မေး။ ။
★ လူတိုင်းကို မုဒိတာပေးမယ်ဆိုရင် ဒီမုဒိတာကဘယ်လိုအကျိုးရမလဲ။ ပြီးကျရင် တစ်ဖက်သားမှာရော ဘယ်လိုခံစားမှု ဖြစ်နိုင်လဲ အဲဒါလေးကို သိချင်ပါတယ် ဘုရား။
ဖြေ။ ။
★ ပထမဆုံးမုဒိတာပွားရင် ကိုယ့်ကိုယ်ကိုယ်ကတော့ အခက်အခဲနဲ့တွေ့တဲ့အခါမှာ စိတ်ဓါတ်မကျတာပဲ။ ဒါ ပထမဆုံး။ တချို့ တိပိဋကတ်ပြန်တဲ့ဆရာတော်တွေလေ နှစ်ပုံအောင်ပြီးမှ လက်လျှော့တယ်၊ တချို့က တစ်ပုံခွဲအောင်ပြီးမှ လက်လျှော့တယ်။ တချို့က တစ်ပုံနဲ့ လက်လျှော့တယ်။ တချို့က တစ်ပုံရဲ့တစ်ဝက်လောက်နဲ့ လက်လျှော့တယ်။ အဲဒီလို မုဒိတာမလုပ်နိုင်လို့ လက်လျှော့တာတွေ အများကြီးရှိတယ်။ အဲဒါ တစ်ခု။
★ မုဒိတာ မလုပ်ဘူးဆိုရင် ငယ်ငယ်တည်းက သင်ပေးတာ မရှိလို့။ ကိုယ်ကလည်း လုပ်ရမှန်း မသိဘူး။ နောက်တစ်ခုကတော့ စောစောပိုင်းကပြထားတဲ့ ဗီဒီယို မှာ သိပ္ပံပညာရှင်တွေ ပြောတာ သူက ကျန်းမာရေးကောင်းတာတဲ့။ Inflammation marker ဆိုတာရှိတယ်။ ဆရာဝန်တွေ ပြောတဲ့စကားပေါ့၊ သွေးကိုစစ်ကြည့်တဲ့အခါမှာ၊ အဲဒီလက္ခဏာလေး၊ ရောဂါဖြစ်တဲ့လက္ခဏာ၊ အဲဒီလက္ခဏာ ကျသွားတာတဲ့။
★ မုဒိတာလုပ်တဲ့အခါမှာ စိတ်တည်ငြိမ်တယ်။ ငါလည်း ဒါတွေ ကြိုးစားခဲ့တာပဲ။ ဒါတွေ လုပ်နိုင်ခဲ့တာပဲ ဆိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်။ တချို့က မခံချင်တဲ့စိတ်နဲ့ ယုံကြည်မှု တည်ဆောက်တာ အဲဒီဟာက အန္တရာယ်ကြီးတယ်။ ဘေးထွက်ဆိုးကျိုးတွေများတယ်။ ဒီမုဒိတာက ဘေးထွက်ဆိုးကျိုးမရှိဘူး။
★ အထူးသဖြင့် ကိုယ် မသိတဲ့လူအထိ ကိုယ် မုဒိတာပွားတယ်ဆိုရင်၊ ဘုန်းဘုန်းတို့အနေနဲ့ ဆွမ်းခံသွားတယ်ဆိုရင် ကိုယ့်ကို ဆွမ်းလောင်းတဲ့ဒကာလောက်ပဲ ကိုယ်က သိတာလေ။ အဲဒီ ဆွမ်းလောင်းတဲ့ဒကာကို ပြုစုပျိုးထောင်ပေးတဲ့ သူ့ရဲ့မိဘတွေ၊ ဆရာသမားတွေ ကိုယ်မသိဘူး။ အဲဒီဆွမ်းဖြစ်ဖို့ စပါးစိုက်တဲ့လူ ကိုယ်မသိဘူး။
★ စောစောစီးစီး ဆွမ်းချက်နိုင်အောင် လျှပ်စစ်မီးတွေ အဆင်ပြေအောင် လုပ်ပေးတာ ကိုယ် မသိဘူး။ လျှပ်စစ်မီး မလာတဲ့အခါပဲ ကိုယ်က စိတ်ညစ်တာ၊ ကွန်ပလိန်းလုပ်တာ၊ ဆဲတာ ဆိုတာလေ။ အမှန်ကတော့ ဒီဟာကြီး တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံးဖြစ်အောင် လုပ်ဖို့ဆိုတာ နိုင်ငံတိုင်းက စိန်ခေါ်မှု ရှိပါတယ်။ အဲဒီဟာလေးတွေကို အသိအမှတ်ပြုရင်တော့ မုဒိတာဖြစ်သွားတာ။
