလား။ အဲဒီပုံပေါ်ပေးတာက ငါ မဟုတ်ဘူးတဲ့။ စိတ်မှာယှဥ်တဲ့ အလင်းဓါတ်တဲ့၊ ပညာလည်းခေါ်တယ်၊ ဉာဏ်လည်းခေါ်တယ်။ ရိုးရိုးလောကီဉာဏ်နော်။
❖ ဝဋ်ကထွက်သည်ထိ မြင်တဲ့ဉာဏ်ဆိုရင်တော့ မဂ်ဉာဏ်ခေါ်တယ်။ မဂ္ဂဆိုတာ လမ်း။ လမ်းမှန်ရင် မဂ္ဂခေါ်တာ။ ဂငယ်ဆင့်တာကို အောက်ကဖယ်လိုက်ရင် အသတ်ထည့်ရတယ်။ မဂ်လို့သုံးကြတယ်။ ဝဋ်သုံးပါးက ထွက်တဲ့လမ်း မြင်ရင် အဲဒါ မဂ်ဉာဏ်ခေါ်တာတဲ့ဗျ။ မှတ်ထားနော်။
❖ မဂ်ဉာဏ်ဆိုရင် ဘယ်လိုဟာမျိုးလဲမေးတော့မှတဲ့ တဏှာအစပ်မှာ မဆက်တော့ဘဲနဲ့ ခန္ဓာနိရောဓကို မြင်သွားရင် တဲ့ အဲဒါ မဂ်ဉာဏ်ပဲဗျာ။ ခန္ဓာချုပ်ငြိမ်းတာကို မြင်လိုက်ရင် မဂ်ဉာဏ်ပဲ။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
🙏🙏🙏
GIC မိသားစု (၂)ရက်တရားသင်တန်း (၅.၇.၂၀၂၆ - ပထမအချိန်) #သစ္စာလေးပါးတရားတော်မှ စာစီပူဇော်ပါသည်။
