logo

သစ္စာပါရမီ

ဓမ္မရိပ်သာ

ရိုးရိုးကျင့် မြင့်မြင့်ကြံ

အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ
9/6/2026
ရိုးရိုးကျင့် မြင့်မြင့်ကြံ

★ အင်္ဂလန်ရောက်သွားတဲ့အခါမှ သူတို့တွေ အောင်စာရင်း ဘယ်လိုထုတ်တယ်ဆိုတာ မြင်ရတယ်။ အရင်တုန်းကလည်း ဒီတိုင်းပဲ၊ ၁၊ ၂၊ ၃ ပေးပြီးတော့ ဘယ်သူအမှတ်ဘယ်လောက်ရတယ်ဆိုတာ နံရံမှာကပ်ထားလိုက်တာ။ နောက်ပိုင်းကျတော့ အဲဒီလိုလုပ်တာ စိတ်ပိုင်းဆိုင်ရာအရ အရမ်းကို ထိခိုက်တယ်။ ကြိုးစားမှုဆိုတဲ့ motivation ရအောင်ဆိုရင် တခြားနည်းရှာရတယ်ဆိုပြီးတော့ သူတို့တွေ စတင်ပြီးတော့ တွေးကြတယ်။

★ အဲဒီတွေးတဲ့နေရာမှာ ဘယ်လောက် အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာတော့ ပြောစရာတစ်ခုရှိတယ်။ ဒါပေမဲ့ အောင်မှတ်ကို ပေးတဲ့နေရာမှာ ကျောင်းသားတစ်ယောက်ကို စာအိတ်တစ်ခုနဲ့ပေးလိုက်တယ်။ သူ့ရဲ့အောင်မှတ်ကို။ တခြားလူ မသိဘူး။ 

★ ပြီးရင် အဲဒီအောင်မှတ်ထဲမှာလည်းပဲ သူ့ကို ကောင်းတဲ့အချက်တွေ၊ ချို့ယွင်းတဲ့အချက်တွေ အဲဒါတွေပါ ရေးပေးတာ။ ပြောမယ်ဆိုရင်တော့ စာစစ်တဲ့နေရာမှာ ကျကျနန စစ်ပေးတယ်။ ဘယ်နေရာမှာတော့ တိုးတက်မှု အရင်တပတ်နဲ့စာရင် တိုးတက်မှုရှိလာတယ်။ ဘယ်ဟာကျတော့ဖြင့် ဘယ်လိုကျသွားတယ်။ 

★ ဘယ်ဟာတော့ဖြင့် အရင်အပတ်ရော အခုအပတ်ရော နားမလည်ဘူး။ ဘယ်ဟာကျတော့ဖြင့် အရင်အပတ်ရော အခုအပတ်ရော နားလည်မှုရှိတယ်။ အဲဒါမျိုးကို ကျောင်းသားကို ဆရာဆရာမတွေက ထောက်ပြတယ်။ ထောက်ပြပြီးတော့ လိုအပ်တဲ့အကူအညီတွေ ပေးတာပေါ့။ ဘယ်ခေါင်းစည်းကို ပြန်ပြီးတော့ သင်ပေးရမယ်၊ ဘယ်ခေါင်းစည်းကို ပြန်ပြီးတော့ ရှင်းပြရမယ်ဆိုတာ ဆရာတွေအနေနဲ့လည်း သိရမယ်။ အဲဒီဟာကိုပြောတာ။ 

★ ဒါဖြင့် ကျောင်းသားတွေက တစ်ယောက်နဲ့တစ်ယောက် ဘယ်သူ အမှတ်ဘယ်လောက်ရတယ်ဆိုတာ သူတို့မပြောပြရင် တခြားလူတွေ မသိဘူး။ ဒါဖြင့် အဲဒီနေရာမှာ ပြိုင်ဆိုင်မှုကို လျှော့ချတယ်။ ၂၀၁၅ခုနစ်က စပြီးတော့ စင်ကာပူနိုင်ငံကလည်းပဲ အဲဒီလမ်းကို လိုက်တယ်။ အတန်းထဲမှာ ဘယ်သူက အမှတ်ဘယ်လောက်ရတယ်ဆိုတာ တခြားလူ မသိရဘူး။ 