(နောက်ထပ်မေးခွန်းတစ်ခုက ဘုန်းဘုန်း ဒီမုဒိတာတရားနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာမှာ သာသနာပြုတယ်ဆိုရင် အဲဒီနိုင်ငံခြားတွေကို ဘယ်လိုစိတ်ဓါတ်မျိုးနဲ့ တပည့်တော်တို့ traditional culture နဲ့ သူတို့ traditional culture က ကွာခြားတယ်လေ။)
★ သူတို့ကတော့ အထူးသဖြင့် နိုင်ငံခြားမှာ self-critical အရမ်းဖြစ်တယ်။ သူတို့ကိုယ်သူတို့ အရမ်းဝေဖန်တယ်။ ဝေဖန်တဲ့အခါကျတော့ မုဒိတာ အရမ်းခက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မုဒိတာ ပြန်လုပ်မယ်ဆိုတဲ့အခါကျတော့ ဒီဟာကြီးက မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် မုဒိတာ မလုပ်ရဘူး၊ သူများကို မုဒိတာလုပ်ရင်လုပ်ရမယ်ဆိုပြီးတာ့ သူတို့က အဲဒီလိုထင်တာ။ ဒါ သီအိုရီအရ အဲဒီလို ယူဆထားတာပေါ့။
★ ကိုယ့်အပေါ်တောင် မုဒိတာ မလုပ်နိုင်ဘူးဆိုတော့ သူများကို မုဒိတာလုပ်တာ သူက တာရှည်မခံဘူး။ တခါတခါကျတာ့ မုဒိတာ အစား လောကွတ်ဖြစ်နေတာ။ တခါတခါကျတော့ ကြောက်လို့ မုဒိတာလုပ်နေတာ။ စေတနာ မမှန်ဘူး။
★ အဲဒါကြောင့်မို့လို့ မုဒိတာကို မေတ္တာလိုပဲ ပွားတယ်ဆိုရင် ဘာဝနာစိတ်ဝင်စားတဲ့လူအနေနဲ့ သမထဘက် သွားချင်လား၊ ဝိပဿနာသွားချင်လား သူကရတယ်။ ဝိပဿနာ သွားချင်တဲ့ လူအနေနဲ့ဆိုရင်တော့ မုဒိတာပွားနေတဲ့စိတ်ကို ပြန်ပြီးတော့မြင်၊ မဟုတ်ရင်လည်း မုဒိတာပွားတဲ့အခါမှာ အထစ်အငေါ့တွေ ရှိတဲ့အခါမှာ အဲဒီ reaction တွေ အဲဒီ စိတ်လေးတွေ မြင်တယ်ဆိုရင် ဒါ စိတ္တာနုပဿနာထဲ ဝင်သွားတာပေါ့။
★ နောက်ပိုင်းကျတော့ မုဒိတာကို တရားစခန်းအနေနဲ့ ဘုန်းဘုန်းက လုပ်ပါတယ်။ ၃ရက်၊ ၅ရက်၊ ၇ရက်၊ ၁၀ရက် အဲဒီလိုလုပ်တယ်။ ဒီ ၁၀ရက်လောက်လုပ်တဲ့လူတွေ တချို့လူဆိုရင်လေ မုဒိတာ အကြိမ်ကြိမ် တစ်ယောက်ပြီးတစ်ယောက် တစ်အုပ်စုပြီးတစ်အုပ်စုပွားတာ။
★ နောက်ပိုင်းကျတော့ အဲဒီအုပ်စုတွေက အရေးမကြီးတော့ဘူး၊ မုဒိတာခံစားချက် အဲဒီတစ်ခုပဲကျန်တော့တယ်။ အဲဒီတစ်ခုပဲ ကျန်တော့တယ်ဆိုရင် ရှေ့စိတ်ကို နောက်စိတ် ပြန်ကြည့်နိုင်တဲ့အခါမှာ အဲဒီယောဂီက ဝိပဿနာဝင်ဖို့အတွက် သူက အဆင်သင့်ဖြစ်နေတာပေါ့။ ဒါတော့ ရှေ့ဆက်သွားချင်တဲ့ လူတွေအတွက် ပြောတာပါ။
ကဲ ၁၁ နာရီထိုးတော့မယ်၊ ဒီလောက်ဆို အဆင်ပြေပြီထင်တယ်နော်။
★ ရေစက်ချကြမယ်နော်။ ပထမဆုံး အဓိဋ္ဌာန်ပြုကြမယ်။ အရှင်နုရုဒ္ဓါ မုဒိတာ လုပ်ပြီးတော့ သူ ဆုတောင်းတဲ့ ပုံစံမျိုး၊ ဆင်းရဲမှု ဘယ်ဘဝမှ မကြုံပါရစေနဲ့၊ မရှိဆိုတဲ့စကား မကြားပါရစေနဲ့။ တရားထူး တရားမြတ်များနဲ့ သိစရာတွေကို လွယ်လွယ်ကူကူ သိပါရစေ အဲဒီလို ဆုတောင်းရအောင်။ လိုက်ဆိုကြပါ။