★ သိတယ်ဆိုရင် အမှတ်နည်းတဲ့သူကို တခြားကျောင်းသားတွေက အနိုင်ကျင့်ရင်ကျင့်မယ်၊ ကဲ့ရဲ့ရင် ကဲ့ရဲ့မယ်။ လှောင်ပြောင်မှုတွေ လုပ်ရင်လုပ်မယ်။ အမှတ်များတဲ့တစ်ယောက်ကိုလည်းပဲ မနာလိုဝန်တိုစိတ်တွေ ဖြစ်ရင်ဖြစ်မယ်။ အဲဒါကြောင့် အဲဒီဟာတွေ မဖြစ်အောင် အောင်မှတ်တွေ သီးသန့်စီပဲပေးတယ်။ 

★ နောက်တစ်ခုကတော့ ကျောင်းသွားတက်တဲ့အခါမှာ အဝတ်အစားတွေ မတူဘူးဆိုရင် ကလေးတွေက ပြိုင်ကြတယ်၊ မိဘတွေ ပြိုင်ကြတယ်။ အဝတ်အစားပြိုင်တဲ့အခါကျတော့ စိတ်က စာထဲသိပ်မရောက်ဘူး။ ပြီးရင် အုပ်စုဖွဲ့ပြီးတော့ အနိုင်ကျင့်ကြတာပေါ့။ သူများ ကိုယ့်အဝတ်အစားကို ဝေဖန်တယ်ဆိုရင် ဒေါသဖြစ်ပြီးတော့ မိတ်ဖွဲ့ပြီးရင် အဲဒီလူကို ပြန်ပြီးတော့ ရန်ရှာတယ်။ အဲဒီလိုပြဿနာတွေဖြစ်တယ်။

★ ဒါတွေက ပြိုင်ဆိုင်မှုကနေ ဖြစ်လာတဲ့ပြဿနာတွေ ဖြစ်တယ်။ ဒါ ဘာဖြစ်လို့တုန်းဆိုတော့ ရိုးရိုးကျင့် မြင့်မြင့်ကြံဆိုတဲ့ သွန်သင်ဆုံးမမှုကို ဘုန်းဘုန်းတို့တွေ နားမလည်ခဲ့လို့။ နားလည်အောင်လည်းပဲ ကလေးတွေကို မပြောလို့။ 

★ ရိုးရိုးကျင့်ဆိုတာတော့ လူတစ်ယောက်တစ်ယောက်မှာ သူလုပ်နိုင်တာ တစ်ယောက်စာပဲ လုပ်နိုင်တယ်။ စာကျက်တာလား၊ ကုမ္ပဏီမှာ အလုပ်လုပ်တာလား၊ ဝန်ကြီးဌာနမှာ အလုပ်လုပ်တာလား၊ ကုန်သည်လား။ လူတစ်ယောက်က သူ တစ်ယောက်စာပဲ လုပ်နိုင်တယ်။ 

★ ဒါပေမဲ့ ဘယ်နေရာမှာ ကွာသွားတုန်း၊ ၂၄နာရီပဲ အချိန်ရှိတာချင်း အတူတူပဲ၊ ဘယ်လိုလုပ်ပြီးတော့ ဘယ်နေရာကွာသွားတုန်းဆိုတော့ မြင့်မြင့်ကြံဆိုတဲ့နေရာမှာ ကွာသွားတယ်။ တချို့က မြင့်မြင့် မကြံဘူး။ သူတို့အတွက်ပဲ ကြံတာ။ သူတို့အတွက် တစ်ယောက်တည်းအတွက်ပဲကြံတယ်ဆိုရင်တော့ နိမ့်နိမ့်ပဲကြံတယ်။ 

★ အများအတွက်ပါ ကြံစည်တယ်၊ တွေးတောတယ်၊ ရည်ရွယ်ချက်ထားတယ်ဆိုရင်တော့ ဒါ မြင့်မြင့်ကြံတယ်။ အဲဒါတော့ ဘုရားအလောင်းတွေပေါ့။ ဘုရားအလောင်းကလည်းပဲ တစ်ဘဝ တစ်ဘဝမှာ သူက ပုံမှန်ပဲ ပါရမီဖြည့်သွားတာပဲ။ တချို့ဘဝတွေမှာ လုပ်ငန်းရှင်ဖြစ်တယ်၊ တချို့ ကုန်သည်ဖြစ်တယ်။ တချို့ဘဝမှာ ပညာရှိဖြစ်တယ်။ တချို့ဘဝမှာ စစ်သူကြီးဖြစ်တယ်။ တချို့ဘဝမှာ အမတ်ဖြစ်တယ်။ 

★ တချို့ဘဝမှာ ဘုရင်ဖြစ်တယ်။ ဘုရင်ဖြစ်တယ်ဆိုလည်း ဘုရင်တပါးလုပ်နိုင်တဲ့အလုပ် သူ့တိုင်းပြည်တစ်ပြည်စာ စောင့်ရှောက်တဲ့အလုပ် အဲဒါပဲ သူလုပ်နိုင်တယ်။ အမတ်ဆိုရင်လည်း ဘယ်တိုင်းပြည်ရဲ့အမတ်တုန်း၊ အဲဒီတိုင်းပြည် အဲဒီတိုင်းပြည်ရဲ့ဘုရင် အဲဒီနိုင်ငံကိုပဲ သူက အကြံဉာဏ်တွေပေးတာ။ အဲဒီအတွက်အလုပ်လုပ်တာ။ ပြောမယ်ဆိုရင် ရိုးရိုးကျင့်တာ။ တစ်ယောက်စာ တစ်ယောက်စာ။

★ အခု job description ခေါ်တာပေါ့၊ JD ခေါ်တာပေါ့ အဲဒီစကားနဲ့လုပ်တာ။ အဲဒီ job description အတိုင်းပဲ လုပ်ပေမယ့်၊ သူများနဲ့ ဘာကွာတာတုန်းဆို မြင့်မြင့်ကြံတဲ့အပိုင်းမှာ ကွာတယ်။ မြင့်မြင့်ကြံဆိုတာက အများအတွက်တွေးတာ။ 

★ ဥပမာ ကျောင်းသား ကျောင်းသူတွေအနေနဲ့ ရူပဗေဒခေါ်တဲ့ physics လေ့လာမယ်ဆိုရင် ဒီ physics က ဘယ်နေရာမှာ အသုံးကျတုံး။ engineering မှာရော သိပ္ပံတီထွင်မှုတွေမှာရော ကွန်ပျူတာတို့ chip တို့ mobile phone အထိ၊ အဲဒီအထိ အရေးပါတယ်။ 

★ အဲဒီအရေးပါတဲ့ဟာကို တို့နိုင်ငံ မတီထွင်နိုင်သေးဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ physics ရူပဗေဒကို တို့က ကျကျနန မသိသေးဘူး။ သိခဲ့ရင်လည်း သိတဲ့သူက တော်တော်ကိုရှားနေတယ်။ အများကြီး မသိသေးဘူး။ နောက် physics က သူ့မှာ အကိုင်းအခက်တွေ အစွယ်အပွားတွေ အများကြီးရှိတယ်။ branches တွေ အများကြီးရှိတယ်။ 

★ အဲဒီဟာတွေကို နားလည်ဖို့အတွက်ဆိုရင် ငါလည်း ကြိုးစားရမယ်။ အတန်းထဲမှာရှိတဲ့ ငါ့ရဲ့သူငယ်ချင်းတွေ အကုန်လုံးကလည်းပဲ ဒီဟာနဲ့ပတ်သက်ပြီး တော်ရမယ်။ သူတို့တွေ အကုန်လုံး ဒီဟာနဲ့ပတ်သက်ပြီး ကျွမ်းကျင်ရမယ်။ အဲဒီလို စိတ်ထားတယ်ဆိုရင် မြင့်မြင့်ကြံဖြစ်သွားတယ်။  

★ ကိုယ့်အတွက်ပဲ သိချင်တယ်၊ ကိုယ်သိတာ သူများ သိသွားမှာစိုးလို့၊ ကိုယ်လို အမှတ်များမှာစိုးလို့၊ ဒါမှမဟုတ် ကိုယ့်ထက် အမှတ်များမှာစိုးလို့ အဲဒီစိတ်နဲ့ ကြိုးစားတယ်ဆိုရင်တော့ မြင့်မြင့်ကြံရာ မရောက်ဘူး။ Phd ရချင်တယ်ဆိုပေမဲ့ အဲဒါမြင့်မြင့်ကြံတာမဟုတ်ဘူး၊ ကိုယ့်အတွက်ပဲ စဥ်းစားတာလေ။