အရှင်ဘုရား ဘုရားတပည့်တော်တို့သည် မုဒိတာ အကြောင်းပြု၍ ပြုပြုသမျှ ဆည်းပူးသမျှ ကုသိုလ်ကောင်းမှုကြောင့် ယခုချိန်မှစ၍ နိဗ္ဗာန်ရောက်ရသည့်ဘဝတိုင်အောင် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံ နေရပါလို၏။ ဆင်းရဲမှုမှန်သမျှ ကင်းဝေးပါရစေ။ မရှိဟူသောစကား မကြားပါရစေနဲ့။ သိစရာမှန်သမျှ တရားထူးတရားမြတ် လွယ်လွယ်ကူကူ ရရှိပါစေ။ သိရှိပါစေ။ ဘေးကင်းရန်ကွာ ကျန်းမာချမ်းသာကြပါစေ။ ကပ်ကြီးသုံးပါး ကျော်လွှားနိုင်ကြပါစေ။ ကိုယ်တွင်းကိုယ်ပ အိမ်တွင်းအိမ်ပ ကျောင်းတွင်းကျောင်းပ ပြည်တွင်းပြည်ပ သာသနာပြုနိုင်ပါစေ။
ဤကုသိုလ်ကောင်းမှု၏ အဖို့ဘာဂကို ယခုဘဝ ရှေးရှေးဘဝ တော်စပ်ကြသော အမိအဖ အဘိုးအဘွား ဆရာသမား ဆွေးမျိုးညာတကာ အစထား၍လည်းကောင်း၊ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ ကျောင်းစောင့်နတ်၊ မန္တလေးမြို့စောင့်နတ်၊ မန္တလေးတောင်၊ ရန်ကင်းတောင်စောင့်နတ် အစထား၍လည်းကောင်း၊ ၃၁ဘုံ ကျင်လည်ကြကုန်သော ဝေနေယျ သတ္တဝါအပေါင်းတို့အား အမျှ အမျှ ပေးဝေငှပါ၏။ အထူးအားဖြင့် မြေငလျင်၌ ဘဝတပါးသို့ ပြောင်းသွားကြကုန်သော ပုဂ္ဂိုလ်အပေါင်းတို့အား အမျှဝေသံကို စောင့်ဆိုင်းနေကြကုန်သော မကျွတ်မလွတ်ကုန်သေးသော ပုဂ္ဂိုလ်အပေါင်းတို့အား အမျှ အမျှ ပေးဝေငှပါ၏။ အမျှ အမျှ ပေးဝေငှပါ၏။ အမျှရ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ရှိကြပါစေသော်။
ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့…
သာဓု… သာဓု… သာဓု။
ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့…
သာဓု… သာဓု… သာဓု။
ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့…
သာဓု… သာဓု… သာဓု။
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု။ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု။ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု။
သာဓု၊ သာဓု၊ သာဓု။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏
(၁၂.၁၁.၂၀၂၅) မန္တလာတက္ကသိုလ်တွင် ဟောကြားတော်မူခဲ့သော “Fixed Mindset ကို မုဒိတာဖြင့်ကျော်လွှားနိုင်ရေး” ပထမပိုင်း တရားတော် မှ စာစီပူဇော်ပါသည်။