★ အများရဲ့ဒုက္ခကို ဝိုင်းဝန်းဖြေရှင်းပေးချင်တဲ့ စိတ်ဓါတ်ရှိတဲ့အခါကျမှ မြင့်မြင့်ကြံတယ်။ ဒါဖြင့် ရူပဗေဒဆိုတဲ့ physics ကို သုတေသနလုပ်နိုင်အောင်၊ ကျွမ်းကျင်အောင်၊ တက္ကသိုလ်အဆင့်မှာတင် မကဘူး၊ ပါရဂဘွဲ့ Phd အဆင့်မှာတင် မကဘူး၊ BSc ကတည်းက၊ နောက်ပိုင်းကျတော့ BSc တင် မကဘူး၊ ၁၁တန်း ၁၂တန်းကတည်းက Lab တွေထဲမှာ ကျကျနန လုပ်နိုင်အောင် သုတေသန လုပ်နိုင်အောင်၊ lab တွေလည်း များများရှိအောင် အဲဒါတွေ ငါတို့က ဘာတွေ လုပ်ဖို့လိုမလဲ။

★ အဲဒီလို အများရဲ့ပြဿနာကို တွေးပြီးတော့ အများရဲ့ပြဿနာကို‌ဖြေရှင်းပေးချင်တဲ့စိတ်နဲ့ physics အခန်းထဲ ဝင်သွားရင် ဒီကလေးက motivation ကောင်းတယ်။ ကြိုးစားချင်တဲ့စိတ် အရမ်းရှိတယ်။ အဲဒါကြောင့် ပြိုင်ဆိုင်တဲ့ mood ကနေပြီးတော့ ကြိုးစားချင်အောင်လုပ်တာ၊ အဲဒီဟာက အရမ်းကို destructive ဖြစ်တယ်။ အရမ်းကို စိတ်ဓါတ်ပျက်စီးတယ်။ 

★ ကိုရင်လေးတွေပဲလုပ်လုပ်၊ သီလရှင်လေးတွေပဲ အဲဒီစိတ်ထားထား၊ ကျောင်းသားကျောင်းသူတွေပဲ အဲဒီစိတ်ထားထား ပျက်စီးမှာပဲ။ ပျက်စီးတာ ကိုယ်က မမြင်ဘူးလေ။ ဘေးပတ်ဝန်းကျင်နဲ့အတိုက်အခိုက်ဖြစ်တဲ့အခါကျမှ ဘာဖြစ်တာတုံး။ ဘာဖြစ်လို့ ဒီလို အလုပ်လုပ်တဲ့နေရာတိုင်းမှာ ကုမ္ပဏီတွေခဏခဏ ပြောင်းရတယ်။ 

★ ကိုယ်က ကုမ္ပဏီပိုင်ရှင်ဆိုရင်လည်းပဲ စိတ်ကမချမ်းသာဘူး၊ လူတွေခဏခဏ ထွက်သွားတယ်။ တခြားကုမ္ပဏီတွေနဲ့လည်း အဆင်မပြေဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ ပြိုင်ဆိုင်တဲ့စိတ်က များနေတာ။ သူ့ထက် ငါ ပိုက်ဆံရှိအောင် ကြိုးစားမယ်ဆိုတဲ့စိတ်က ကောင်းတဲ့စိတ်မဟုတ်ဘူး၊ အဲဒီပြိုင်ဆိုင်တဲ့စိတ်က ကောင်းတဲ့စိတ်မဟုတ်ဘူး။ 

★ တို့တိုင်းပြည်မှာ တို့ကျပ်ငွေက တန်ဖိုးတွေ ကျနေတယ်။ တန်ဖိုးတွေမြင့်သွားအောင် ငါ အလုပ်ကြိုးစားမယ်။ ငါ ဒီထက်ပိုပြီးတော့ အောင်မြင်မှ၊ နောက်ပြီးတော့ တခြားကုမ္ပဏီတွေလည်း ဒီထက်ပိုပြီးတော့ အောင်မြင်မှာ။ ဒီလိုစိတ်ထားမှ မြင့်မြတ်တဲစိတ်ထားဖြစ်တာ။ ကောင်းတဲ့စိတ်ထားဖြစ်တာ။ ပိုက်ဆံရှာရင်းနဲ့ သူက ကုသိုလ်ဖြစ်နေတာ။ 

★ ရှာသမျှ သူက လောဘမဖြစ်ဘူး။ လာဘပဲ ဖြစ်တာ။ လာဘ ဆိုတာ income ပေ့ါ၊ income ပဲဖြစ်တယ်။ ဒါဖြင့် တို့နိုင်ငံက ပညာရေး ကျန်းမာရေး လူမူရေး အဲဒီပြဿနာတွေ အများကြီးရှိတယ်။ အဲဒီပြဿနာတွေ ဖြေရှင်းတဲ့နေရာမှာ ငါ အဖြေထဲမှာ ပါချင်တယ်။ အဖြေထဲမှာ ပါနိုင်အောင် ငါ ကြိုးစားမယ်။ 

★ အဲဒီလိုလုပ်ပြီးတော့ ကျောင်းသားဆိုရင်လည်း ကျောင်းသား သူ အတန်းအလိုက် စားကြိုးစားတယ်။ လုပ်ငန်းရှင်ဆိုလည်း လုပ်ငန်းရှင်၊ သူနည်းလမ်းတွေ ရှာပြီးတော့ ပိုပြီးတော့ အောင်မြင်အောင် လုပ်တယ်ဆိုရင် အဲဒီလုပ်ငန်းရှင်က စီးပွားရေးအလုပ်လုပ်နေရင်းနဲ့ စီးပွားရေး အရမ်းအောင်မြင်အောင် လုပ်နေရင်းနဲ့ ကုသိုလ်တွေဖြစ်နေတာ။ 

★ ဒါ မလှူရသေးဘူး၊ မတန်းရသေးဘူး၊ ပုံမှန်ပဲ အခွန်တွေဆောင်၊ အလုပ်တွေကြိုးစား ဒီထက်ပိုပြီးတော့ ပိုက်ဆံများများဝင်လာအောင်ကြိုးစား။ ဝင်လာတဲ့ဟာ သူက မှန်မှန်ကန်ကန် အခွန်ဆောင်တယ်ဆိုရင် ဒီလုပ်ငန်းရှင်က နိဗ္ဗာန်နဲ့ တဖြေးဖြေး နီးသွားမှာ။ 

★ နောက်ပြီးတော့ တိုင်းပြည်ကို တည်ဆောက်တဲ့နေရာမှာ သူကပါတယ်။ သူ့ကုမ္ပဏီအလုပ်ပဲ သူလုပ်နေတာနော်၊ ဒါပေမဲ့ တိုင်းပြည်တည်ဆောက်တဲ့နေရာမှာ သူပါနေတယ်။ ဘာလို့ပါတုံး။ နံပါတ်တစ် negative ဖြစ်တဲ့ environment, negative ဖြစ်တဲ့ အသိုင်းအဝိုင်းကို မဖန်တီးဘူး။ ပြိုင်ဆိုင်မှုတွေ မဖန်တီးဘူး။ 

★ ပြိုင်ဆိုင်မှုအစား မုဒိတာနဲ့ ငါလည်း ဒီထက်ပိုအောင်မြင်ရမယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ဒီပြဿနာတွေ ဝိုင်းဝန်းဖြေရှင်းပေးချင်တယ်။ ကိုယ်အောင်မြင်တာကိုလည်း ကိုယ့်ဟာကိုယ် အသိအမှတ်ပြုတယ်။ တခြားလူတွေကိုလည်း အောင်မြင်စေချင်တယ်။ သူတို့အောင်မြင်တာကို အသိအမှတ်ပြုတယ်။ ဒါ မုဒိတာစိတ်ပဲ။ ကြိုးစားတဲ့စိတ်။ 

★ အဲဒါကြောင့်မို့လို့ ရိုးရိုးကျင့် မြင့်မြင့်ကြံ ဆိုတဲ့ဟာက မပြိုင်ဆိုင်နဲ့လို့ ပြောတာ။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်

ပါမောက္ခ ‌ဒေါက်တာအရှင်ဓမ္မသာမိ

🙏🙏🙏

(၂၈.၈.၂၀၂၆) ဝါခေါင်လပြည့်နေ့ မေတ္တာ အခါတော်နေ့ ဓမ္မလက်ဆောင် အဖြစ် ဟောကြားတော်မူခဲ့သော တရားတော် မှ စာစီပူဇော်ပါသည်။